jeudi 5 mai 2016

** တောင်တက်ရသ * **

ခရီးမှတ်တမ်းပုံရိပ်များ
တောင်တက်ရသ


** * တောင်တက်ရသ * ** * ခရီးမှတ်တမ်းပုံရိပ်များ ** *
Mont Rond, Un Sommet du Massif du Jura, France (၂၀၁၆ ခုနှစ် လေးလပိုင်း)
** * ခရီးသွားခြင်းအနုပညာ * ** * ပြင်သစ်တခွင်ဆီသို့ ** *
** ဂျူရာတောင်တန်းမှ ဂျီနဲ့ဗ် သို့မဟုတ် ဂျီနီဗာသို့ **
 (ဖိုတိုစတိုရီ ဘိုင် ဗွိုင်ယဂျာ မရငတ) ၀၉၀၄၂၀၁၆

 တောင်တက်ရသ

Mont Rond, Un Sommet du Massif du Jura, France.             (ဓါတ်ပုံ မရငတ)

ဆယ့်လေးငါးနှစ် အတွင်းမှာ ကိုယ့်ခြေထောက် ကိုယ်သုံးပြီး တက်ဖြစ်ခဲ့တဲ့ အမြင်ဆုံးတောင်ထွဋ်ပါ၊

တောင်ထိပ်က ဆိုင်းဘုတ်မှတ်တမ်းအရ ၁၅၃၃ မီတာမင့်ပါတယ်၊ ပြင်သစ်ဝီကီမှာတော့ ၁၅၉၆ မီတာ လို့  ဆိုပါတယ်၊ 

အဲဒီမှာမှ Montrond တောင်က Petit Montrond နဲ့ Grand Montrond တောင်အကြီး အသေး နှစ်လုံး ရှိတယ်လို့ ဆိုပြန်ပါတယ်၊ 

Grand Montrond တောင်ကြီးရဲ့အမြင့်က ၁၆၁၄ မီတာ Petit Montrond တောင်သေးက ၁၅၃၄ မီတာ ဆိုလာပြန်တော့ မောင်ရင်ငတေတို့ ရောက်ခဲ့တာက တောင်သေးသာဖြစ်ဖို့ များပါတယ်၊ 

ကပ်လျှက် တည်ရှိကြတဲ့ တောင်နှစ်လုံးမို့လို့ နာမည်ဆင်တူပေး မှည့်ခေါ်ကြတာ နေမှာပါ၊ 

Grand Montrond တောင်ကြီးဘက်ကတော့ အဆင်းအတက် အန္တရာယ် ရှိလို့ထင်ပါရဲ့ အများသူငှာ အတွက် တောင်အတက်လမ်း မရှိပါဘူး၊

Mont Rond, Un Sommet du Massif du Jura, France.             (ဓါတ်ပုံ မရငတ)

တောင် အမြင့်က မီတာ တထောင့်ငါးရာကျော် ဆိုပေမယ့် မောင်ရင်ငတေတို့ တကယ် စတက်ခဲ့တဲ့ လယ်ဗယ်က ဇီးရိုးမီတာ လယ်ဗယ်ကနေ မဟုတ်ပါဘူး၊ 

အဲဒီ တောင်ခြေလို့ ပြောရမယ့် နေရာတွေ တောင်ကြား မြေပြန့်တွေ နေရာအားလုံးလိုလိုက မီတာ ကိုးရာတထောင်ကျော်မြင့်တဲ့ နေရာတွေပါ၊ 

တကယ်ကတော့ မီတာ သုံးရာကျော်လေးရာ အမြင့်ကိုသာ တက်ခဲ့ရတယ် ထင်ပါတယ်၊ အလွန်ဆုံး မီတာ ငါးရာ လောက်သာပါ၊ တောင်တက်ချိန်ကလည်း သိပ်မကြာပါဘူး၊ တနာရီကျော်ခန့် မျှသာပါ၊

မီတာ လေးငါးရာဆိုတာ ပါရီဇီယမ်သား မောင်ရင်ငတေအတွက် ဘာမှ မဟုတ်ပါဘူး၊ အိမ်ကနေပြီးမထရိုဘူတာလောက်သာ ဝေးတာပါ၊  

