mardi 6 octobre 2015

** အလွမ်းရယ်ဖြေ ပြေနိုင်မတဲ့လား * **



အတွေးစတစ
အလွမ်းရယ်ဖြေ ပြေနိုင်မတဲ့လား


ရှေးရှေးတုန်းကအညာလမ်း   (ပြင်သစ် ခရီးသွားစာအုပ်တအုပ်မှ မရငတ ပြန်လည်ရိုက်ကူးသည်)
ဒီလို ပုံဟောင်းတွေထဲက အညာလမ်းလေးတွေကိုလည်း လွမ်းမိပါတယ်၊
အတိတ်က ကိုယ်တိုင် ဖြတ်သန်းသွားလာဖူးခဲ့တာဆိုတော့ ပိုလွမ်းစရာ ကောင်းလှပါတယ်၊
ကိုယ့်အတွက်တော့ လောကကြီးဟာ အချိုးမကျတာတွေ အချိုးမတဲ့ခဲ့တာတွေ အများကြီးပါ၊
မောင်ရင်ငတေ ဆိုတာလည်း ကိုယ် သိပ် ဖြစ်ချင်လွန်းလို့ ဖြစ်လာတာမျိုး မဟုတ်ပါဘူး၊
ကိုယ်လုပ်ချင်ရာလေးတွေကို လုပ်ကြည့်ရင်းနဲ့ အချိန်အခါ တိုက်ဆိုင်သွားလို့ ဒီလောက်လေး
ဖြစ်လာတာမျိုးပါ၊ သိပ်ပြီးတော့ ဆက်ဖြစ်လာဖို့ ကြိုးစားပမ်းစား စိတ်တွေလည်း သိပ်မရှိလှပါဘူး၊
ကိုယ်လုပ်ချင်တာ ကိုယ်ဖြစ်ချင်တာ ကိုယ်နေချင်တာ ကိုယ်သွားချင်တာ ကိုယ်စားချင်ရာ ….. 
စတာ စတာတွေဟာ ဖြစ်ချင်မှ ဖြစ်လာတတ်တာမျိုး မဟုတ်ပါလား၊
ဖြစ်ချင်တာတွေ ဖြစ်မလာတတ်ပေမယ့် မဖြစ်ချင်တာတွေ ဖြစ်လာခဲ့တာတွေလည်း များစွာပါ၊
ဒီလို အညာလမ်းမျိုးတွေကို ခပ်ငယ်ငယ် ဘဝမှာ ကြိမ်ဖန်များစွာ သွားလာခဲ့ဖူးပါတယ်၊
ကြိမ်ဖန်များစွာ ခေါက်တုံ့ခေါက်ပြန် ဖြတ်သန်းသွားခဲ့ဖူးပေမယ့် စိတ်ထဲမှာတော့
အခုလိုမျိုး လွမ်းလို့လာတတ်လိမ့်မယ်ရယ်လို့ မထင်ထားပါဘူး၊


