mercredi 9 décembre 2015

** * Koh Larn သို့မဟုတ် ပတ္တရာရဲ့ လှပတဲ့ကျွန်း * **

မိတ်အင်ထိုင်းလန်း (နှစ်ဆယ်ကျော်အလွမ်း)
Koh Larn သို့မဟုတ် ပတ္တရာရဲ့ လှပတဲ့ကျွန်း

ပတ္တရားကမ်းခြေမှသည်                (ဓါတ်ပုံ မရငတ)

ပတ္တရာကမ်းခြေကတော့ ကမ္ဘာကျော်ပါတယ်၊ လူတိုင်းသိတဲ့ အမည်တခုပါ၊
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကာလများဆီက မောင်ရင်ငတေ ခေတ္တခဏ ခိုအောင်းခဲ့ ဖြတ်သန်းခဲ့ ဖူးရာနေရာ ဖြစ်ခဲ့လို့လည်း စိတ်ထဲမှာ မှတ်မှတ်ထင်ထင် 
ရှိရာ နေရာတနေရာပါ၊

ပတ္တရား ကမ်းခြေ အကြောင်းတော့ လူသိများပြီးသားမို့လို့ ဒီနေရာမှာ 
အပ်ကြောင်းထပ် ဖြစ်မှာစိုးလို့ ထည့်မရေးတော့ပါဘူး၊ လျှောက်ဖူးခဲ့တဲ့ ကမ်းခြေ
လမ်းမကြီးဘေး ပတ္တရားသဲသောင်ပြင်တလျှောက် ပျင်းရိလေးတွဲစွာနဲ့ ကုန်ဆုံးခဲ့ရတာတွေ ကိုလည်း ပြန်မတွေးချင်တော့ပါဘူး၊ 

အဲဒီတုန်းက အလုပ်ချိန် ညနေပိုင်း ၆ နာရီက ၁၁ နာရီလောက်သာ လုပ်ရတာပါ၊ 
ဒါတောင် နေ့တိုင်းမဟုတ်ပါဘူး၊ မနက်ခင်း ပိုင်းတွေဆို အားနေတာ များပါတယ်၊ 
အားအားရှိ ကမ်းခြေတလျှောက် အစုန်အဆန် လမ်းလျှောက် အချိန်ဖြုန်းခဲ့ရတာပါ၊ 

အခုခေတ်လို ဆက်သွယ်ရေးစနစ်တွေက ဘာမှမရှိဘူးလေ၊ အင်တာနက်တွေ
ဝိုင်ဖိုင်တွေ စမတ်ဖုံးဆိုတာတွေ မပြောပါနဲ့ ရွှေပြည်တော်သို့ အလွမ်းပြေ 
ဖုန်းဆက်ချင်တာတောင်မှ လမ်းဘေး တယ်လီဖုန်းရုံတွေက ပြောလို့မရသေးတဲ့ ခေတ်ပါ၊ 

အဲဒီတုန်းက ထိုင်လို့ အချိန်ဖြုန်းခဲ့တဲ့ ငါးကင်အသားကင်ဆိုင်နဘေးက ခုံတန်းလျှားလေးလည်း 
ရှိလိမ့်မယ် မထင်မိတော့ပါဘူး၊ အဲဒီဆိုင် ပိုင်ရှင် (ထင်မိရတာပါ) ယပက်လက်မလေးလည်း အခုတော့ ယပက်လက်မကြီး ဖြစ်နေပြီပေါ့ နော်၊

ကြံဖန်လို့ လွမ်းချင်းချပါတယ် ဆိုပြီး မောင်ရင်ငတေကို အပြစ်တင်တော် မမူကြပါနဲ့ ခင်ဗျာ၊ 
အလွမ်းဆိုတာ သန့်ရှင်းပါတယ်၊ ငြိမ်းငြိမ်းချမ်းချမ်း လွမ်းတာပါ၊ အာဃာတတွေ မုန်းတီးမှုတွေနဲ့ လွမ်းရခြင်း မဟုတ်ပါဘူး၊ လက်စားချေမှုတွေ သင်ပုန်းချေမှုတွေ ဆိုတာကလည်း 
မာင်ရင်ငတေမှာ မရှိပါဘူး၊  ဖြတ်သန်းခဲ့တဲ့ ငယ်ဘဝကို ကြီးလာလို့ ကြီးလွမ်း လွမ်းတာပါ၊ 
ရိုးသားစွာနဲ့ လွမ်းတာပါ၊ ဒါပါပဲ၊

