dimanche 1 novembre 2015

** Albert Camus အားလ်ဘဲကာမျူး (အဲလ်ဘတ်ကမူး) နှစ်တရာပြည့် (၁၉၁၃-၂၀၁၃) * **

နှစ်ပတ်လည်အမှတ်တရ
Albert Camus အားလ်ဘဲကမျူး (အဲလ်ဘတ်ကမူး)
 နှစ်တရာပြည့် (၁၉၁၃-၂၀၁၃)

Albert Camus            (Photo Google)

ထိုးထွင်း၍ ဟုတ်မှန်ကြောင်းကို ဖေါ်ပြသော လေဇိတ် အတတ်ပညာနှင့် ပြည်စုံရန်ကတော့ 
အစဉ် ထာဝရ လွယ်ကူပါတယ်။ အဆုံးစွန်တိုင်အောင် ကျိုးကြောင်းဆီလျော်သော အကြောင်း၏ အကျိုး ဖြစ်ရန်မှာတော့ မဖြစ်နိုင်လုနီးပါးပါပဲ(လောဇိတ = Logic)
(အောင်မျိုး ပြင်သစ်စကားပြန်ဟောင်း)

Il est toujours aisé d'être logique. Il est presque impossible d'être logique 
jusqu'au bout. Albert Camus, Le Mythe de Sisyphe (The myth of Sisyphus)

နာမည်ကျော် အားလ်ဘဲကာမျူး (အဲလ်ဘတ်ကမူး) (၁၉၁၃-၁၉၆၀) ကို မွေးဖွားခဲ့တာ ဒီကနေ့  
ရက်နေ့ နိုဝင်ဘာလ ၂၀၁၃ မှာ နှစ်တရာပြည့်ပါပြီ၊ ဒဿနပညာရှင် စာရေးဆရာ စာတမ်းရေးဆရာ ဝတ္ထုရေးဆရာ ပြဇာတ်ရေးဆရာ သတင်းစာဆရာ Albert Camus ကို အယ်ဂျီးရီးယားနိုင်ငံ အရှေ့ ကမ်းရိုတန်း မြို့ကလေးတမြို့ဖြစ်တဲ့ Mondovi မြို့မှာ မွေးခဲ့တာပါ၊  

အခုခေတ်မှာတော့ Dréan လို့ ပြောင်းလဲခေါ်နေကြတဲ့ Mondovi မြို့က ပြင်သစ်ယဉ်ကျေးမှု လွှမ်းမိုးရာဒေသဖြစ်သလို အဲဒီခေတ် မွန်ဒိုဗွီမြို့သားများက သူတို့မြို့ကိုသူတို့ Le Petit Paris လို့တောင်မှ တင်စားခေါ်ဝေါ်ကြပါတယ်တဲ့၊ 

 ပြင်သစ်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ ၁၈၃၀ ခုကနေ ၁၉၆၂ ခုနှစ်အထိ နှစ်ပေါင်းများစွာ  
နေခဲ့ရတဲ့ အယ်ဂျီးရီးယားနိုင်ငံ အယ်ဂျီးရီးယား လူမျိုးတွေမှာ ပြင်သစ်ယဉ်ကျေးမှု 
 ပြင်သစ်ပုံစံတွေ  ဖြစ်နေတာ ကတော့ သိပ်ပြီးမထူးဆန်းဘူးလို့  ထင်ပါတယ်၊  

ဒီကနေ့ခေတ် မောင်ရင်ငတေတို့နဲ့ ပြင်သစ်ပြည်ရဲ့ နေရာတကာမှာ အတူတူ အလုပ်လုပ်နေ တွေ့ဆုံနေကြရသူတွေကလည်း အယ်ဂျီးရီးယားနိုင်ငံမှာ မွေးဖွားခဲ့ပြီး 
 ပြင်သစ်မြေမှာ ကြီးပျင်းခဲ့သူတွေများလှသလို လက်ရှိနောက်ဆုံး မျိုးဆက်တွေကတော့ 
 ပြင်သစ်မြေမှာ မွေးဖွားခဲ့ပြီး ပြင်သစ်လူမျိုးတွေ ဖြစ်နေကြပါပြီ၊  

အားလ်ဘဲကမျူးကို French North Africa ဒေသများ ဖြစ်ကြတဲ့ အယ်ဂျီးရီးယား မော်ရိုကို တူနီးရှားနိုင်ငံတွေမှာ နေထိုင်ကြသူ Pieds-Noirs ဆိုပြီး ခေါ်ကတဲ့ ပြင်သစ်မျိုးနွယ် မိသားစုမှ မွေးဖွားခဲ့တာပါ၊  

သူတို့လို လူမျိုးတွေ အခုအခါမှာ နှစ်သန်းကျော်ခန့်ရှိပြီး ပြင်သစ်စကားပြောပြီး ပြင်သစ်  
မျိုးနွယ်ဖွားများ ဖြစ်ကြသော်လည်း သူတို့ရဲ့ မျိုးဆက်တွေဟာ ပြင်သစ်မြေပေါ်မှာ မွေးခဲ့သူများ  
မဟုတ်ကြပါဘူး၊
  ဒီကနေ့ ပင်သစ်မြေကြီးပေါ်မှာ ပြင်သစ်ဖြစ်ပြီး ပြင်သစ်မြေမှာ မွေးဖွားခဲ့သူတွေရယ် ပြင်သစ်လူမျိုးဆိုပေမဲ့ ပြင်သစ်မြေ ပြင်ပမှာမွေး ဖွားခဲ့သူတွေရယ် ပြင်သစ်မြေမှာ မွေးဖွားခဲ့ပေမဲ့ ပြင်သစ်လူမျိုးမဟုတ်သူ ပြင်သစ်နိုင်ငံသားတွေရယ် လူမျိုးပေါင်းစုံနဲ့ သွေးချင်းရောနေတဲ့ ပြင်သစ်ကပြားဖြစ်သူ နိုင်ငံသားတွေရယ် မောင်ရင်ငတေတို့လို ပြင်သစ်မြေ ပြင်ပမှာ မွေးဖွားခဲ့ပြီး ပြင်သစ်လူမျိုးလည်းမဟုတ် ပြင်သစ်နိုင်ငံသားလည်း မဟုတ်သူ တွေရယ် ပေါင်းစုပြီးနေကတာပါ၊  

လူတန်းစား ခွဲခြားမှုတွေက ဟိုး အရင့်အရင် ခေတ်ကာလတွေလို မဆိုးဝါးတော့ပေမဲ့ အနည်းနဲ့အများတော့ ရှိပါသေးတယ်၊ အခြေခံ ရပိုင်ခွင့်တွေ တော်တော်များများ ညီတူစွာ ရရှိခဲ့ကြ ရရှိနေကြဆဲပါ၊ ဒါပေမဲ့ ပြောင်းလဲလာတဲ့ ကမ္ဘာ့အခြေအနေများရယ် ကမ္ဘာတဝှန်း စီးပွားရေး ကျဆင်းလာမှုတွေရယ်ကြောင့် မောင်ရင်ငတေတို့ နေရထိုင်ရတာတွေက အရင်တုန်းက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကလောက်တော့ အနေအစား မချောင်တော့တာက အမှန်ပါဘဲ၊