ပါရီရဲ့မြေအောက်လှေကားတွေကို တော်ရုံတန်ရုံ ပြေးတက် ပြေးဆင်းနိုင်မြဲ ဖြစ်သလို ပါရီ မြို့တပတ် လိုက်ပို့ပေးခဲ့ရရင်လည်း လာလည်ကြသူများသာ ခြေကုန် လက်ပန်းကျသွားတတ်ပေမယ့် မောင်ရင်ငတေ့ အတွက်ကတော့ သာမန်သာပါ၊  

တော်ရုံတန်ရုံ လေး ငါး ကီလိုမီတာလောက်ကတော့ မောင်ရင်ငတေ လျှောက်နေကြလို့ ဆိုရပါမယ်၊ မမှုလောက်ပါဘူး၊


Mont Rond, တောင်အတက်လမ်း ပထမအဆင့်              (ဓါတ်ပုံ မရငတ)


အခုကတော့ တောင်တက်ခြင်းပါ၊ တောင်တက်ခြင်းဆိုတာက သာမန် လမ်းလျှောက်သလိုမျိုးတော့ မဟုတ်ပေဘူးဆိုတာ သိထားပါရဲ့၊ အရင်ခပ်ငယ်ငယ်တုန်းကတော့ တောင်သေးသေးတွေကိုလည်း မကြာခဏ ဆိုသလို တက်ခဲ့ဖူးပါတယ်၊ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ၊ တောင်ကြီးကြီးသေးသေးပါ၊ 

အဲ ဒီလိုမျိုး မခံစားခဲ့ရတာ၊ အခုတော့ မောတယ်၊ အသည်းထဲ နှလုံးသားထဲက မောတယ်၊ တသက်လုံး
သောက်ခဲ့ စားခဲ့ မျိုခဲ့တာတွေက မောစေပါတယ်၊ တကယ်မောခဲ့ပါတယ်၊

မောတာမှ တော်တော့ကို မောခဲ့တဲ့ အမောပါ၊ ဒါပေမယ့် မောခဲ့တဲ့ အမောက တောင်ထိပ်ရောက်တာနဲ့ ပြီးဆုံးသွားပါတယ်၊

တောင်တက်ဖို့ ရည်ရွယ်ချက် ရှိခဲ့ပေမယ့် အဲဒီနေ့က မောင်ရင်ငတေ့ ထုံးစံအတိုင်း ဘာတခုမှကြိုပြီး ပြင်ဆင် ထားခဲ့တာ မရှိ၊ ညကလည်း ထုံးစံအတိုင်း တော်ကီ ပွားပြီး ညနက်ခဲ့၊ 

သူများတွေ အသီးသီး အိပ်တန်းတက်သွားကြတော့လည်း မောင်ရင်ငတေက ကွန်ပြူတာရှေ့ ငုတ်တုတ် ထိုင်ပြီး နေခဲ့တာ၊ မနက်ကြီးကျတော့လည်း အစောကြီးနိုးနေ၊ ပြန်အိပ်မရဖြစ်၊ 

အားလုံးနိုးလာတော့ အချိန်ရတုန်းလေး တနေရာရာကိုရောက်အောင် သွားကြမယ်သွားကြမယ်ဆိုပြီး တက်သုတ် ရိုက်လို့ သွားကြရပြန်ရော၊

တည်းခိုရာ ပြန်ရောက်ပြန်တော့ နေမွန်းတည့်ကျော် ဗိုက်ဆာလာကြပြန်တော့ စားကြရပြန် ပါတယ်၊  

စားအပြီး ဗိုက်လေးလေးမှာ ခါတိုင်းဆို ထမင်းလုံးလေး စီနေကျက အိမ်ရှင်ဖြစ်သူ လိုက်ပို့မယ့်သူက  
တာင်တက်မယ် ဆိုရင် အချိန်မရှိဘူး သွားကြရအောင်လို့ လောဆော်လို့ လာခဲ့ပြန်တော့ သွားကြရ
ပန်ပါတယ်၊

 တောင်မတက်ခင် မနက်ခင်းက အဲသလို အခြေအနေပါ၊

Mont Rond, ပထမဆင့် အလွန်                   (ဓါတ်ပုံ မရငတ)