တခါတခါ မိုးရွာမှချောင်းရေကျတတ်တဲ့ အညာဒေသက ချောင်းခြောက်  (Photo MinnDylan NY)
ကိုယ် ရောက်နေတဲ့ နေရာဒေသနဲ့က လမ်းလျှောက်သွားမယ်ဆိုရင် မိုင်ပေါင်းခုနှစ်ထောင်နီးပါး
နာရီပေါင်း နှစ်ထောင်ကျော် ကြာမှာ (ဒါတောင် မရပ်မနားသွားမှ) ဆိုတော့လည်း
သွားဖို့ရာက မလွယ်ရေးချ မလွယ်ပါဘူးလို့သာ ဆိုပါရစေတော့၊
လေယာဉ်ပျံတွေ ရှိသားဘဲ ဆယ့်သုံးလေးနာရီရင် စီးရင် ရောက်တာဘဲ ဆိုကြပေမယ့်
ဒါကလည်း မောင်ရင်ငတေတို့ စိတ်မျိုးနဲ့ မလွယ်ရေးချပါဘဲ၊ ခေါင်းငုံ့မခံနိုင်လို့ ဝေးရပ်မြေကို
ထွက်ပြေးလာခဲ့တာ မဟုတ်ပါလား၊ စကားကြီးစကားကျယ်တွေ မပြောချင်ပါဘူးလေ၊
တကယ်တော့ နိုင်ငံခြားဆိုတာမျိုးကလည်း အာရှရယ် အမေရိကရယ် အာဖရိကရယ် ဥရောပရယ်
ဘယ်ရယ်မဟုတ် မရောက်ဖူး မသွားဖူးတဲ့ ခရီးလမ်းတွေကို ခြေမှာဗွေပါပြီး သွားလာချင်တဲ့စိတ်တွေ
ရှိခဲ့တာကတော့ ကျောင်းသားငယ်ဘဝ ဆယ့်သုံးလေးငါးနှစ်သား မတိုင်မီ ကတည်းကပါ၊
အဲလိုနဲ့ ကံကြုံလာခဲ့ရတာကနေ ဝေးမြေရပ်ခြားမှာ နှစ်ပေါင်းများစွာ လာသောင်တင်ခဲ့ရတာပါ၊
ပြန်ဆုံစည်းဖို့ရယ်က ကံမဖန်လာပြန်တာကြောင့် ခုထိတိုင်အောင်တော့ ဝေးနေဆဲပါ၊

ဒါပေမယ့်လို့ …... အလွမ်းရယ်ဖြေ ပြေနိုင်မတဲ့လား ဆိုပြီး ဟိုဖတ်ဒီဖတ်ရာက
ဒီလိုလမ်းမျိုးလေးတွေကို စာအုပ်ဟောင်းတွေထဲမှာ မြင်လိုက်ရတဲ့ အခါကျတော့ …..
အတိတ်ကခြေရာလို့ဘဲ ခေါ်မလား ပြန်မြင်လာတာလေးတွေကို ချရေးဖြစ်လိုက်ပါတယ်၊
ကိုယ်ကလည်း အဲဒီလို လမ်းမျိုးတွေနဲ့ အလှမ်းဝေးလှတဲ့ နေရာကို ရောက်နေရတာကိုး၊
ဒီကနေ့ထိ အဲလိုလမ်းတွေမှာ ကျင်လည်နေသူတွေကတော့ ထူးဆန်းထွေလာ မဟုတ်နိုင်ပါဘူး၊
ဒါပေမယ့် ဒီလိုလမ်းမျိုးတွေက ဘယ်တိုင်းပြည် ဘယ်ဒေသမှာဖြစ်ဖြစ် တစတစ ရှားပါး လာနေပါပြီ၊
အဲဒီ ဒေသသားတွေက လွဲလို့ ခရီးသွားဟန်လွှဲ ရောက်ဖူးဖို့ ဆိုတာမျိုးက မလွယ်တော့ပါဘူး၊
ခရီးသွားသူ အများစုက သွားလိုရာ အမြန်ရောက်တဲ့ အမြန်လမ်းကြီးတွေကိုသာ ဦးစားပေး နေပါပြီ၊
ရောက်လိုရာ ပန်းတိုင်ကို အမြန်ရောက်ဖို့ ဖြတ်လမ်းကြိုက်သူများက များလာတယ် မဟုတ်ပါလား၊