Albert Camus Centenaire

ဒီနေရာမှာ မောင်ရင်ငတေ ပြောချင်တာရေးချင်တာကတော့ အားလ်ဘဲကာမျူးကို Existentialism ဖြစ်တည်မှုပဓာန ဝါဒသမားလား Absurdism အဓိပ္ပါယ်မဲ့မှုဖြစ်နိုင်ချေမရှိမှု ဝါဒသမားလား Nihilism သုညဝါဒ ဘာမှမရှိမှု ဝါဒသမားလားဆိုပြီး ရေးချင်ပြောချင်တာ မဟုတ်ပါဘူး၊ အားလ်ဘဲကာမျူးဟာ သူဟာ စာရေးဆရာတယောက်ဖြစ်တယ် ပြင်သစ်လူမျိုး တဦးဖြစ်တယ်၊ ပြင်သစ်ဘာသာနဲ့ စာတွေ များစွာရေးခဲ့တယ်၊ စာပေနိုဘယ်ဆု ရဖူးတယ်၊

 ဒါလောက်ကိုသာ မိတ်ဆက်ပေးချင်တာပါ၊ သူရေးခဲ့ တယ်ဆိုတဲ့ စာအကြောင်းတွေ သီအိုရီတွေ ဒဿနတွေကို ထဲထဲဝင်ဝင် ဂဃနဏ သိရှိဖို့ကလည်း မလွယ်ကူလှသလို တော်တော်ကို ပျင်းစရာကောင်းလှတဲ့ အလုပ်မျိုးမှာ ဒဿနိက ပါပါတယ်နော်၊

Jean Paul Sartre & Albert Camus, En juin 1943. Il rencontre Jean-Paul Sartre avec qui il se lie d'amitié et devient lecteur chez Gallimard.                  (Photo Google)

Jean-Paul Sartre ယန်းပေါလ်ဆတ်ထ် (၁၉၀၅-၁၉၈၀) နဲ့ အားလ်ဘဲကာမျူးဟာ စာပေနိုဘယ်ဆု ရရှိခဲ့သူ နှစ်ဦးပါ၊ သူတို့နှစ်ဦးရဲ့ စာတွေ အတွေးအခေါ်တွေ အယူအဆတွေဟာ သူတို့ရဲ့အကြိုက် ပရိသတ်များအကြိုက် တူကောင်းမှတူနိုင်ပေမဲ့ သူတို့နှစ်ဦးမှာတော့ တူညီတာတွေ တချို့ရှိပါတယ်၊ 

သူတို့နှစ်ယောက်ရဲ့ စဉ်းစာပုံ စဉ်းစားနည်းဟာ သမရိုးကျပုံစံက ခွဲထွက်နေတာကို မောင်ရင်ငတေ အကြိုက်ဆုံးပါ၊ သူတို့ နှစ်ဦးစလုံးရဲ့ အဖေတွေက သူတို့မွေးကာစမှာ သေဆုံးခဲ့ကြလို့ မိခင်နဲ့သာ ကြီးပျင်းခဲ့ရတာပါ၊ 

ယန်းပေါလ်ဆတ်ထ်က အသက်ပိုကြီးပေမဲ့ ၁၉၈၀ ခု အသက် ၇၄ နှစ် အရွယ်ထိ နေခဲ့ရပြီး ကာမျူးကတော့ ၁၉၆၀ ခုနှစ် အသက် ၄၆ နှစ် ငယ်ရွယ်စဉ်မှာ ကားမှောက်ပြီး ကွယ်လွန် ခဲ့တာပါ၊ 

ကာမျူး ၁၉၃၄ ခုနှစ်မှာ ပထမအကြိမ် လက်ထပ်ယူခဲ့တဲ့ Simone Hié ဆိုတဲ့ အမျိုးသမီးနဲ့ တနှစ်ကျော် အကြာမှာ  လမ်းခွဲခဲ့ကြတယ် ဆိုပါတယ်၊ ၁၉၄၀ ခုမှာ ပြင်သစ်နွယ်ဖွား အယ်ဂျီးရီးယား နိုင်ငံမှာ မွေးဖွားသူ သင်္ချာဆရာမ စန္ဒယားဆရာမ Francine Faure နဲ့ဒုတိယအကြိမ်လက်ထပ်ခဲ့ပြီး ကလေး ၂ ယောက် ရရှိခဲ့ပါတယ်၊ 

ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းမှာတော့ ပြင်သစ်ပြည်တောင်ပိုင်း
မားဆေးလ်မြို့နဲ့ မိုင် ၄၀ ခန့်အကွာမှာ ရှိတဲ့ Lourmarin မြို့ဟောင်းလေးမှာ သူတို့မိသားစု နေထိုင် ခဲ့ပါတယ်၊ အဲဒီမြို့မှာ ကမျူးရဲ့ နောက်ဆုံးခေါင်းချရာနေရာ ရှိတာပါ၊

 ပြင်သစ်နိုင်ငံမှာ ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ Jean Jacques Rousseau, Victor Hugo, Émile Zola, Alexandre Dumas တို့လို နိုင်ငံရေး လူမှုရေး စာပေနယ်ပယ်က ပုဂ္ဂိုလ်ကြီးတွေရဲ့ နောက်ဆုံးနေထိုင်ရာ နေရာဖြစ်သော ပါရီ မြို့လယ်က ၁၈ ရာစု ရှေးဟောင်းအဆောက်အဦး Panthéon မှာ ကာမျုးကိုလည်း ပြောင်းရွှေ့ စေဖို့ ၂၀၀၉ ခုနှစ်လောက်က သမ္မတကြီး ဆာကိုဇီရဲ့လက်ထက်မှာ အကြံပြုခဲ့ကြပေမယ့် ကာမျူးရဲ့ သားကြီးက လက်မခံ ငြင်းပယ်ခဲ့ပြီး သမီးဖြစ်သူကတော့ အကြောင်းတစုံတရာ မပြန်ကြားခဲ့ပါဘူး၊

Albert Camus, à la terrasse du café les deux magots, à Paris,en 1945 (Photo Google)

အားလ်ဘဲကာမျူးက စာပေ နိုဘယ်ဆုကို ၁၉၅၇ ခုနှစ်မှာ ပေးအပ် ခံခဲ့ရကာ လက်ခံ ရယူခဲ့ပြီးတော့ ယန်းပေါလ်ဆတ်ထ်ကတော့ ၁၉၆၄ ခုနှစ်မှာ ပေးအပ်ခံခဲ့ရပေမဲ့ အဲဒီလို ဆုမျိုးပေးတာကို မကြိုက် နှစ်သက်ခဲ့သူမျိုး ဖြစ်ပြီး လက်ခံရယူဖို့ကို ငြင်းပယ်ခဲ့သူပါ၊ 