အဲဒီလို ဘာတခုမှ ပြင်ပြင်ဆင်ဆင် မရှိခဲ့ပါတဲ့ မောင်ရင်ငတေ ငါးဆယ့်နှစ်နှစ်သားဟာ ဆယ့်ငါးနှစ် လုံးလုံး 
ကျန်းမာရေး လေ့ကျင့်ခဏ်း ဘာတခုမှ မှန်မှန် မလုပ်ခဲ့ဖူးပါဘဲ မီတာ တထောင့်ငါးရာကျော် တောင်ထိပ်ကို အပြေး အလွှား တက်ဖြစ်တာပါ၊ တောင်ထိပ်ကိုတော့ အမှန်အကန်ရောက်ခဲ့ပါတယ်၊

Mont Rond, ပထမဆင့် အလွန်မှ လာရာလမ်းသို့ ပြန်အကြည့်               (ဓါတ်ပုံ မရငတ)


စ စ တက်ခြင်းမှာတော့ တော်တော်အမောဖောက်ပါတယ်၊ ချောင်းတွေဆိုး မျက်ရည်တွေပါ ထွက်ပါတယ်၊ 

ပထမအဆင့် ရေခဲတွေ ကျန်နေသေးတဲ့ နေရာရောက်တော့ ခဏထိုင်နားရပါတယ်၊ 

အဲဒီချိန် သုံးလေးမိနစ်က အတော်ကို တန်ဖိုးရှိလှပါတယ်၊ အမောဖောက်တာလည်း အတော်လေး ငြိမ်သွား ပါတယ်၊ နှလုံးတွေ တဒိုင်းဒိုင်းနဲ့ ခုန်နေတာကလည်း ပုံမှန်နီးပါး ပြန်ဖြစ်သွားပါတယ်၊ 

တောင်ထိပ်ပေါ်ဆီသို့ မရောက်သေးသော်လည်း တောင်အောက်ပြန်မြင်ရတာလေးက အရသာရှိတော့
တာင်ထိပ် ဆက်တက်ဖို့ကို တွန်းအားတွေ ပေးနေပါပြီ၊ 

အဲဒါကြောင့် ရှိသမျှကျန်သမျှ ခွန်အားတွေကိုစုစည်းလို့ တောင်ထိပ်ရောက်အောင် ဆက်တက်ဖို့ပင်မိ ပါတယ်၊

မာင်ရင်ငတေထက် အစိတ်သားလောက် နုပျိုကြတဲ့သူတွေကတော့ ရှေ့ကနေ ဦးဆောင် တက်နေကြ တာပေါ့၊ 

ကိုယ်ကတော့ ကိုယ့်စိတ်ကိုယ် ထိမ်းရင်း ပတ်ဝန်းကျင်ရဲ့အလှနဲ့ တိုင်ပင်ကိုက်လို့ ခံစားရင်း ခပ်မှန်မှန် 
လးသာလျှာက်ရင်း ဆက်လက်ပြီး တက်လာခဲ့တာမှာ တော်တော်လေးကို ဟုတ်လို့လာပါပြီ၊  
ခရီးရောက်လို့လာပါပြီ၊


Mont Rond, ပထမဆင့် အလွန်မှ လာရာလမ်းသို့ ပြန်အကြည့်               (ဓါတ်ပုံ မရငတ)

နောက်တဆင့်ရောက်လို့ ခဏထိုင်နားကြပါတယ်၊ အမောဆို့တာမျိုးတော့ သိပ်မခံစား ရတော့ပါဘူး၊
ချွးလည်းပြန်စ ပြုလာပါပြီ၊ 

ပတ်ဝန်းကျင်အလှကိုလည်း ပိုခံစားနိုင်လာပါပြီ၊ တက်လာခဲ့ရာလမ်းကို ပြန်ကြည့်တော့ အတော်ဝေးဝေးက
 တောင်ခြေရင်းကို မြင်တွေ့ရလို့ ကျေနပ်စိတ်တွေ ပိုဖြစ်ပေါ်လာ ပါတယ်၊

