Libellés
lundi 18 avril 2016
** မြောက်ပင်လယ်က တောင်မရှိတဲ့တိုင်းပြည် (ပထမပိုင်း) ** *
ပါရီရှန်ဂန်အစုန်အဆန် (ခရီးမှတ်တမ်းပုံရိပ်များ)
မြောက်ပင်လယ်က တောင်မရှိတဲ့တိုင်းပြည် (ပထမပိုင်း)
ဟော်လန်ကော်နာ                             (ဓါတ်ပုံ မရငတ)
The Netherlands နယ်သာလန် ဆိုပြီးတော့ တရားဝင် ခေါ်ဆိုနေကြတဲ့ ဒီတိုင်းပြည်ငယ်လေးက ငယ်ပင် ငယ်သော်ငြားလည်း လူသိများ ထင်ရှားတဲ့ အကြောင်းအရာများကတော့ များပြားလွန်းလှ ပါပေတယ်၊ 
ဒီနိုင်ငံရဲ့အမည်ကို အင်္ဂလိပ်လို အသိများကြတာကိုက နှစ်မျိုး ဖြစ်နေပါတယ်၊ 
တမျိုးက တရားဝင် ခေါ်ဆိုကြတဲ့ နယ်သာလန်နိုင်ငံ ဆိုတာဖြစ်ပြီး ကျန်တမျိုးကတော့ တရားဝင်ခေါ်ဆိုတာ မဟုတ်ပေမဲ့လည်း လူသိများ လူခေါ်များပြားတဲ့ Holland ဟော်လန်နိုင်ငံ ဆိုတာပါ၊ 
နယ်သာလန်နဲ့ ဟော်လန် စကားလုံးရဲ့ အဓိကကွာခြားချက်ကို အလွယ်ကူဆုံးပြောရရင်တော့ နယ်သာလန်ဆိုတာ မြောက်ပိုင်းဟော်လန် တောင်ပိုင်းဟော်လန်ဆိုတဲ့ ပြည်နယ်နှစ်ခုနဲ့ တခြား ပြည်နယ်များ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ နိုင်ငံကြီး တခုလုံးရဲ့ အမည်သာ ဖြစ်ပါတယ်၊
ဟော်လန် နိုင်ငံလို့ ဆိုပြီး နယ်သာလန် တပြည်လုံးကို ခြုံငုံပြီး ခေါ်ဆိုနေကြတာကို ဟော်လန်နယ်သား မဟုတ်ကြတဲ့ တခြား နယ်သာလန် ဒေသသားတွေက ထုံးစံအတိုင်း သိပ်ပြီးတော့ လက်ခံချင်ကြမှာ မဟုတ်ပါဘူး၊
နယ်သာလန်နိုင်ငံကို ပြင်သစ်ဘာသာနဲ့ မြေနိမ့်ပိုင်းကတိုင်းပြည် Pays-Bas ဆိုပြီး ခေါ်ကြပါတယ်၊ တချို့ကလည်း ပြင်သစ်တွေက တမင်တကာနှိမ်ပြီးတော့ ခေါ်တယ်လို့ ယူဆကြပါတယ်၊
ဟော်လန် ဆိုတာ တကယ်တော့ Hollowland မှ Holland ဆိုပြီး ခေါ်ဝေါ်လာခဲ့ကြတာလို့လည်း ယူဆကြသူ လည်းရှိပါတယ်၊ 
အဲဒီ Hollowland ဒေသမှာ ဒီကနေ့ ခေတ် နယ်သာလန် တိုင်းပြည်ရဲ့ အကြီးဆုံးနဲ့ ရှေးဟောင်းမြို့တော် အမ်စတာဒမ် Amsterdam 
အစိုးရရုံးများ နိုင်ငံတကာ ရုံးများစိုက်ရာ မြို့တော် ဒန်ဟ့ဂ် Den Haag (Nl) La Haye (Fr) The Huge (En) 
ဒုတိယအကြီးဆုံးနဲ့ ဥရောပရဲ့ ဆိပ်ကမ်း မြို့တော် ရော့တာဒမ် Rotterdam တို့လို 