သူတို့နှစ်ဦးရဲ့ စာအုပ်တွေကို Gallimard စာအုပ်တိုက်ကနေ ထုတ်ဝေခဲ့တာ များပါတယ်၊ အဲဒီလို သူတို့နှစ်ဦးရဲ့ နာမည်ကျော် စာအုပ်များကို ရေးသားထုတ်ဝေနေစဉ်မှာ အဲဒီစာအုပ်တိုက်နဲ့ ပတ်သက်ပြီး သူတို့နှစ်ဦး တွေ့ဆုံရင်းနှီးခဲ့ပါတယ်တဲ့၊ 

ကမ္ဘာစစ်ကြီးအပြီး ၁၉၄၇ ခု နောက်ပိုင်းမှာတော့ သူတို့နှစ်ဦးဟာ ပါရီမြို့လယ်ခေါင်က Boulevard Saint-Germain လမ်းမကြီးပေါ်မှာတည်ရှိတဲ့  နာမည်ကျော် ဘား ကဖေးဆိုင်များ ဖြစ်ကြတဲ့ Café Les deux Magots နဲ့ Café de Flore တို့မှာ တခြားသော နာမည်ကျော်သူများစွာနဲ့အတူ နေ့စဉ်လို ရှိနေတတ်ပါတယ်တဲ့၊ 

အဲဒီလို နာမည်ကျော်တွေလာထိုင်ပြီး လေပစ်ခဲ့ကြတဲ့ ပါရီကဖေးဆိုင်များဟာ
မောင်ရင်ငတေတို့ ပါရီလမ်းမများပေါ်မှာ လမ်းသလားနေတဲ့ ဒီကနေ့ခေတ်အထိ နာမည်ကျော်ကြားနေဆဲဖြစ်သလို ဈေးနှုန်းကိုတော့ တခြားမြို့လယ်က ကဖေးဆိုင်များထက် ပိုမိုပြီး နှစ်ဆသုံးဆ မက တင်ထားပါတယ်၊ နာမည်ကြီးများရဲ့ သမိုင်းဝင် ကဖေးတွေ ဘားတွေကတော့ အလုပ်ဖြစ်နေဆဲပေါ့၊

La lettre de Camus à Sartre စပ်ထ်ရ် (Sartre) ထံသို့ ကာမျူး (Camus) ပေးစာ
(Photo Google)

ကာမျူးက ယန်းပေါလ်ဆတ်ထ်ကို ရေးခဲ့တဲ့ စာတစောင်ပါ၊ ကာမျူး တကယ်အစစ်အမှန် ရေးခဲ့တာ ဟုတ်မဟုတ်ကတော့ မသေချာပါဘူးတဲ့၊ ယုံကြည်ဖို့ ဆိုတာကတော့ ခက်ပါတယ်၊ 

အကယ်၍သာ ဒီ စာလေးတစောင်က ကာမျူးကနေ ဆတ်ထ်ကို တကယ်ရေးပေးခဲ့တဲ့ စာအမှန်သာ ဖြစ်ခဲ့ပါက ဒီစာရဲ့ တန်ဖိုးက ဘယ်လောက်ထိအောင်မှ ဈေးထိုးမြောက်သွားမလဲ မသိနိုင်ပါဘူး၊ ရှေးဟောင်းဈေးကွက် အရောင်းအဝယ်က ရှိနေပါတယ်၊ 

ဒီစာကို တွေ့ခဲ့ရတာက သိပ်မကြာလှသေးဘဲ တွေ့ပုံတွေ့နည်းက နည်းနည်းတော့ ထူးဆန်းပါပေတယ်၊ ပါရီလိုရှေးဟောင်းပစ္စည်း တန်ဖိုးကြီးမားလှတဲ့ နေရာဒေသမှာ တော်ကြာရင်း ဘယ်နာမည်ကျော် ပန်းချီဆရာကြီး ရေးဆွဲခဲ့တယ်ဆိုတဲ့ ပန်းချီကား ရှာဖွေတွေ့ပြန်ပြီ
ဆိုတာတွေက ခဏခဏ ကြားရဖူးပါတယ်၊ 

အဲလိုမျိုး လိမ်ချင်သူတွေက ပို၍ပို၍ များလာကြောင်းပါ၊ အဲဒီစာကို တွေ့ရှိခဲ့သူ အပြောကတော့ ရှေးစာအုပ်အဟောင်းတွေကို စုဆောင်းထားလေသူ တဦးရဲ့ ပြန်လည် ရောင်းချပွဲမှာ ဝယ်ယူခဲ့တဲ့ စာအုပ်အဟောင်း တအုပ်ကြားမှာ ပါရှိလာတာပါတဲ့၊ 

အဲဒီစာကို ကာမျူးနေထိုင်ခဲ့ရာနဲ့ သူ့အုတ်ဂူရှိရာ ပြင်သစ်တောင်ပိုင်းက Lourmarin မြို့မှာ ပြုလုပ်မယ့် ကာမျူး အနှစ်တရာပြည့် မွေးနေ့ပွဲမှာ ပြသထားမယ်လို့ ဆိုပါတယ်၊ 

အဲဒီစာပါ အကြောင်းအရာများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်၊ ဘာသာပြန်ဆိုပေးသူကတော့ လွန်ခဲ့သော နှစ်လေးဆယ်ကျော်က ကာမျူးရဲ့
 L'Étranger စာအုပ်ကို ပြင်သစ်ဘာသာကနေ တိုက်ရိုက်ပြန်ဆိုခဲ့တဲ့
 အောင်မျိုး (ပြင်သစ် စကားပြန်ဟောင်း) ဖြစ်ပါတယ်၊

Mon cher Sartre,
Voici vos ors que je sertis de remerciements. Je vous souhaite ainsi qu'au Castor de beaucoup travailler. Et bien. Car nous avons fait du mauvais travail avec nos amis. Si mauvais que j'en dors mal. Et faites-moi signe à votre retour: nous passerons une soirée dégagée.     Amitiés . . . …… ….. … .. Camus

ခင်မင်ရပါသော စပ်ထ်ရ်။ 
ကျေးဇူးများစွာတင်ရှိရပါကြောင်း ခင်ဗျားရဲ့ရွှေများအပေါ် ကျနော်မြတင်ကျောက်မျက်ဆင်လို့ အသိ ပေးလိုက်ပါတယ်။ အလုပ်တွေများများ လုပ်နိုင်ပါစေလို့ ခင်ဗျားကိုရော ကာစ်တော်(Castor) ကိုပါ ကျနော် ဆန္ဒပြုလိုက်ပါတယ်။ 

ဆိုလိုတာကတာ့ အလုပ်ကောင်းတွေ လုပ်နိုင်ကြဘို့ပါ။ ဘာကြောင့် လည်းဆိုတော့ ကျနော်တို့က ကျနော်တို့ရဲ့ မိတ်ဆွေများနဲ့ အလုပ်ကောင်းကောင်း မလုပ်နိုင်ခဲ့ကြ ဘူးလေ၊ ဘယ်လောက်များ ဆိုးရွားသလဲဆိုရင် ကျနော့်မှာ အိပ်လို့မပျော်တဲ့ ညများနဲ့ ရင်ဆိုင်နေ ရပါတယ်။ 