ခို့လန်ကျွန်းသို့                (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေ ရေးချင်တာ အခုတခေါက် ရောက်ခဲ့တဲ့ ပတ္တရာကမ်းခြေနဲ့ အနီးဆုံးက 
လှပတဲ့ကျွန်း သို့မဟုတ် Koh Larn အမည်ရ ကျွန်းလေး တကျွန်းပါ၊ စတုရန်းမိုင် ၂ မိုင် 
သာသာ ကျယ်တဲ့ ဒီကျွန်း ကလေးက အခုအခါမှာတော့ ပတ္တရာ ရောက်လာသူတိုင်းလိုလို 
သွားဖြစ်ကြတဲ့ ကျွန်းတကျွန်းပါ၊

သွားရေးလာရေး လွယ်ကူလာတာကိုး၊ ဟိုအရင်တုန်းက အဲဒီ ကျွန်းလေးရှိရာကို
မာင်ရင်ငတေတို့ စီစဉ်ခဲ့ကြဖူးပါတယ်၊ မောင်ရင်ငတေ ခိုအောင်းခဲ့ဖူးတဲ့ ကပွဲရုံက 
ပတ္တရာမှာ အတော်နာမည်ကြီးတဲ့ထဲ ပါပါတယ်၊ 

ကပွဲရုံကြီးအပြင် စားသောက်ဆိုင်ရယ် နိုက်ကလပ်ဘားလည်း ရှိပါတယ်၊ ကပွဲရုံ နာမည် ပေးထားတာကိုက စပိန်အမည်ပါ၊ (မူရင်း အာရဘီစကားမှာတော့ နန်းတော်လို့ အဓိပ္ပါယ် ရပါတယ်) ဝန်ထမ်းကလည်း အတော်များပါတယ်၊ လေးငါးရာမက ရှိပါတယ်၊  
မာင်ရင်ငတေနဲ့ ရင်းနှီးသူတွေ တိုင်ပင်ကြပြီး အဲဒီ ကျွန်းကလေးဆီကို သွားလည်ပတ်ကြဖို့ 
စီစဉ်ခဲ့ပေမယ့် အကြောင်းမညီညွတ်လို့ မရောက်ဖူးခဲ့ရပါဘူး၊ သွားဖို့ မော်တော် ငှားမရခဲ့တာ 
အစဉ်မပြေ ဖြစ်ခဲ့ရခြင်းထဲက တကြောင်းပါ၊

ပြီးခဲ့တဲ့ ဒီဇင်ဘာ ခြောက်ရက်နေ့ကတော့ မရောက်ဖြစ်တာ ကြာပြီဖြစ်တဲ့ ပတ္တရာကို
ရာက်ဖြစ်ခဲ့ပါ တယ်၊ အဲဒီမှာ မောင်ရင်ငတေ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် မရောက်ဖြစ်ခဲ့တဲ့ 
Koh Larn ကူးတဲ့ ကူးတို့ ဆိပ်ကို ပတ္တရာမြေ ရောက်ရောက်ချင်း ဆိုက်ဆိုက်မြိုက်မြိုက် 
ရာက်သွားခဲ့လို့ ကျွန်းကလေးဆီသို့ သွားဖို့ ချက်ချင်း ဆုံးဖြတ်ခဲ့တာပါ၊ 

တကယ်တော့ မောင်ရင်ငတေ့ ၂၀၁၄ ထိုင်း ခရီးစဉ်မှာ သွားမယ့် လမ်းကြောင်းတွေက များပြားလွန်းလှလို့ ပတ္တရာခရီးကိုန့ချင်းပြန်သာသွားဖို့ အချိန်ပေးထားတာပါ၊ ဒါပေမယ့်လို့ 
အဲဒီကျွန်းကလေးကို သွားချင်လွန်းတော့ ပတ္တရာကိုတောင် သေချာမလည်ဖြစ်ခဲ့ပါဘူး၊

ဘတ် သုံးဆယ်တန် သင်္ဘောစီးခြင်း    (ဓါတ်ပုံ မရငတ)