တောင်ထိပ်ဘက် မျှော်ကြည့်လိုက်ပြန်တော့ တဝက် နီးပါးလောက် ကျန်နေသေးတာ တွေ့ ရပါတယ်၊ အတူ လာခဲ့သူတွေကတော့ ဆက်တက်နေပါပြီ၊ 

အဲဒီ တောင်တက်နေတဲ့ အချိန်မှာ နေက တဝက်ပူ တဝက်အေးလို့ ပြောရမှာပါ၊ တောင်ထိပ်ဘက်ကို ကြည့်လိုက်ရင် မိုးသားတွေက အုံ့ဆိုင်း နေသလို တောင်အောက်ဘက် ချိုင့်ဝှမ်းဘက်  မျှော်ကြည့်လိုက် 
ပြန်တော့ နေရောင်ကို တွေ့နေရပါ တယ်၊ 

တဆင့်တက်သွားပြီး ပြန်သတိထား ကြည့်လိုက်ပြန်တော့ တောင်အပေါ်ကော အောက်မှာပါ
 နေအလင်းရောင်ကို သိပ်မတွေ့ရတော့ ပြန်ပါဘူး၊ 

အမှောင်ထုကြားက အလင်းက ရေခဲပြင်တွေပေါ် ရောင်ပြန်ထ ရောယှက်လို့နေတာ တွေ့ရပါတယ်၊ 

အအေးဓါတ်ကဲတဲ့ တောင်ပေါ်ဒေသတွေရဲ့ နေနဲ့ ရာသီ အလင်းအမှောင်က အဲဒီလိုမျိုးသာပါ၊   
ခဏတွင်းချင်း ပြောင်းလဲတတ်ပါတယ်၊


Mont Rond, ပထမဆင့် အလွန်                                               (ဓါတ်ပုံ မရငတ)

ခဏနားပြီး အမော အနည်းငယ်ပြေတာနဲ့ ရှေ့ရောက်နေသူတွေနောက်ကို အမှီလိုက်ရ ပြန်ပါတယ်၊
သူတို့တွေရဲ့အသက် နောက်နှပြန်ဆိုရင် ကိုယ့်လို မဖြစ်ပါစေနဲ့လို့ အတွေးဝင်လာမိပါတယ်၊

 နောက် အကွေ့လေး တကွေ့ကွေ့ပြီး မော့တက်လိုက်တာနဲ့ တောင်ထိပ်သင်္ကေတဖြစ်တဲ့ ရေဒီယို တာဝါတိုင် ကြီးကို ထင်ထင်ရှားရှား လှမ်းမြင်တွေ့လိုက်ပါတယ်၊ 

အဲဒီမှာ မောလာတဲ့ အမောတွေ သိသိသာသာ တဝက်မက လျော့ကျသွားပါတယ်၊ တောင်ထိပ်
 ရောက်တော့မည်ပေါ့၊ 

အမြင်ကနီးနေပြီ ဖြစ်ပေမယ့် ဤခရီးကတော့ မနီးသေးပါဘူး ပြောရပါမယ်၊ ဆက်လျှောက်ရဦးမှာက တပြနှစ်ပြသုံးလေးပြမကပါ၊

 ဘောလုံးကွင်း တပတ်စာထက်မက ကျော်တောင်ကျော် နိုင်ပါသေးတယ်၊ ခုမှ ဘာပြောလို့ ရပါ့မလဲ၊ အားတင်းလို့ ရှေ့သို့ဆက်ချီရန်သာ ရှိတော့တာပေါ့၊ အဲဒါနဲ့ ခပ်ဖြည်းဖြည်း ဆက်တက်ပါတယ်၊

သိပ်မကြာပါဘူး၊ တောင်ထိပ်ဆီသို့ ရောက်ရှိလာပါပြီ၊ တောင်ထိပ်မှာတော့ မောင်ရင်ငတေတို့ ငါးဦး ကလွဲလို တခြားသူ တဦးတယောက်ကိုမှ မတွေ့ရှိရပါဘူး၊ 