ကဲ ခရီးမှ ပြန်ရောက်တဲ့အခါ ကျနော့်ကို အကြောင်းကြား ပေးပါအုံး ခင်ဗျား၊ 
အားလပ်တဲ့ တစ်ညနေခင်းမှာ လွတ်လွတ်လပ်လပ် တွေ့ကြရအောင်ပါ။ 

ခင်မင်မှုများစွာဖြင့် . . …..     ကာမျူး

Algeria နိုင်ငံ Dréan မြို့ Rue Saint-Ambroise လမ်းမှာရှိ ကာမျူး မွေးဇာတိ (Photo Google)

ကာမျူးရဲ့အဖေဖြစ်သူ Lucien Auguste Camus ကိုလည်း အယ်ဂျီးရီးယားနိုင်ငံမှာ ၁၈၈၅ ခုနှစ်က မွေးဖွားခဲ့တာပါ၊ သူတို့တတွေရဲ့ ဘိုးတွေဘွားတွေကတော့ ပြင်သစ်ပြည် အရှေ့မြောက်ပိုင်း Alsace နဲ့ အနောက်တောင်ပိုင်း Bordeaux နယ်ဇာတိတွေပါ၊ 

ကာမျူးရဲ့အဖိုးဖြစ်သူက ၁၈၃၀ ခုနှစ် နောက် ပိုင်းကာလ ပြင်သစ်အုပ်ချုပ်မှု စတင်ခဲ့တဲ့အချိန်မှာ ပြောင်းရွှေ့ရောက်ရှိ အခြေချပြီး နေထိုင်ခဲ့ကြတဲ့
ပြင်သစ်လူမျိုးတဦးပါ၊ 

ကာမျူးရဲ့အဖေကတော့ ပြင်သစ်ရဲ့ အုပ်ချုပ်ရေးဝန်ထမ်းတဦး မဟုတ်ပါဘူး၊
ဝိုင်သိုလှောင် ရောင်းချသူတဦးဖြစ်ပြီး ကာမျူးကို မွေးအပြီး ၁၉၁၄ ခုနှစ်မှာ ပထမကမ္ဘာစစ် ဖြစ်စမှာ စစ်ထဲဝင်ရောက်ခဲ့ပြီး ပထမဆုံးစစ်ပွဲ Battle of the Marne မှာဘဲ ဒဏ်ယာရပြီး သေဆုံးခဲ့ရတာပါ၊ 

ကာမျူးရဲ့အမေဘက် မျိုးနွယ်တွေကတော့ မြေထဲပင်လယ်အထဲက စပိန်ပိုင်ကျွန်းဖြစ်တဲ့ Menorca ကျွန်းက အယ်ဂျီးရီးယားကို ရွှေ့ပြောင်း အခြေချလာသူတွေပါ၊ ကာမျူးဟာ ပထမကမ္ဘာစစ် မတိုင်မီ မွေးဖွားစဉ်ကစလို့ ဒုတိယကမ္ဘာစစ်ပြီး ကာလထိတိုင်အောင် အယ်ဂျီးရီးယားမှာ အနေများခဲ့ပါတယ်၊

Facel Vega FV3B ကားရဲ့ ၁၉၅၆ ခုနှစ် ကားသစ်ပြပွဲကြော်ငြာ           (Photo Google)

လူထူးလူဆန်းလို့ဆိုရမယ့် အားလ်ဘဲကာမျူးရဲ့ သေဆုံးရပုံကလည်း ထူးထူးခြားခြားလို့ ဆိုရပါမယ်၊ သူတို့နေထိုင်ရာ ပြင်သစ်နိုင်ငံ တောင်ပိုင်းရှိ Lourmarin မြို့ကနေ နှစ်သစ်ကူး အားလပ်ရက်ရလို့  ပြင်သစ်ပြည် အလယ်ပိုင်းခပ်ကျကျ ပါရီမြို့ တောင်ဘက် ကီလိုမီတာ ၇၀ ခန့်အကွာက Villeblevin မြို့ကို ခရီးထွက်ခဲ့ရာက အပြန်မှာ ကားမှောက် သေဆုံး သွားခဲ့ရတာပါ၊ 

၁၉၆၀ ခုနှစ် ဂျန်နဝါရီလ ၄ ရက်နေ့ မနက်စောစောဟာ ဥရောပဆောင်းရာသီ
 ဖြစ်တာနဲ့အညီ နှင်းမြူတွေက အုံ့ဆိုင်း မှိုင်းရီ နေသလို ရာသီဥတုကလည်း အေးမြနေပါ တယ်တဲ့၊ 

အဲဒီနေ့မှာ အားလ်ဘဲကာမျူးရဲ့ စာအုပ်များကို ထုတ်ဝေနေတဲ့ Gallimard စာအုပ်တိုက်ပိုင်ရှင်ရဲ့ တူတော်သူ Michel Gallimard မောင်းနှင်လာတဲ့ အဲဒီခေတ် အဲဒီအခါက နာမည်ကြီး ပြင်သစ်ထုတ် တံခါးနှစ်ပေါက် ပြိုင်ကားပုံစံဖြစ်တဲ့ Facel Vega FV3B  ပေါ်မှာ ကာမျူးလည်း စီးနင်းလိုက်ပါလာပါတယ်၊ 

တကယ်တော့ သူဟာ မီးရထားနဲ့ ပြန်ဖို့ရာ လက်မှတ် ဝယ်ယူထားပြီးသားပါတဲ့၊ ဒါပေမဲ့ ကံဆိုးချင်တော့ကာ ကာမျူးဟာ သူ့ထုတ်ဝေသူဖြစ်တဲ့ Michel Gallimard က ဖိတ်ခေါ်လို့ အဲဒီကားနဲ့ လိုက်ပါခဲ့တာပါ၊ ကားပေါ်မှာ ကားမောင်းသူ Michel Gallimard ဘေးမှာ ကာမျူးကထိုင်ပြီး Michel ရဲ့မိန်းမနဲ့သမီးဖြစ်သူက နောက်ခန်းမှာ ထိုင်ပါတယ်၊


ထုတ်ဝေသူ Michel Gallimard မိသားစုနဲ့ ကာမျူးဟာတော်တော်ရင်းနှီးပါတယ်၊ သူ့သမီးရဲ့မွေးနေ့ ပါတီပွဲကိုတက်ဖို့ ဖိတ်ခေါ်ခဲ့တာကြောင့် အိမ်ပြန်ဖို့ ဝယ်ပြီးသား ရထားလက်မှတ်ရှိပေမဲ့ ကားပေါ်မှာ ပါလာတာပါ၊ 

အဲဒီအချိန်က Facel Vega FV3B ကား နာမည်ကြီးပုံက ပန်းချီဆရာ Pablo Picasso  ဖက်ရှင်ဆရာ Christian Dior တို့ အဆိုတော် Ringo Starr တို့ Frank Sinatra တို့ ရုပ်ရှင်မင်းသား Tony Curtis,Dean Martin,Robert Wagner,Anthony Quinn တို့အပြင် ဆော်ဒီအာရေဗီးယား ရေနံမင်းသားတွေ ပြင်သစ်သံတမန်လောကက ပုဂ္ဂိုလ်ကြီးငယ်တွေ အပြိုင်အဆိုင် ဝယ်စီးနေကြတဲ့ ကားအမျိုးအစားပါ၊ 