လေးဆယ့်ငါးမိနစ်ကြား စီးရမယ့် ဒီသင်္ဘော ခရီးစဉ်ရဲ့ ဈေးနှုန်းကလည်း ကမ္ဘာပေါ်မှာ 
အချိုသာဆုံး ပြောရင်ရနိုင်မှာပါ၊ တယောက် ဘတ်သုံးဆယ် တဒေါ်လာ မရှိပါဘူး၊ 
ပါရီမြို့တော်မှာ ဘတ်စ်ကားခ မြေအောက်ရထားခ လက်မှတ်တစောင် နှစ်ယူရိုခန့် 
ပးစီးရပါတယ်၊ အဲဒါကြောင့် အဲဒီလို သာယာ  လှပတဲ့ ပင်လယ်ရယ် သန့်ရှင်းတဲ့ 
ပင်လယ်လေရှုရမယ့် ခရီးစဉ်ကို မောင်ရင်ငတေ ဘယ်လိုလုပ်ပြီး လက်လွတ်ခံနိုင်ပါ့မလဲလေ၊  
 အဲဒါနဲ့ ရောက်ဖြစ်ခဲ့ပါတယ်၊ အခုတော့ တနှစ်ပြည့်ပါပြီ၊ အမှတ်တရပါ၊

အဲဒီ ကျွန်းလေးက ဘာမှကျယ်လှတာ မဟုတ်သလို ထူးထူးခြားခြားလည်း ဘာမှမရှိပါဘူး၊  ပတ္တရား ကမ်းခြေလိုတော့ မွန်းကျပ်မှု မရှိပါဘူး၊ ပင်လယ်ရဲ့ အရသာကို ပို၍ ခံစားရမိပါတယ်၊ မီတာ နှစ်ရာ မြင့်တဲ့ တောင်ကုန်းထိပ်မှာတော့ စေတီတဆူ ရှိပါတယ်၊ 

မောင်ရင်ငတေ ရောက်ခဲ့တဲ့နေ့ကတော့ လာလည်ကြသူ အတော်များပါတယ်၊ 
ကမ်းခြေတလျှောက် အပြည့်ပါ၊ စားသောက်ဖွယ်ရာဆိုင်တွေ အများကြီး ရှိပါတယ်၊ ဈေးလည်း 
အတော်လေး သက်သာပါတယ်၊ မောင်ရင်ငတေအတွက်ကတော့ ဘုရားပွဲပေါ့ ခင်ဗျာ၊ 

ထိုင်းမိတ် လီယို ဗူးလေးဖွင့် တငုံမော့လိုက် မှာထားတဲ့ ငါးကင်ရယ် ပုဇွန်ကင် တဖဲ့ဖဲ့ 
ကိုက်လိုက်ရယ်ပေါ့၊ အမှန်ပြောရရင် အဲသလောက်ကြီးတဲ့ ပုဇွန်ကို ဥရောပမှာ ဈေးခေါင်ခိုက်
နေတာမို့လို့ မောင်ရင်ငတေလို လက်ကြောမတင်းတဲ့ ကောင်မျိုး မစားနိုင်တာ ကြာပေါ့ဗျာ၊ ထိုင်းပြန်ရောက်ထဲက ဆိုပါတော့၊ ထိုင်းကိုလွမ်းတာ ဒါလည်း ပါတာပေါ့၊

ဒီ အနောက်တိုင်းက နိုင်ငံကြီးသား လူဖြူလူလည်တွေ အရှေ့တိုင်း အထူးသဖြင့် 
အာဆီယံနိုင်ငံများ ရောက်လာပြီးကြရင် မောင်ကြီးမပြန်နိုင် ဖြစ်ကြတာ အဲဒါအကြောင်းက 
တချက်ပေါ့ဗျာ၊ နောက်ထပ် အချက်တွေတော့ မောင်ရင်ငတေ ရေးမပြချင်တော့ပါဘူး၊ 
အားလုံး သိကြမှာပါ၊

တနှစ်ပြည့်မှ နှစ်ဆယ်ကျော်ဆီသို့ ပတ္တရာအလွမ်း မှတ်တမ်း ရေးလိုက်ရပါတယ်၊

မောင်ရင်ငတေ ၀၆၁၂၂၀၁၅



မောင်ရင်ငတေ ၀၆၁၂၂၀၁၅



Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...