အဓိက မြို့ကြီးတွေ ပါဝင်ပြီး တည်ရှိ နေတာကြောင့် အဲဒီ ဒေသ ပြည်နယ်ရဲ့ အခေါ်အဝေါ်
 ဟော်လန်ဆိုတာက ပိုမို လူသိများခဲ့ ခေါ်ခဲ့ကြတာ ဖြစ်နိုင်ပါတယ်၊
နောက်ပိုင်းမှာ ဟော်လန် ပြည်နယ်ရယ် အခြား ပြည်နယ်တွေကို ပေါင်းစုစည်းပြီးမှ နယ်သာလန်လို့ နိုင်ငံအမည်ကို သတ်မှတ်ခေါ်ဝေါ်တာ ဖြစ်ပါတယ်၊ ဒီတိုင်းပြည်မှာ မွေးဖွားခဲ့တဲ့ မူရင်း လူမျိုးတွေကို နယ်သာလန်လူမျိုး သို့မဟုတ် ဟော်လန်လူမျိုးလို့ ခေါ်ဆိုနေကြသလို ဒတ်ခ်ျလူမျိုး Dutch People အဖြစ် လူသိ ပိုများကြမယ် ထင်ပါတယ်၊
 မောင်ရင်ငတေတို့ ကမ္ဘာ့သမိုင်း ကျောင်းဖတ်စာအုပ်ထဲက အလွတ်ကျက်မှတ်ခဲ့ရာမှာ အမြဲလိုလိုပါဝင်ခဲ့တဲ့ ဒတ်ခ်ျအရှေ့အိန္ဒိယကုမ္ပဏီတို့ ဒတ်ခ်ျနယ်ချဲ့သမား   ဆိုတဲ့ စကားလုံးတွေကိုတော့ အမှတ်ရကြမှာပါ၊ 
ဒတ်ခ်ျ ဘာသာစကားကိုပြောတဲ့ ဒတ်ခ်ျ လူမျိုးတွေ နယ်သာလန်နိုင်ငံ လူဦးရေရဲ့ ၈၀ ရာနှုန်းကျော် ရှိပါတယ်တဲ့၊
ဒတ်ခ်ျလူမျိုး မိန်းမငယ်တဦး (Tulip Girl)                     (Photo Google)
စပိန်အင်ပါယာ အုပ်စိုးမှုကနေ တော်လှန်ခဲ့တဲ့ Dutch War of Independence ခေါ်အနှစ်ရှစ်ဆယ် စစ်ပွဲ (၁၅၆၈-၁၆၄၈) ကာလတွေအတွင်း ၁၅၈၁ ခုနှစ်မှာ Dutch Republic ခေါ် Republic of the Seven United Netherlands နယ်သာလန်နိုင်ငံ ဆိုပြီးတော့ စတင်ပြီး ထူထောင်ခဲ့ တာပါ၊ 
ဒီကနေ့ နယ်သာလန်ရဲ့ တရားဝင်အမည်ကတော့ Koninkrijk der Nederlanden (nl) Kingdom of the Netherlands လို့ခေါ်ပါတယ်၊
 ပြင်သစ်စစ်ဘုရင် နပိုလီယံကို အနိုင်တိုက်ခဲ့တဲ့ Battle of Waterloo စစ်ပွဲနောက်ပိုင်း ၁၈၁၅ ခုနှစ်မှာ ဒီအမည်ကို စတင်ပြောင်းလဲ အသုံးပြုခဲ့တာပါ၊
နယ်သာလန်နဲ့ ဟော်လန်ပြည်နယ်                 (Photo Google)
မကြာသေးခင် ဧပရယ်လ ၂၀၁၃ ခုနှစ် မှ နယ်သာလန် ဘုရင် ဖြစ်လာသူကတော့ အသက် ၄၆ နှစ်
အရွယ်ရှိ အိမ်ရှေ့မင်းသားကြီး Willem-Alexander of the Netherlands ပါ၊ 