အဲဒီကားအမျိုးအစားကို ၁၉၅၄ ခုနှစ်ကနေ ၁၉၆၄ ခုနှစ်အထိ ဆယ်နှစ်တာသာ ထုတ်လုပ်ခဲ့ပြီး လုပ်ငန်းကို ဘာကြောင့်မှန်းမသိ ဖျက်သိမ်းခဲ့ပါတယ်၊ ဒီကားအမျိုးအစားကို အစီးရေ သုံးလေးထောင်ခန့်သာ ထုတ်လုပ်ခဲ့တာကြောင့် အခုလက်ရှိ ကားဟောင်းဈေးကွက်မှာ ယူရိုသန်း ဂဏန်းပေါက်နေပြီး *ကားရူး ကာမျူးရူးသူ* ပြင်သစ်တချို့လည်း နှစ်စဉ် ဒီလိုအချိန်ရောက်ရင် အဲဒီ ကားမျိုးနဲ့ အဲဒီလမ်းကိုသွားပြီး ကာမျူးအမှတ်တရ လုပ်ကြပါတယ်တဲ့၊ 

ကာမျူးကတော့ အဲဒီကားကို စီးချင်လွန်းလှလို့ လိုက်သွားခဲ့တာတော့ မဟုတ်တန်ရာပါဘူး၊ ဘဝတခု အဆုံးသတ်ချိန်တန်လို့သာ အဲဒီအချိန် အဲဒီကားနဲ့ အဲဒီလမ်းကို လိုက်သွားရတာသာ
 ဖြစ်မှာပါ၊

Champigny-sur-Yonne ကာမျူးရဲ့ နောက်ဆုံးလမ်း                        (Photo Google)
ရာသီဥတုက အေးမြပြီး မြူတွေအုံ့ဆိုင်းနေပေမဲ့ ကားလမ်းကတော့ ဖြောင့်တန်းပြီး ကားကရှင်းနေပါတယ်တဲ့၊ ဒါပေမဲ့ လမ်းအကျယ်က ကိုးမီတာခန့်သာရှိပြီး လမ်းဘေး တဘက်တချက်မှာ သစ်ပင်ကြီးတွေကို တန်းစီပြီးစိုက်ထားတဲ့ လမ်းမျိုးပါ၊ 

ကာမျူးရဲ့ နောက်ဆုံးထုတ်ဝေတဲ့ စာအုပ်အကြောင်းတွေ တပြောပြောနဲ့ ကားကိုပုံမှန်
မောင်းနှင်ပြီး လာခဲ့ရာက ကားမောင်းသူ မီရှဲလ်ဂါလီမားဒ်ရဲ့ အော်သံကို ကြားလိုက်ရပြီး 
ကားက လမ်းဘေး သစ်ပင်တန်းများဆီ ထိုးဆိုက်တိုက်ခိုက်ပြီး မှောက်သွားခဲ့တာပါ၊
အားလ်ဘဲကာမျူးကတော့ ကားမှောက်မှောက်ချင်းမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကားမောင်းသူကတော့ နောက်ခြောက်ရက် အကြာမှာ သေဆုံးခဲ့ပါတယ်၊ 

ကားနောက်ခန်းက အမေနဲ့သမီးကတော့ သေကံ မရောက်ခဲ့ပါဘူး၊ ကားပေါ်မှာပါလာတဲ့ ခွေးကလေးတကောင်ကတော့ ထွက်ပြေးသွားပါတယ်၊ အဲဒ အကြောင်းအရာတွေကို ပြန်လည်ပြောပြသူကတော့ ကားပေါ်မှာ မသေမပျောက် ကျန်ရှိခဲ့တဲ့ မဒမ် မီရှဲလ် ဂါလီမားဒ်က ပြန်ပြောင်းပြောပြခဲ့တာပါ၊ 

ကာမျူးက လက်ဝဲစာပေတွေကို လေ့လာလိုက်စားခဲ့  လက်ဝဲအယူအဆတွေကို လက်ခံခဲ့ပြီး ပြင်သစ် ကွန်မြူနစ် အဖွဲ့အစည်းတွေကို ဝင်ရောက်ခဲ့ပေမယ့် ကွန်မြူနစ်စနစ် အာဏာရှင်စနစ်ကို မအောင်မြင်နိုင်ဘူးဆိုပြီး ဝေဖန်ခဲ့တာတွေရယ် ဆိုဗီယက်ရုရှား လုပ်ရပ်တွေကို သူရေးသားဝေဖန်ခဲ့တဲ့ အတွက်ရယ် သူရဲ့ အပြောတွေ လူတွေလက်ခံ နာမည်ကြီး လာတာတွေကို မကြိုက်နှစ်သက်တဲ့ KGB လိုအဖွဲ့အစည်းကများ လုပ်ကြံခဲ့လေသလား ဆိုတာက ထုံးစံအတိုင်း တွေးမိကြရတဲ့ အတွေးတွေ ဖြစ်ခဲ့ရတာပါ၊ 

သူရဲ့ မဟုတ်မခံစိတ်တွေနဲ့ ကုလသမဂ္ဂက စပိန်အာဏာရှင်ကို နေရာပေးခဲ့တာမျိုးကို မကျေနပ်ခဲ့လို့ ယူနက်စကိုရဲ့ အလုပ်တွေကို ရပ်ဆိုင်းပစ် ခဲ့ဖူးပါတယ်၊ မောင်ရင်ငတေ ကြိုက်နှစ်သက်တဲ့ ကာမျူးရဲ့ လုပ်ရပ်တွေပေါ့၊


James Byron Dean                 (Photo Google)
မောင်ရင်ငတေ အမြင်ကတော့ ကာမျူးရဲ့ ထင်ရှားသောဓါတ်ပုံများဟာ ဟောလီဝုဒ်က ခပ်မိုက်မိုက်ခပ်ကြမ်းကြမ်း ရုပ်ရှင်မင်းသားတဦးကဲ့သို့ ထင်မြင်ရသလို သူ့ရဲ့လုပ်ရပ်များ 
အယူအဆများ အတွေး အခေါ်များဟာ သူ့ရဲ့ မဟုတ်မခံစိတ်ကို ဖော်ပြနေသလို သူရဲ့ရုပ်သွင်ကလည်း စိတ်ကို ထင်ဟတ် ပေါ်လွင်နေပါတယ်၊ 

တိုက်ဆိုင်လာလို့ပြောရရင်တော့ မောင်ရင်ငတေတို့ အထကကျောင်းသားဘဝ စီးကရက်ခိုးသောက်တတ်စဉ်က ဟောလီဝုဒ်ရုပ်ရှင်မင်းသား James Dean စီးကရက်ခဲနေတဲ့ပုံစံကို အတော်လေး အားကျခဲ့ဘူးပါတယ်၊ 