စကီးစီးရာသီမှာ ပိုက်ဆံပေးပြီးတက်ရတဲ့ Télécombi (Hybrid Lift) ကလည်း ရာသီကုန်လို့ ပစ္စည်းတွေ ဖြုတ်သိမ်းထားပြီးပါပြီ၊ တောင်ပေါ် စားသောက်ဆိုင်ကလည်း လူအလာကျဲပါးလို့ ပိတ်ထားတဲ့ ရာသီပါ၊ 

အဲဒါကြောင့် လူရိပ်လူခြေဆိုလို့ တကောင်တမြီးမှ မတွေ့မြင်ပါဘူး၊ လေတိုးသံကလွဲလို့ ဘာလ်ာစပီကာသံ မှလည်း မကြားရပါဘူး၊

Mont Rond, လွမ်းမောစရာ တောင်ထိပ်ပေါ်မှာ                                      (Photo Bo Layz)

အဲဒီတော့ မောင်ရင်ငတေလည်း မောလာတဲ့အမောကို မေ့ပစ်လိုက်ပြီး တောင်ထိပ် ရောက်တုန်းမှာ  တဒင်္ဂ
လောက်တော့ စိတ်လက်လွှတ် ပေါ့ပါးစွာနဲ့နေလိုက်မယ်လို့ အတွေးတွေးရင်း ဂျောက်ကမ်းပါး ထိပ်မှာ
 ခြေပစ် လက်ပစ် လှဲချလို့ တခဏတာ ငြိမ်သက်နေလိုက်ပါတယ်၊ 

အဲဒီ တခဏ တခဏလေး ငြိမ်ငြိမ်နေလို့ ငေးမောတဲ့အကျင့်က အကျင့်ပါနေလို့လား မသိပါဘူး၊ တခဏ အတွင်းမှာ အတော်ကို စိတ်လက်ပေါ့ပါးလာစေပါတယ်၊

မောင်ရင်ငတေ အဲလို နေရာမျိုးရောက်ရင် လုပ်ဖြစ်နေကျ အလုပ်တခုပါ၊ အကျင့်ပါ နေပါပြီ၊ 

စိတ်ကို ငြိမ်သက်စွာ ထားပြီး ပတ်ဝန်းကျင်ကို တမေ့တမော ကြည့်ပစ်လိုက်ခြင်းပါ၊ 

အဲဒီ ဂျောက်ကမ်းပါးကြီး ဘယ်လောက် မတ်စောက်တယ် မမတ်စောက်တယ် အန္တရာယ်ရှိတယ် ဆိုတာ မတွေးမိသေးပါဘူး၊

တောင်ထိပ်သို့ ရောက်ရောက်ချင်း ဂျောက်ကမ်းပါး စွန်းနားမှာ ခြေကုန်လက်ပန်းကျလို့ ဖလက်ပြပြီး အဲဒီလို မောမောနဲ့ ထိုင်နေတဲ့ မောင်ရင်ငတေ့ကို လိုက်ပို့တဲ့ သူငယ်ချင်းက လှမ်းအော်ပြောပါတယ်၊ အဲဒီ (ချောက်) ဂျောက်ကြီးက အနက်ကြီး သတိထားဖို့ကိုပေါ့၊

ကမ်းပါးဂျောက်အစွန်း ရောက်လုနီးပါးမှာ အမောဖြေရင်း မကြောက်မရွံ့ ထိုင်နေတဲ့ မောင်ရင်ငတေ့ ကိုသတိပေးရင်း မေးပြောပြောလာတာပါ၊ မကြောက်ဖူးလားပေါ့၊

 မောင်ရင်ငတေလည်း အဲဒီတော့မှ နောက်ဆုတ်ရင်းကြည့်မိလိုက်တော့ အဲဒီဂျောက်ကမ်းပါးကြီးက
 တော်တော်ကို မတ်စောက်ပါတယ်၊ ဘာ အတားအဆီးမှလည်း မရှိပါဘူး၊

 မောင်ရင်ငတေကတော့ ထုံးစံအတိုင်း ပြန်ပြော လိုက်ပါတယ်၊ ရုတ်တရက် မကြောက်တတ်ဘူးပေါ့၊ ညကျမှ ပြန်တွေးမိရင်း အသည်းငယ်တတ်တာက လွဲရင်ပေါ့၊