နယ်သာလန် နိုင်ငံရဲ့ထီးနန်းမှာ နှစ်ပေါင်း ၁၂၀ ကျော်ဘုရင်မကြီးများသာ ဆက်တိုက်ဆိုသလို နန်းစံခဲ့ကြတာပါ၊ လက်ရှိ ဘုရင်သစ်ရဲ့ အဘွားရဲ့ အမေဖြစ်သူ ဘုရင်မကြီး  Wilhelmina (၁၈၈၀-၁၉၆၂) က ၁၈၉၀ ခုနှစ်က ၁၉၄၈ ခုနှစ်အထိ ၅၈ နှစ် တိုင်တိုင် စံချိန်တင်လောက်အောင် အုပ်ချုပ်မင်းပြု ခဲ့ပါတယ်၊ 
ဘုရင်သစ် ရဲ့ အဘွားဘုရင်မ Juliana (၁၉၀၉-၂၀၀၄) က နန်းသက် ၃၂ နှစ် ၁၉၄၈ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ ကြာခဲ့ပြီး သူ့ရဲ့အမေ ဘုရင်မ Beatrix (၁၉၃၈-***) ကတော့ နန်းသက် ၃၃ နှစ်ကြာ ၁၉၈၀ ကနေ ၂၀၁၃ ခု နှစ်အထိ သက်တမ်းရှည် ဘုရင်မကြီးများအဖြစ် အုပ်ချုပ်မင်းလုပ်ခဲ့ကြသူတွေပါ၊ 
အဲဒါတွေ ကြောင့် မောင်ရင်ငတေတို့ငယ်စဉ် ကျောင်းသားဘဝကြားဖူးခဲ့တာ နယ်သာလန်နိုင်ငံရဲ့ ဘုရင်မကြီး ဆိုတာသာ ဖြစ်ခဲ့ပြီး နယ်သာလန်ဘုရင်ကြီး ဆိုတာကို နားမယဉ်ခဲ့ မကြားဖူးခဲ့တာကနေ အခုတော့ တဖန် နယ်သာလန် ဘုရင်ကြီးဆိုပြီး ပြန်လည်ကြားရတော့မှာ ဖြစ်ပါတယ်၊
တနိုင်ငံလုံးလိုလိုမှာ တွေ့မြင်ရမြဲ ကျေးလက်လယ်ယာ စိုက်ခင်းများ                (ဓါတ်ပုံ မရငတ)
ဒီ နိုင်ငံကို မောင်ရင်ငတေ ပေးချင်တဲ့ အမည်ကတော့ မြောက်ပင်လယ်က တောင်မရှိတဲ့ တိုင်းပြည် လို့သာ ပေးလိုက်ချင် ပါတယ်၊
 မြောက်ပင်လယ် ကမ်းရိုးတန်း တလျှောက်နဲ့ ဆက်စပ်နေပြီး တောင်တန်းဒေသတွေ
 ပြောပလောက်အောင်မရှိပါဘူး၊
တကယ်တမ်းလည်း နိုင်ငံတနံတလျှားကို ကားတွေ ရထားတွေနဲ့ သွားတဲ့အခါမှာ လမ်းဘေးဝဲယာမှာ ပန်းခင်းတွေ သီးနှံမျိုးစုံ စိုက်ခင်းတွေ  ပျိုးခင်းတွေ ကိုသာ မျက်စေ့တဆုံး တမျှော်တခေါ်ကြီး တွေ့မြင်ရမှာပါ၊
 မောင်ရင်ငတေ ရောက်ဖူးခဲ့တဲ့ အခေါက် တိုင်းမှာ ပန်းမျိုးစုံ ပွင့်သောရာသီ မဟုတ်ခဲ့တာရယ် ဟုတ်ခဲ့ပြန်ရင်လည်း သွားဖို့ အခွင့်မကြုံခဲ့ရ တာရယ်ကြောင့် ရောင်စုံပန်းခင်းတွေကိုတော့ဖြင့် များများစားစား မတွေ့ရှိခဲ့ရပါဘူး၊
 နောက်လာမယ့် နှစ် ဧပရယ်လကုန် ပန်းရာသီ ရောက်ရင်တော့ ရောက်အောင်သွားဖို့ ကြိုးစားပါအုံးမယ်၊
စိုက်ခင်း တူးမြောင်း လေရဟတ် နယ်သာလန်မြေရဲ့ သင်္ကေတများ               (ဓါတ်ပုံ မရငတ)