ကာမျူးရဲ့ စီးကရက်ခဲပုံကလည်း နာမည်ကျော်တဲ့ ပုံတပုံပါဘဲ၊ 

ကာမျူးနဲ့ ဂျိမ်းစ်ဒင်းမှာ တခြားအဖြစ်အပျက်တူတာက ကားမှောက်ပြီးသေဆုံးခဲ့တာပါဘဲ၊ ဂျိမ်းစ်ဒင်း (၁၉၃၁- ၁၉၅၅) ကတော့ ကိုယ်ပိုင်ပြိုင်ကား Porsche 550 Spyder ကို ကိုယ်တိုင်မောင်းနေစဉ်မှာ မျက်နှာချင်းဆိုင်က လမ်းမှား ဝင်လာတဲ့ ကားနဲ့ တိုက်မိပြီး သေဆုံးခဲ့ရတာပါ၊

 ခေါင်းဆောင်မင်းသား အဖြစ် ဂျိမ်းစ်ဒင်းဟာ ရုပ်ရှင်ကားကြီးသုံးကားသာရိုက်ကူးခဲ့ပေမယ့် အဲဒီသုံးကားစလုံးမှာ ဆုတွေရခဲ့ ပါတယ်၊ တကားကတော့ သူသေပြီးမှ ရုံတင်နိုင်ခဲ့တာပါ၊ 

ဂျိမ်းစ်ဒင်း သေဆုံးစဉ်က အသက် ၂၄ နှစ် အရွယ်သာရှိသေးပြီး ကာမျူးကြီးကတော့ ၄၇ နှစ်အရွယ်ထိရောက်အောင် နေလိုက်ရပါသေးတယ်၊ ကာမျူး ရေးသားခဲ့တဲ့ စာအုပ်များစာရင်းကလည်း သိပ်မရှည်လျှားလှပါဘူး၊ ဝတ္ထုရေးတာ ငါးအုပ်မှာ သူသေပြီးအတော်ကြာမှ နှစ်အုပ်က ဖြန့်ချီဖြစ်ခဲ့တာပါ၊ ဒဿနစာအုပ် လေးငါးအုပ် ဝတ္ထုတို လေးငါး အုပ် အက်ဆေးစာတမ်းစာအုပ် သုံးလေးအုပ်နဲ့ ပြဇာတ်တချို့ ရေးသားခဲ့ပါတယ်၊

L'Étranger (The Stranger) (1967) ရုပ်ရှင်ကား ကြော်ငြာပိုစတာ           (Photo Google)

ကာမျူးကို သူ့စာတွေ စာအုပ်တွေ နာမည်ကြီးနေစဉ် သူ့ဝတ္ထုဇာတ်လမ်းတွေကို အထူးသဖြင့်တော့ L'Étranger ဇာတ်လမ်းကို ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့ကြတာတွေရှိခဲ့ပြီး သူကတော့ အကြိမ်ကြိမ် အခါခါ ငြင်းပယ်ခဲ့ပါတယ်၊ 

သူမရှိတော့တဲ့အခါမှ သူ့ရဲ့ဇနီးဖြစ်သူက မှတ်တမ်းကျန်ရှိအောင် ရိုက်ခွင့် ပြုခဲ့လို့ ၁၉၆၇ ခုနှစ်မှာ L'Étranger ၁၉၉၂ မှာ La Peste ဇာတ်ကား ရုံတင်ပြသခဲ့ပါတယ်၊ သူ့ကိုပါ ကိုယ်တိုင် သရုပ်ဆောင်လုပ်ဖို့ ဆွယ်ခဲ့ဖူးကြလေသလား ဆိုတာကတော့ တွေးမိချင်စရာပါ၊ ကာမျူး စီကရက်ခဲထားပုံအရကတော့ သရုပ်ဆောင်ဖြစ်ခဲ့ရင်လည်း လူကြိုကများနိုင်ပါတယ်၊

L'Étranger (1942) မူရင်းစာအုပ်အဖုံး            (Photo Google)

ပြင်သစ်လို L'Étranger လိုခေါ်တဲ့ စာအုပ်ကို ပါရီမြို့ရှိ Gallimard စာအုပ်တိုက်က ၁၉၄၂ ခုနှစ်မှာ စတင် ထုတ်ဝေဖြန့်ချီခဲ့ပါတယ်၊ အင်္ဂလိပ်လို ဘာသာပြန်တဲ့ စာအုပ်ကိုတော့ အင်္ဂလိပ်လူမျိုး Stuart Gilbert (၁၈၈၃-၁၉၆၉) က ၁၉၄၆ ခုနှစ်မှာ The Stranger အမည်နဲ့ဘာသာပြန်ဆိုပြီး အမေရိကန် နယူးယောက်မြို့မှာ ပုံနှိပ် ထုတ်ဝေခဲ့တာပါ၊ 

Hamish Hamilton စာအုပ်တိုက်က အင်္ဂလန်နိုင်ငံမှာ ဒုတိယအကြိမ်အဖြစ် ၁၉၈၂ ခုနှစ်မှာထုတ်ဝေခဲ့ပြီး ၁၉၈၈ ခုနှစ်မှာတော့ အမေရိကန်ဗားရှင်းအဖြစ်နဲ့ Matthew Ward ဆိုသူက ဘာသာပြန်ပြီး Random House စာအုပ်တိုက်ကနေ တတိယအကြိမ် ထုတ်ဝေခဲ့ပါတယ်၊ မူရင်းစာအုပ်က အုပ်ရေ ၁၀ သန်းကျော် ရောင်းရတယ်လို့ ဆိုပါတယ်၊

L'Étranger သူစိမ်းဆန်ဆန် ၁၉၆၆

အားလ်ဘဲကာမျူးရဲ့ ဒီ L'Étranger စာအုပ်ကို ဘာသာပေါင်းများစွာနဲ့ ဘာသာပြန်ဆို ထုတ်ဝေခဲ့ကြ သလို သီချင်းအဖြစ်  ရုပ်ရှင်အဖြစ် ကာတွန်းအဖြစ်လည်း သီဆိုရိုက်ကူး ရေးဆွဲခဲ့ကြပါတယ်၊

 မြန်မာ ဘာသာနဲ့တော့ စာရေးဆရာနှစ်ဦးက ဘာသာပြန်ဆို ထုတ်ဝေခဲ့ဖူးပါတယ်၊ ပထမဦးစွာ ၁၉၆၆ ခုနှစ် ဝန်းကျင်ခန့်က ပြင်သစ်လို မူရင်းဘာသာ စာအုပ်ကနေ ဘာသာပြန်ဆို
 ရေးသားခဲ့သူ စာရေးဆရာ အောင်မျိုး ပြင်သစ်စကားပြန်ဟောင်းကိုတော့
 ရွှေပြည်တော်သားတွေ သိပ်မသိလိုက်ကြပါဘူး၊ 

အဲဒီ ဆရာ အောင်မျိုး ပြင်သစ်စကားပြန်ဟောင်း ဆိုသူဟာ တခြားသူတော့ မဟုတ်ပါဘူး၊ ၁၉၅၀ ခန့်က ဗမာတပ်မတော်ရဲ့ ရဲညွန့် စစ်သားကလေးအဖြစ် ဘဝကိုစခဲ့သူ နောက်တော့
 ပြင်သစ်ဘာသာစာကို ၁၉၆၂ ခုနှစ်မှာသင်ကြားခွင့် ရရှိခဲ့ပြီးတော့
 ပြင်သစ်စကားပြန် အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်၊ 