ပြင်သစ်မြေကြီးမှ ဆွစ်မြေကြီးသို့ အဝေးမြင်                    (ဓါတ်ပုံ မရငတ)

တောင်ထိပ်ကနေ လှမ်းမြင်ရတဲ့ မြင်ကွင်းကတော့ ရင်သပ်ရှုမောဘွယ်ရာပါ၊ 

ကံကောင်းခြင်းတခုက တောင်ထိပ်အတက်မှာ မှိုင်းအုံ့ မှိုင်းမှုန်နေတဲ့ တိမ်ထုတွေက တောင်ထိပ်ရဲ့ အခြား တဘက်ခြမ်းမှာ ရှိမနေတော့တာပါ၊ 

နာရီကြည့်လိုက်တော့ နေ့လည်ခင်း နှစ်နာရီခွဲကျော်ခန့် အချိန်ရှိပါပြီ၊ မိုးပြာပြာနဲ့ တိမ်ဖြူဖြူတော့ 
မတွေ့ရပါဘူး၊ နေလုံးကြီးကိုလည်း မတွေ့ရပါဘူး၊ 

မှိုင်းပြာပြာတိမ်တွေရဲ့အောက်မှာ ဆွစ်ဇာလန် ရေမြေကိုကျော်ပြီး ပြင်သစ် အဲလ်တောင်တန်းက
 တောင်ထွဋ် တွေကိုတော့ သဲသဲကွဲကွဲ မြင်တွေ့ခွင့်ရခဲ့ပါတယ်၊ 

ခရီးသွားလာသူများအကြား ရေပန်းစားလှတဲ့ ဂျီနီဗာကန်နဲ့ ဂျီနီဗာမြို့ကြီးကို အပေါ်စီးက မြင်တွေ့ခွင့် ရခဲ့တာပါ၊ 

ဒါ့အပြင် ပြင်သစ် အဲလ်တောင်တန်းပေါ်က ဥရောပရဲ့ အမြင့်ဆုံး တောင်ထွဋ်ဖြစ်တဲ့ နာမည်ကျော် Mont Blanc တောင်ဖြူဖြူကြီးနဲ့အတူ ရေခဲဆီးနှင်းများ ဖုံးလွှမ်းရာ တောင်စဉ်တောင်တန်းတွေကိုလည်း
 မြင့်တွေ့ခွင့်ရခဲ့တာပါ၊ 

ဒီဘက် ရေခဲတောင်ထိပ်ကနေ ဟိုဘက် ရေခဲတောင်ထိပ်တွေကို လှမ်း၍မြင်ရခြင်းပါ၊ ဒါ့အပြင် ထူးခြားချက်က ပြင်သစ်ဘက်ခြမ်းတောင်ထိပ် ကနေ ဆွစ်မြေကြီးကို ကျော်ဖြတ်ပြီး ပြင်သစ်မြေကို
 ပြန်လည် တွေ့မြင်ခွင့် ရခဲ့ခြင်းပါ၊

 တော်ရုံနဲ့ ဒီလို နယ်နမိတ် ကန့်သတ်ထားပုံမျိုးကို အပေါ်စီးကနေတွေ့မြင့်ခွင့်ရဖို့ မလွယ်ကူလှပါဘူး၊

 ပြင်သစ်စကား ပြောကြတဲ့ ဒီ ဂျီနီဗာနယ်မြေဟာ တကယ်တော့ ပြင်သစ်နိုင်ငံအဖြစ် သိမ်းသွင်း သတ်မှတ် မယ်ဆိုရင် သတ်မှတ်နိုင်ခွင့် ရှိလောက်တဲ့ အာဏာပါဝါတွေ ပြင်သစ်သမိုင်းမှာ အထင်အရှား ရှိခဲ့ဖူးပါတယ်၊

၁၁ ရာစု မတိုင်ခင် Charlemagne (Charles the Great) ရှားလ်မန်းန် ဘုရင် (၇၄၂-၈၁၄)  ပြင်သစ်ကို စတင်တည်ထောင်ခဲ့ချိန်ကစပြီး လူဝီ (၁၃) (၁၄) (၁၅) တို့ ဘုန်းမီးနေလ တောက်ပခဲ့တဲ့ ဆယ့်ခွန် ဆယ့်ရှစ် ရာစုခေတ်၊ ပြင်သစ်စစ်ဘုရင် နပိုလီယံဘိုနာပတ်ရဲ့ ဆယ့်ကိုးရာစုအစောပိုင်းခေတ်တွေမှာ ဒီဒေသကို
 ပြင်သစ်ပိုင်နက်အဖြစ် ဇွတ်အတင်းသတ်မှတ်ခဲ့လို့ ရနိုင်ပါတယ်၊ 