နယ်သာလန် သို့မဟုတ် ဟော်လန်လို့ ပြောလိုက်တာနဲ့ တပြိုင်နက်တည်းမှာ ပြေးမြင်လိုက်မိတာ ကတော့ လေရဟတ်တွေရယ် တူးမြောင်းလေးတွေရယ် လှပ လွန်းလှတဲ့ ရောင်စုံ ပန်းခင်းတွေရယ် 
Polder လို့ခေါ်ကြတဲ့ တမံတုတ်ထားတဲ့ ရေတဝက် ကုန်းတဝက်နဲ့ မြေပြင်ညီ အကျယ်ကြီးတွေရယ် သီးနှံစိုက်ခင်း မျိုးစုံရယ်ပါ၊ 
နယ်သာလန်ရဲ့ စက်မှုလွန် စိုက်ပျိုးရေး လုပ်ငန်းကိုတော့ အားလုံးလိုလို သိရှိကြပြီးသား ဖြစ်ကြမှာပါ၊ 
စိုက်ပျိုးရေး ထုတ်ကုန်များ တင်ပို့ရောင်းချရာမှ ရရှိတဲ့ဝင်ငွေမှာ ဒီနိုင်ငံ သေးသေးလေးထက် အများကြီး ကျယ်ပြန့် ကြီးမားတဲ့ အမေရိကန်နဲ့ ပြင်သစ်တို့ရဲ့ နောက်မှာကပ် လိုက်ပြီး ကမ္ဘာမှာ တတိယလိုက်ပါတယ်၊ 
အဲဒါတောင်မှ စိုက်ပျိုးရေးလုပ်သားက တနိုင်ငံလုံးမှာရှိတဲ့ အလုပ်လုပ်ကိုင်နိုင်သူ ဦးရေရဲ့ လေးရာခိုင်နှုန်းခန့်သာ ရှိတာပါ၊ 
စက်မှုလွန်လယ်ယာ ဆိုတော့လည်း လူတယောက် လယ်ထွန်စက် တစီးနဲ့ ဧကပေါင်းများစွာကို အလုပ်လုပ်နေကြတာဖြစ်ပြီး လယ်ကွင်း တွေမှာ စိုက်ခင်းတွေမှာ လယ်သမား ယာသမား ခြံသမားရယ်လို့ များများစားစား စုပြုံပြီး မြင်တွေ့ဖို့ မရှိတော့ပါဘူး၊ 
သူတို့တွေရဲ့သားသမီးတွေလည်း မြို့တက်ကမ္ဘာပတ် အလုပ်သစ်တွေ လုပ်ကိုင်နေကြပါပြီ၊ 
ဘယ်လိုဘဲ စက်ပစ္စည်းတွေနဲ့ စိုက်ပျိုးလုပ်ကိုင် နေကြပေမယ့် စိုက်ပျိုးရေးသမား ဆိုတာက
ခပ်ကြမ်းကြမ်းသာ လုပ်ရကိုင်ရတာမို့ သူတို့တွေလည်း ဘဝကြင်ဖော် ရှာဖို့က စိုက်ပျိုးရေး လုပ်သား ရှာဖို့ထက် ပိုမိုခက်ခဲလာလေတော့ စိုက်ပျိုးရေးလုပ်သား ဧဂျင်စီကနေ ကြင်ဖော်ရှာဖွေရေး ဧဂျင်စီသို့ ပြောင်းပြီး ကြင်ဖော်ရှာဖွေနေရတာက အလုပ်ကြီးတခု ဖြစ်လို့လာနေပါပြီ၊
အလုပ်သမား မတွေ့ရတဲ့ စိုက်ခင်းပျိုးခင်းများ                       (ဓါတ်ပုံ မရငတ)
လူသူမရှိတဲ့ စိုက်ခင်းတွေမှာ စက်နဲ့ရေဖျန်းနေတဲ့ ပုံတွေကိုတော့ မောင်ရင်ငတေ သဘောအကျမိရ ဆုံးပါဘဲ၊   
အများစု အဓိကထားတဲ့ စိုက်ပျိုးရေး ထုတ်ကုန်က  နိုင်ငံရပ်ခြားကိုတင်ပို့တာနဲ့ ပြောရရင် ကမ္ဘာ့ခရမ်းချဉ်သီး တင်ပို့မှုရဲ့ လေးပုံတပုံ ငရုတ်သီးစိမ်းနဲ့သခွားသီး တင်ပို့မှုက သုံးပုံတပုံစီ ပန်းသီး တင်ပို့ ရောင်းချနိုင်မှုက ဆယ့်ငါးပုံတပုံ ရှိပါတယ်တဲ့၊ နယ်သာလန် နိုင်ငံရဲ့ အကျယ်အဝန်းက ဘာမှ သိပ်ရှိလှတာ မဟုတ်ပါဘူး၊ 