အဲဒီလို စာသင်ရင်း စကားပြန်အလုပ်ကို လုပ်ကိုင်နေရင်းနဲ့ L'Étranger စာအုပ်ကို ပြင်သစ်ဘာသာကနေ တိုက်ရိုက်ပြန်ဆိုခဲ့တာပါ၊ 

သူစိမ်းဆန်ဆန်လို့ အမည်ပေးထားတဲ့ အဲဒီဘာသာပြန်စာအုပ်ကို ၁၉၆၆ ခုနှစ်မှာ ရေးသားပြီးစီးခဲ့ပြီး ဦးတင်ဦး ဦးစီးတဲ့ စံပြစာပေတိုက်ကနေ ဖြန်ချီခဲ့တာပါ၊ စာအုပ်ပေါ်မှာက ထုတ်ဝေတဲ့ခုနှစ်ကို ရှာဖွေမတွေ့ရှိပါဘူး၊ 

စာရေးသူရဲ့ အမှာစာမှာရယ် စာရေးပြီးစီးတဲ့ ရက်စွဲမှာရယ် အရတော့ ၁၉၆၆ ခုနှစ် မတ်လ မကုန်မီမှာ ဖြစ်တာကြောင့် ထုတ်ဝေခဲ့တဲ့ နှစ်ကလည်း ၁၉၆၆ ခုမှာ ဖြစ်မှာပါ၊ 

အဲဒီ ဘာသာပြန်သူ ကွမ်းဆိပ်ရွာသား ပြင်သစ်စကားပြန်ဟောင်းကြီးဟာ သူစိမ်းဆန်ဆန် စာအုပ်ကို မူရင်း ပြင်သစ်လိုကနေ တိုက်ရိုက် ဘာသာပြန်ခဲ့ပြီးနောက် စာအုပ်ထုတ်ဝေတဲ့ အချိန်မှာ ပြင်သစ်ပြည် ပါရီမြို့မှာ ပြင်သစ်ဘာသာစာပေကို သုံးနှစ်ကြာ လေ့လာသင်ကြားဖို့ ရောက်ရှိနေပါပြီ၊ 
သူစိမ်းဆန်ဆန်စာအုပ် ထုတ်ဝေသူရဲ့ အမှာစာမှာ နောက်ထပ် ပြင်သစ်ဝတ္ထုစာအုပ်တွေကို ထပ်မံ ထုတ်ဝေဖို့ ရေးသားထားပေမယ့် ဘယ်လို အခက်အခဲတွေကြောင့် ထပ်မံ မထုတ်ဝေ ဖြစ်ခဲ့ရသလဲ မသိပါဘူး၊ 

စာရေးသူကတော့ ပါရီမြို့တော်မှာ သုံးနှစ်တာ ပြင်သစ်ဘာသာကို လေ့လာသင်ကြားပြီး ရွှေပြည်တော်ကို ပြန်ခဲ့ပါတယ်၊

 ရွှေပြည်တော်မှာ ပြင်သစ်စကားပြန်အဖြစ် လုပ်ကိုင်ခဲ့ရင်း ၁၉၇၃ ခု အဲဒီအချိန်က တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌကြီးဖြစ်သူနဲ့ လာရောက်တွေ့ဆုံခဲ့တဲ့ ဇိုင်ယာခေါ်ကွန်ဂို နိုင်ငံရဲ့သမတကြီး သူ့ကိုယ်သူတော့ ထာဝရသမ္မတကြီး အမည်ခံယူချင်သော ဗိုလ်ချုပ်ကြီးမိုဘူတူ (၁၉၃၀-၁၉၉၇) လာရောက် လည်ပတ်ချိန်မှာ ပြင်သစ်စကားပြန်အဖြစ် လုပ်ခဲ့ရပါတယ်တဲ့၊ 

အဲဒီလို သူစိမ်းဆန်ဆန်ကို ရေးသားခဲ့သူ စာရေးဆရာအောင်မျိုးဟာ ပါရီမြို့သူ ဖူးစာရှင်နဲ့ အကြောင်းပါခဲ့ပြီး ပါရီမြို့သား ဖြစ်လာခဲ့တာ အခုဆိုရင် နှစ်ပေါင်းလေးဆယ်လောက် ရှိခဲ့ပါပြီ၊


AK 77 (Beyond RANGOON)                    (Photo Parismaung)
စာရေးဆရာဟာ သူ့ရဲ့သူစိမ်းဆန်ဆန်ဝတ္ထု ရေးသားခဲ့ပြီး နောက်အနှစ်သုံးဆယ်နီးပါးမှာတော့ ဘဝ အလှည့်အပြောင်း တခုအဖြစ် ဟောလိဝုဒ်ရုပ်ရှင်ကားတကားမှာ သရုပ်ဆောင်ခွင့်ကို ရရှိခဲ့ပြန်ပြီး မင်းသားကြီးတဦး ဖြစ်လာခဲ့ပါတယ်၊  

သူကတော့ ရန်ကုန်အလွန် Beyond RANGOON ရုပ်ရှင်ကား သရုပ်ဆောင် ဦးအောင်ကိုဘဲ ဖြစ်ပါတယ်၊ ယခုအချိန်ထိ ပြင်သစ်ပြည် ပါရီမြို့မှာ နေထိုင်ရင်း သူရဲ့ ဝါသနာပါရာ အနုပညာနဲ့ ပတ်သက်ရာတွေကို လုပ်ကိုင်ရင်း ဘာသာပြန်စရာတွေ ရှိလာခဲ့ရင်လည်း ဘာသာတွေကို ပြန်ရင်း ပျော်ရွှင် အေးချမ်းစွာနဲ့ နေထိုင်နေဆဲ ဖြစ်ပါတယ်၊  

မကြာခင် တလောကမှ သူ့ရဲ့ AK 77 မွေးနေ့ပွဲကို မောင်ရင်ငတေတို့လို ပါရီမြို့ရောက် အမည်ခံဒုက္ခသည်တွေနဲ့ ပျော်ရွှင်စွာ ကျန်းမာစွာနဲ့ ကျင့်ပခဲ့ပါတယ်၊  

မင်းသားကြီးရဲ့ AK 87 AK 97 AK 107 ပွဲတွေကိုလည်း ဆက်လက် ပြီးတော့ မောင်ရင်ငတေတို့နဲ့အတူ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေ ခင်ဗျာ၊


The Outsider စည်းအပြင်ကလူ           (Photo BBLS UK)
စာရေးဆရာ ထင်လင်း (၁၉၁၆-၁၉၉၆) ကိုတော့ အထူးမိတ်ဆက်ပေးဖို့ လိုလိမ့်မယ် မထင်မိပါဘူး၊ ရွှေပြည်တော်ကြီးဆီက ဘာသာပြန်စာပေလောကမှာ သူရဲ့ဘာသာပြန်ပြီး နာမည်ကျော်ကြားခဲ့တဲ့ စာအုပ်တွေက များပြားလှပါတယ်၊