HINO BM in Burma (1985)                     (Photo Google)  
ဟိုးတုန်းက အဲလို လမ်းမမျိုးတွေမှာ သွားခဲ့ဖူးတဲ့ စီးခဲ့ဖူးတဲ့
ခေတ္တရာမန်းတို့လို ဟိုနားပျက် ဒီနားရပ် ဘတ်စ်ကားအိုကြီးတွေ
ချက်ပက်လက်ခေါင်းတိုတို့ ဂျီအမ်စီတို့လို  နေပူလေပူလာရင် အင်ဂျင်ပူလာလို့ ဟိုနား ထိုးရပ် ဒီနား
ထိုးရပ် သုံးမိုင်တခါ ရပ်တဲ့ ကုန်သုံးတန် ယာဉ်သုံးတန် လို့ ရေးထားတဲ့ ကုန်တင်ကားကြီး မျိုးစုံတွေ
ရန်ကုန်-မကွေး-ရေနံချောင်း-ချောက် မြေလတ်သားကား နောက်ပိုင်းမှာတော့ ကြံတိုင်းအောင်တို့
ထိပ်တန်းတို့လို ကုန်တဝက် လူတဝက် ခရီးဝေးပြေး ကားကြီးတွေ
ကုန်းလမ်းပို့ဆောင်ရေးက ပြေးဆွဲတဲ့ကားတွေ ဒဂုံမန်းတို့ ထီလာမန်း ဧရာမန်း ညောင်ဦးမန်းတို့လို ဘီအမ်ဟီးနိုးကားတွေ (အဲဒီအချိန်တုန်းကတော့ အသစ်စက်စက်ကားတွေ)
မိတ္ထီလာ-ကလော-တောင်ကြီး ပြေးတဲ့ကားမျိုး မန္တလေး-မေမြို့ ပြေးတဲ့ကား ဂျစ်ကားခါးရှည်တွေ
မိတ္ထီလာ-မလှိုင်-တောင်သာ-မြင်းခြံတို့ မိတ္ထီလာ-ကျောက်ပန်းတောင်း-ပုဂံညောင်ဦးတို့
မိတ္ထီလာ-ဝမ်းတွင်း-သဲတော-ကူမဲ-ကျောက်ဆည်-မန္တလေးတို့ကိုသွားတဲ့ နေပူပူလေပူပူ ဖုန်ထူထူမှာ
ရရာနေရာ ခေါင်မိုးပေါ်က (အမျိုးသားများသီးသန့် နောက်ပိုင်းမှာတော့ အမျိုးသမီးကြီးတွေပါ ပါလာပါတယ်) စီးခဲ့ရဖူးတဲ့ ဒတ်ဆန်း ဟိုင်းလက် နောက်တော့ ဒိုင်နာလို ကားမျိုးတွေ
စလေမှာ ဆယ်တန်းဒုတိယနှစ် ကျောင်းသွားတက်စဉ်က မိုလာ ဂွေးချို ကျောက်ပန်းတောင်း
လမ်းတွေပေါ်မှာ ဟိုတဆင့် ဒီတဆင့် လက်တားပြီး ကားနောက်ခန်းက ဓါတ်မြေသြဇာအိတ်တွေ
ဘိလပ်မြေအိတ်တွေကို အထက်တန်းတွဲအိပ်ယာ ဆိုဖာထိုင်ခုံအလား စိတ်ကူးထားပြီး စီးခဲ့ရဖူးတဲ့
ကုန်းလမ်းပို့ဆောင်ရေးက တီအီးအလဲဗန်း အပြာရောင် အစိမ်းရောင် ဟီးနိုးကားကြီးတွေ
ရွှေပြည်တော်ကြီးမှာ နောက်ဆုံးနေထိုင်ခဲ့စဉ် အချိန်ကာလများက ရန်ကုန်-ပြည် ကားလမ်းမများမှာ စီးခဲ့ရဖူးတဲ့ မြတ်မန္တလာထွန်းတို့ မျိုးဆက်သစ်တို့ အာရှတို့ … ..
စသည်တို့ စသည်တို့ …….