စုစုပေါင်းဧရိယာက စတုရန်းကီလိုမီတာ လေးသောင်းတထောင်ခန့်သာ စတုရန်း မိုင်အားဖြင့် တသောင်း ခြောက်ထောင်ကျော်သာ ကျယ်ဝန်းလို့ မကွေးတိုင်းထက်တောင်မှ ပိုမိုပြီး ကျဉ်းပါသေးတယ်၊  
နိုင်ငံရဲ့ သုံးပုံနှစ်ပုံ ကျော်ကျော်က ပင်လယ်ရေ မျက်နှာပြင်ထက် နိမ့်နေ တယ်လို့ ဆိုကြပါတယ်၊
 မြောက်ပင်လယ်ရဲ့မုန်တိုင်းဒဏ် ရေလွှမ်းမိုမှုဒဏ်တွေကို အစဉ်လိုလို ခံစား ခဲ့ရတာကနေ ကာကွယ်ဖို့ စဉ်းစားကြ အကြံထုတ်ခဲ့ကြရာက စပြီး အခုဆိုရင်တော့ဖြင့် ကမ္ဘာပေါ်မှာ အကောင်းဆုံး ရေကာတာ တည်ဆောက်ခြင်းနဲ့ ရေ အရင်းအမြစ် စီမံခန်ခွဲရေး စနစ်တွေ ထွန်းကား ဦးဆောင်ရာနိုင်ငံ ဖြစ်လာပါတယ်၊ 
ပင်လယ်ကမ်းရိုးတန်းအရှည် စုစုပေါင်း ကီလိုမီတာ ၄၅၀ ကျော် မျှသာရှိတာပါ၊ 
နယ်သာလန်နဲ့ အကျယ်ချင်းတူညီတဲ့ ဒိန်းမတ်နိုင်ငံက ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းစုနိုင်ငံ ဖြစ်လို့ ကမ်းရိုးတန်းအရှည် ကီလိုမီတာ ၇၀၀၀ ကျော် ရှိပါတယ်၊
ဘယ်ကိုသွားသွား ဒီလိုမြင်ကွင်းများသာ                    (ဓါတ်ပုံ မရငတ)
မကွေးတိုင်း အကျယ်အဝန်း နီးပါးမျှသာရှိတဲ့ နယ်သာလန်မှာ နေထိုင်ကြသူ အရေအတွက်ကတော့ မကွေးတိုင်းထက် လေးဆကျော် များပါတယ်၊ 
လူဦးရေ ၁၆ သန်းကျော် ရှိပြီး လာရောက်အခြေစိုက် နေထိုင်ကြသူ အများစုကတော့ ကိုလိုနီနိုင်ငံဟောင်းများဖြစ်ကြတဲ့ အင်ဒိုနီးရှားလူမျိုး ဆူရီနမ်လူမျိုး မော်ရိုကိုလူမျိုးနဲ့ တူရကီလူမျိုး နှစ် ရာနှုန်းစီလောက် ရှိကြပါတယ်၊
 မောင်ရင်ငတေတို့ ရွှေ မိသားစု တွေလည်း အတော်အသင့် ရောက်ရှိလို့ နေပါပြီ၊ 
အခြေကျ အစဉ်ပြေကြသူတွေလည်း ရှိကြပါသလို ဂေါက်ကြောင် ကြောင်သွားကြသူတွေလည်း ရှိပါတယ်၊ 
ဒီကနေ့ နယ်သာလန် နိုင်ငံဟာ ဥရောပမှာ အတော်နေပျော်တဲ့ တိုင်းပြည်တခုပါ၊
 မောင်ရင်ငတေတို့လို့ ပြောင်းရွှေ့ရောက်ရှိ နေထိုင်ကြသူတွေ အတွက်လည်း သိပ်ခက်ခက်ခဲခဲ ရုန်းကန် နေထိုင်ကြရတာမျိုး မဟုတ်ပါဘူး၊ 