  စာရေးဆရာထင်လင်းကို ရွှေဘိုခရိုင် ရေဦးမြို့နယ် ညောင်လယ် ရွာမှာ မွေးဖွားခဲ့ပြီး ၁၉၄၇ ခုနှစ်ဝန်းကျင်ကပင် စာများစတင်ရေးသားခဲ့ပြီး ၁၉၅၂ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရခဲ့ပါတယ်၊ 

 ရန်ကုန်တက္ကသိုလ် ဘာသာပြန်ဌာနမှာ စာတည်း အင်္ဂလိပ်စာဌာန နည်းပြဆရာ ငွေတာရီမဂ္ဂဇင်း အယ်ဒီတာချုပ် အလုပ်များကို လုပ်ကိုင်ခဲ့ပြီး ၁၉၇၄ ခုမှာ အမျိုးသား စာပေ ဘာသာပြန် ရသဆုကို Rudyard Kipling ရုဒ်ယတ်ကစ်ပလင်း (၁၈၆၅-၁၉၃၆) ရဲ့ မောဂ္ဂလိ တောဟေဝန် စွန့်စားခန်းများ All The Mowgli Stories ဘာသာပြန်ပြီး ရရှိခဲ့ပါတယ်၊  

တစ်ကျွန်းစံ၏ အပြန်လမ်း ပေါ်လီယာနာတို့အပြင် ပိုမိုအသိများကြတာက စည်းအပြင်ကလူအမည်နဲ့ စာရေးဆရာ ထင်လင်း ဘာသာပြန်ခဲ့တဲ့ စာအုပ်ကိုပါ၊ The Stranger ဆိုတာထက် The Outsider ဆိုပြီးတော့ သိကြပါတယ်၊  

စည်းအပြင်ကလူ စာအုပ်ကို ၁၉၇၅ ခုနှစ် အောက်တိုဘာလမှာ မုတ်သုန်စာပေက ပထမဦးဆုံးအကြိမ် ရွှေပြည်တော်တဝှန်းကို ထုတ်ဝေဖြန့်ချီခဲ့တာပါ၊ ၁၉၈၉ ခုနှစ်မှာ ဒုတိယအကြိမ် ၁၉၉၂ ခုနှစ်မှာ တတိယအကြိမ်နဲ့ ၁၉၉၆ ခုနှစ်မှာ ပန်းရွှေပြည်စာအုပ်တိုက်က စတုတ္ထအကြိမ် ပုံနှိပ် ထုတ်ဝေခဲ့ပါတယ်၊ ပဉ္စမအကြိမ်ကိုတော့ ထုတ်မထုတ် မသိရပေမဲ့ ရွှေပြည်တော်တဝှန်းမှာ အထူး ထင်ရှားကျော်ကြားခဲ့တဲ့ စာအုပ်တအုပ်ပါ၊  

စည်းအပြင်ကလူ စာအုပ်မှာ ဘာသာပြန်သူရဲ့စကားမှာ ပါရှိခဲ့တဲ့ အယ်ဂျီးရီးယားသားပြင်သစ်နှင့် ပြင်သစ်သားပြင်သစ်တို့သည် ပြင်သစ်ချင်းတူသော်လည်း နောက်ခံသမိုင်းချင်း ဘဝခံယူချက်ချင်း မတူကြဟု ဆိုပါသည် ဆိုတာကတော့ မောင်ရင်ငတေက လှိုက်လှိုက်လှဲလှဲ ထောက်ခံချင်လိုက်ပါတယ်၊ 

 ဒီကနေ့ကာလ အကြောင်းကြောင်းကြောင့် ပြည်ပသို့ ရောက်ရှိနေကြသော မောင်ရင်ငတေတို့လို  
ရွှေပြည်တော်မွေးခဲ့ပြီး ရွှေပြည်ပမှာ သေကြရမည့်သူ များကြားမှာရော ရွှေပြည်တော်မှာမွေး ရွှေပြည်တော်မှာ သေကြမည့်သူများ ကြားမှာရော နောက်ခံ သမိုင်းချင်း ဘဝခံယူချက်ချင်း မတူကြပါဘဲ တကျက်ကျက်အမြဲ ဖြစ်နေကြတာကတော့ အားလုံးလို သိကြပါတယ်၊

သိပင်သိကြသော်ငြားလည်း လူတွေရဲ့သဘာဝ ဆိုတော့ကာ နတ်တွေက ဘယ်လို လုပ်ပြီး လိုက်နိုင်ပါတော့မလဲနော်၊ ကာမျူးရဲ့ အပြောင်မြောက်ဆုံး အကောင်းဆုံးဆိုပြီး ထင်ရှားတဲ့ La Peste (The Plague) ကို စာရေးဆရာကြီး ထင်လင်းကဘဲ ပလိပ် အမည်နဲ့ ဘာသာပြန်ဆို ထုတ်ဝေခဲ့ပါတယ်၊
ဖတ်လိုသူများအတွက် L'Étranger မူရင်းနဲ့ ဘာသာပြန်များကို စုဆောင်းပေးလိုက်ပါတယ်၊

L'Étranger by Albert Camus 1942 ပြင်သစ်ဗားရှင်း
L'Étranger 1942 by Albert Camus ပြင်သစ်ဗားရှင်း ပုံနှိပ်စာမူ
The Stranger 1946 by Stuart Gilbert အင်္ဂလိပ်ဗားရှင်း
သူစိမ်းဆန်ဆန် ၁၉၆၆ အောင်မျိုး (ပြင်သစ်စကားပြန်ဟောင်း) မြန်မာဗားရှင်း
စည်းအပြင်ကလူ ၁၉၇၅ ထင်လင်း မြန်မာဗားရှင်း
L'Etranger ရုပ်ရှင်
The Stranger (1967) By Luchino Visconti

Albert Camus Tombstone (Lourmarin)            (Photo Google)

Albert Camus အားလ်ဘဲကမျူး (အဲလ်ဘတ်ကမူး) (၁၉၁၃-၁၉၆၀) ဒုတိယ 
အသက်အငယ်ဆုံး စာပေနိုဘယ်ဆုရှင် ပြင်သစ်အယ်ဂျီးရီးယားနွယ်ဖွား
 L’Estranger ဝတ္ထုမူရင်းဖန်တီးရှင် မွေးဖွားခဲ့တဲ့ နှစ်တရာပြည့်နဲ့ 
သူစိမ်းဆန်ဆန် အောင်မျိုးပြင်သစ်စကားပြန်ဟောင်းရဲ့ ၇၇ နှစ်ပြည့် အမှတ်တရ 
အနေနဲ့ မောင်ရင်ငတေ ဂုဏ်ပြုမှတ်တမ်းတင်မှု ဤနေရာတွင် ရပ်နားပါမည် ခင်ဗျား၊ 
စာဖတ်နေသူ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊

မောင်ရင်ငတေ ၀၆၁၁၂၀၁၃
http://moemaka.com/archives/324   နိုဝင်ဘာ ၇၊ ၂၀၁၃                                    
    

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...