ပထဝီအနေအထားအရ ပြင်သစ်မြေအဖြစ် သတ်မှတ်လို့ ရနိုင်တဲ့ အဲဒီနယ်မြေကို မသတ်မှတ်ခဲ့ တာကတော့ သူတို့တတွေရဲ့ လျှို့ဝှက်သမိုင်း ဖဲတချပ်ပေါ့လေ၊

အဲဒီမှောက်ဖဲကို လှန်ကြည့်ဖို့ကတော့ မောင်ရင်ငတေ မတတ်နိုင် ပါဘူး၊ တောင်တန်းတွေရဲ့ ပထဝီ သဘာဝကို ခံစားရင်း သမိုင်းတွေရာဇဝင်တွေနဲ့ ရှုတ်ထွေးကုန်ပါပြီ၊ 

အခုခေတ် ကုလတွေ သမဂ္ဂတွေနဲ့ လူမျိုးစုံ ခြေရှုတ်အလုပ်ရှုတ်နေတဲ့ ဂျီနီဗာမြို့ကြီးကို အပေါ်စီးက ကြည့်ရင်း ပွားမိတဲ့ သမိုင်းအတွေး ပထဝီအတွေးတွေသာပါ၊ 

ဒီ အတွေးတွေကို ဖျက်စီးလိုက်တဲ့ ပြန် ဆင်းကြရအောင်ဟေ့ ဆိုတဲ့ အသံကြောင့် မောင်ရင်ငတေလည်း အသာအယာထ ပစ္စည်းလေးတွေ ကောက်ထည့်လို့ လာရာလမ်းကို ပြန်လည် ဦးတည်ရပါတော့တယ်၊

ပန်အဆင်းကတော့ ကုန်းဆင်းတာဖြစ်လို့ စာသိပ်ဖွဲ့စရာမရှိပါဘူး၊ ကုန်းဆင်းနေကျသူများ လွယ်လွယ်ကူကူ သဘောပေါက်မှာပါ၊ 

အဲဒါကြောင့် မောင်ရင်ငတေလည်း အတက်တုန်းကခံစားရတာတွေကို စိတ်မှာမှတ်ရင်း မြင်နိုင်သမျှကို ကြည့်ရင်း အတွေးတွေကို ရုတ်သိမ်းရင်း ခပ်ဖြေးဖြေး ခပ်နှေးနှေးနဲ့သာ ကုန်းဆင်း လာပါတော့တယ်၊

Mont Rond, တောင်တက်ရသတည်ရာ တောင်ထိပ်က မှုန်ုပြပြ တာဝါတိုင်       (ဓါတ်ပုံ မရငတ)

တောင်တက်ခြင်းရဲ့ ရသ တောင်တက်ခြင်းရဲ့ ဖီလင်ပါ၊ 

ဒီတောင်ထိပ်က မီတာ တထောင့်ငါးရာကျော် ဆိုတော့ လေးထောင်ကိုးရာ ရှစ်ဆယ့်တပေ မြင့်တဲ့ ပုပ္ပားတောင်မကြီးနဲ့က အတူတူလောက်သာပါ၊ 

ပုပ္ပားတောင်မကြီး တက်ခဲ့စဉ်က ခံစားရတဲ့ ရသနဲ့တော့ အတူတူလို့ ပြောချင်ပေမယ့် မတူတာတွေ ရှိပါသေးတယ်၊ 

လူတယောက်ရဲ့ နုပျိုစဉ်က ခံစားရမှုနဲ့ အိုမင်းလာစပြုတဲ့ အရွယ်ရဲ့ ခံစားရမှုတွေက ထပ်တူကျမှု ဘယ်ဖြစ်နိုင်တော့ပါ့မလဲ၊ 