အခုမှ မောင်ရင်ငတေ အနေနဲ့ ဥရောပမြေကို ရောက်ရှိလို့လာပြီး အခြေချ နေထိုင်ဖို့ကို ရွေးချယ်ခွင့်များသာ ရှိမယ် ဆိုခဲ့ရင် ဂျာမဏီနိုင်ငံနဲ့ နယ်သာလန်နိုင်ငံ တို့ကိုသာ ရွေးချယ် မိမှာပါ၊
 ပြင်သစ်ပြည်ကတော့ သမိုင်းကြောင်း ဘယ်လောက် လှပလှပခဲ့စေမူကား ဒီကနေ့ခေတ် ဥရောပမှာ ပြင်သစ်ပြည်ဟာ ရွှေ့ပြောင်းအခြေချ လာကြသူတွေအတွက် အခက်အခဲ နယ်သာလန်ထက် ပိုမိုပြီး များပြားစွာ ရင်ဆိုင်ကြရမှာ အမှန်ပါ၊ 
ဒါပေမယ့်လည်း မောင်ရင်ငတေတို့လို လူမျိုးတွေ ပိုများပြားလာတာနဲ့အမျှ နယ်သာလန် အပါအဝင်
ဥရောပနိုင်ငံကြီးတွေမှာ နောက်ထပ်ရောက်ရှိလို့လာကြမယ့် လူသစ်တွေအတွက်က လျှောက်ရမယ့်
လမ်းခရီး  ပိုမို ခက်ခဲ ကြမ်းတမ်းဖို့သာ ရှိကြောင်းပါ ခင်ဗျား၊
ရိုးရာမပျက်ကြသူတွေလည်း အများသား                 (ဓါတ်ပုံ မရငတ)
နယ်သာလန်ရဲ့ လမ်းမပေါ် ကားပေါ် ရထားပေါ်တွေမှာ မောင်ရင်ငတေတို့ သွားမယ့်လမ်း သေချာ မသိလို့များ စမ်းတဝါးဝါး ဖြစ်နေရင် နယ်သာလန် လူမျိုး ပျိုပျိုအိုအိုတွေ သာမက အမယ်ကြီးအိုတွေ ကပါ ဖော်ဖော်ရွေရွေ ပြုံးပြုံးရွှင်ရွှင် သူတို့ကစပြီး မေးမြန်း ကူညီကြတာကို ခဏခဏ ကိုယ်တွေ့ကြုံ ရဖူးပါတယ်၊ 
တိုက်ဆိုင်လာလို့ပြောရရင် ဒိန်းမတ်ပြည်က တောကျွန်းတကျွန်းမှာ မောင်ရင်ငတေတို့ ရဲ့ကား လမ်းမှားပြီး ယောင်လည်လည် ဖြစ်နေစဉ် ဘေးနားမှာရပ်ထားတဲ့ တခြားကားနှစ်စင်းပေါ်မှာ ပါလာတဲ့ တောသူဌေးသားဂိုက်တွေနဲ့ ဒိန်းမတ်လူဖြူတွေကို အကူအညီတောင်းဖို့ မေးမြန်းဖို့အသွား လာမေးတော့မယ် ဆိုတာ သိသိကြီးနဲ့ မျိုးချစ်စိတ်ဓါတ် မျိုးစောင့်စိတ်ဓါတ် အပြည့်အဝထား မကြား ချင်ယောင်ဆောင် မမြင်ချင်ယောင်ဆောင် မသိချင်ဟန်ဆောင်သွားတာက သိသာလွန်းလှပါတယ်၊ 
လူဖြူချင်းအတူတူ သမိုင်းနောက်ကြောင်းလည်း ဘာမှ သိပ်မကွာကြပါတဲ့ နိုင်ငံနှစ်နိုင်ငံ ဖြစ်ပေမယ့်
လူလူချင်း ဆက်ဆံမှုမှာတော့ လူ့အခွင့်အရေးတွေ ဘာတွေ မိုးမွှန်အောင် ပြောနေကြတာ တူကြပေ မယ့်လည်း တကယ့်တကယ် ဆက်ဆံမှုမှာတော့ ကွာခြားနေသေးတာကို တွေမြင်ရသေးကြောင်းပါ၊ 
ဒီကနေ့ ဥရောပ နိုင်ငံကြီးတွေ မြို့ကြီးတွေနဲ့ ကျေးလက်တောရွာတွေရဲ့ ယေဘူယျ ကွာခြားချက်ပါ၊ 