အဲဒီလောက် အမြင့်လေး တက်ခဲ့တာလောက်ကို စာ ရေးဖွဲ့ဖို့ မူလက မရည်ရွယ်ခဲ့ပေမယ့်
 မောင်ရင်ငတေရဲ့ ထုံးစံအတိုင်း ရေးချင်ရာတွေရေးချရင်း ပေရှည်သွားခဲ့တာကိုတော့ ခွင့်လွှတ် နားလည်ကြစေလိုပါတယ်၊
အဲဒီလို တောင်တလုံးကိုတက်ဖို့ တောင်တက်လမ်းတွေ လေးငါးခြောက်လမ်းမျှမက ရှိတတ်ပါတယ်၊ မောင်ရင်တေတို့ တက်ခဲ့တဲ့လမ်းက အလယ်အလတ်မတ်စောက်တဲ့လမ်းပါ၊

 ဆောင်းရာသီမှာ စကီး စီးသူတွေ များများရောက်လာလေ့ရှိသလို Télécombi တို့ Télésiège တို့ Funicular တို့ ရှိတာမို့လို့ တောင်ပေါ်ကို အလွယ်တကူ တက်ရောက်နိုင်ပါတယ်၊ 

စကီးရာသီကုန်ဆုံးပြီး ရာသီဥတုသာယာတဲ့ ဒီလို နေ့မျိုးတွေမှာ တောင်ပေါ်ကနေ တောင်ခြေ အလှကို မြင်ဖူးချင်ကြတဲ့သူတွေရယ် တောင်တက် ခြင်းကို နှစ်သက်ကြသူတွေရယ် မောင်ရင်ငတေတို့လို မျက်စေ့လည် လာကြသူတွေရယ် ဒီနေရာကို ရောက်ရောက်လာတတ်ကြပါတယ်တဲ့၊

Alps Mountains ဆွစ်အဲလ် ဂျာမန်ဘာဘေးရီးယန်းအဲလ် အီတာလီယန်အဲလ် သြစတြီးယန်းအဲလ် ပြင်သစ်အဲလ်တောင်တန်းတွေပေါ်က ခပ်မြင့်မြင့်တောင်ထွဋ်ပေါင်းတရာကျော်ထိပ်ကို မတက်ဖူးချင် နေပါစေ၊ 

အခုလို ခပ်နိမ့်နိမ့်သာရှိတဲ့ Mont Rond တောင်ထိပ်မျိုးလေးတွေကိုတော့ တနှစ်တခေါက် ဆိုသလို တက်ကြည့်ချင်စိတ် ရှိနေပါတယ်ခင်ဗျား၊ 

အပေါင်းအသင်းရောင်းရင်းများက ဝိုင်းဝန်းကူညီ ကြမယ်ဆိုရင်တော့ နောက်ထပ် ရောက်ရလိမ့်ဦးမယ်လို့ စိတ်ကူးယဉ်မိရင်း . . . . . . . . . . . . . . . . . .. …. . .. . .. . . . . . . . . . . . . . . . . . . . . . . . . . . .. . . . . .. . . . . . . . . . . . . . . . …..
တောင်တက်ခြင်းရဲ့ ရသ တောင်တက်ခြင်းရဲ့ ဖီလင် ရေးသားခြင်းကို ရပ်နားလိုက်ရပါတယ်၊

ကျေးဇူးအထူးတင်ပါတယ်၊
မောင်ရင်ငတေ ၀၇၀၅၂၀၁၆

** * တောင်တက်ရသ * ** * ခရီးမှတ်တမ်းပုံရိပ်များ ** *
Mont Rond, Un Sommet du Massif du Jura, France (၂၀၁၆ ခုနှစ် လေးလပိုင်း)
** * ခရီးသွားခြင်းအနုပညာ * ** * ပြင်သစ်တခွင်ဆီသို့ ** *
** ဂျူရာတောင်တန်းမှ ဂျီနဲ့ဗ် သို့မဟုတ် ဂျီနီဗာသို့ **
 (ဖိုတိုစတိုရီ ဘိုင် ဗွိုင်ယဂျာ မရငတ) ၀၉၀၄၂၀၁၆

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...