ဥရောပ တနယ်လုံး ဘယ်သွားသွား တောနဲ့ မြို့ ဆက်ဆံရေးတွေကတော့ ကွာခြားနေပါသေးတယ်၊
ဥရောပ တောကျေးရွာတွေမှာ မောင်ရင်ငတေတို့လို ရွှေ့ပြောင်းအခြေစိုက်ကြသူတွေက နည်းပါးလှ
သေးသလို မူရင်းမူလလူဖြူလူမျိုးတွေသာ နေထိုင်ကြတာ ပိုမိုများပါတယ်၊ 
သူတို့တတွေဟာ မြို့ကြီး သားတွေလိုတော့ ဟန်မဆောင်တတ်ကြပါဘူး၊ ခင်မင်မိပြီ ဆိုလာရင်တော့ တသက်လုံး ဖြစ်လာနိုင် ပေမယ့် တော်ရုံတန်ရုံမသိလို့ကတော့ သူတို့အမျိုးကိုသူတို့ အချစ်လွန်ကြတာမျိုးက ကမ္ဘာရဲ့ ဘယ် အရပ်သားတွေဖြစ်ဖြစ် အတူတူနဲ့ အနူနူပါ၊
SCHIEDAM မြို့က နယ်သာလန်သင်္ကေတ ရှေးတူးမြောင်းနဲ့ ရှေးဟောင်းတံတား  (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေ ၃၀၀၉၂၀၁၃  
http://moemaka.com/archives/631    စက်တင်ဘာ ၃၀၊ ၂၀၁၃
မြောက်ပင်လယ်က တောင်မရှိတဲ့တိုင်းပြည် စာစုကို ၂၀၁၃ စက်တင်ဘာလမှာ ပထမပိုင်းအဖြစ် ရေးခဲ့ပြီး ဒီနေရာမှာ ရပ်ထားခဲ့ပါတယ်၊ ဒုတိယပိုင်းလည်း ဆက်လက် မရေးဖြစ်ခဲ့ပါဘဲ . . . . .... 
ဒီ ၂၀၁၆ ခုနှစ် ဧပရယ်လမှာ ဟော်လန်ကော်နာဆီသို့ ထပ်မံရောက်ရှိခဲ့ပြီးမှ အာရုဏ်ဝင်လာ မိခဲ့ပါလို့ ဆက်လက်ရေးချင်စိတ်တွေ ပေါက်လာပါတယ်၊ 
အဲဒါကြောင့် ၂၀၁၃ ခုနှစ်က ရေးခဲ့တဲ့ စာစုလေးကို ပြန်လည်မွမ်းမံပြီး မတင်ရသေးတဲ့ မောင်ရင်ငတေရဲ့ ဘလောက်ခ် စာမျက်နှာပေါ်မှာ တင်ပြလိုက်ရ ရင်း * မြောက်ပင်လယ်က တောင်မရှိတဲ့တိုင်းပြည် အကြောင်း သောင်းပြောင်း ရေးထားတာတွေကို ပန်လည်စုစည်းပြီး ဆက်လက် တင်ပြနိုင်ဖို့ ကြိုးစားပါဦးမည်  .. . . . . . . . … . . …..  ခင်ဗျား၊
မောင်ရင်ငတေ ၁၈၀၄၂၀၁
   ** * မြောက်ပင်လယ်က တောင်မရှိတဲ့တိုင်းပြည် (၁) * ** * ခရီးမှတ်တမ်းပုံရိပ်များ ** *
** * ခရီးသွားခြင်းအနုပညာ * ** * ပါရီရှန်ဂန်အစုန်အဆန် ** *
** မြောက်ပင်လယ်က တောင်မရှိတဲ့တိုင်းပြည် **
  (ဖိုတိုစတိုရီ ဘိုင် ဗွိုင်ယဂျာ မရငတ) ၀၇၀၈၂၀၁၃ 
Aucun commentaire:
Enregistrer un commentaire
** * တခါကနေ့ရက်များ (၃) ** *
Google+ Badge
Google+ Followers