မိုင် ၂၀ တဖြောင့်တည်းဖောက်ထားတဲ့ ရေနံချောင်း-ဂွေးချိုလမ်း        (Photo MinnDylan NY)


မိုးခေါင်ရေရှား အညာခရီးသွား            (Photo Google)
လူဆိုတဲ့သတ္တဝါတွေကလည်း ရတာမလို လိုတာမရ ပါလား၊
အရာရာ အားလုံးဟာ အတိတ်မှာ အရိပ်လို ကျန်ခဲ့ပါပြီ၊
ရွှေပြည်တော်ကြီးဆီကို ပြန်လည် ခြေချနိုင်ခဲ့ရင်တောင်မှ
ဒီလို အရာမျိုးတွေကို ပြန်လည်ရရှိဖို့ကတော့ မလွယ်တော့ပါဘူး၊

မောင်ရင်ငတေ ၁၇၀၇၂၀၁၄
http://moemaka.com/archives/40351   အောက်တိုဘာ ၁၇၊ ၂၀၁၄

အလွမ်းရယ်ဖြေ ပြေနိုင်မတဲ့လား နောက်ဆက်တွဲ


ချင်းမိုင်-ချင်းရိုင်-မယ့်ဆိုင် အာရှအမြန်လမ်းမ အမှတ်နှစ်ရဲ့ တနေရာ

လွန်ခဲ့တဲ့ တပတ်ကျော်လောက်ကနေ ဒီကနေ့ အခုအချိန်ထိတိုင် မဟာအာရှ အမြန်လမ်းမကြီးတွေ အကြောင်းကို စဉ်းစားရင်း ရေးရင်းတွေးရင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ထိုင်းတပြည်လုံး နေရာအနှံ့ တော်တော်များများ သွားဖြစ်ခဲ့တုန်းက ရိုက်ကူး မှတ်တမ်းတင်ဖြစ်ခဲ့တာတွေကို ပြန်လှန်ရှာဖွေကြည့် မိရင်း ချင်းမိုင်ကနေ နယ်စပ်လိုင်းက မယ့်ဆိုင်ကိုအသွား ချင်းရိုင်နယ်ထဲက အာရှ အမြန်လမ်းမကြီး အမှတ်နှစ် ဖြစ်လာမယ့် အမြန်ကားလမ်းဘေး တနေရာက ပုံတပုံကိုတွေ့မိရတော့ စဉ်းစားခန်း ဝင်မိ ရပါတော့တယ်၊ အမှန်တကယ်မှာတော့ အခုလက်ရှိ အာရှအမြန်လမ်းမကြီး AH 2 ရဲ့ အစိတ်အပိုင်း တခုဖြစ်တဲ့ ချင်းမိုင်-မယ့်ဆိုင် လမ်းပိုင်းဟာ ဥရောပ အမြန်လမ်းမကြီးတွေရဲ့ သတ်မှတ် စံနှုန်းအထိ
မရောက်ရှိသေးတာ အမှန်ပါ၊ ချောမွေ့တဲ့ နိုင်လွန် ကတ္တရာလမ်းအဆင့် ပြောရင် ရနိုင်ပေမယ့်လည်း
လမ်းနဘေး တဖက်တချက် လူနေအိမ်တွေနဲ့ အတားအစီိးမရှိ ထိကပ် နေတာမျိုးတွေ ဈေးဆိုင်တွေ လမ်းလေးခွဆုံတွေ ဖြတ်လမ်းတွေနဲ့မို့ တကယ့် အမြန်လမ်းမအဆင့် ပြောမရနိုင်သေးပါဘူး၊

အကြောင်းတိုက်ဆိုင်လို့ ပြောရရင် မောင်ရင်ငတေရဲ့ တကိုယ်ရည် စိတ်ခံစားမှုအရ ပြောရရင်တော့ အဲဒီလို လမ်းအဆင့်တွေကို သွားရလာရတာ ပိုမို ကြိုက်နှစ်သက်ရိုး အမှန်ပါ၊ ဥရောပရဲ့ အမြန်လမ်း Autoroute တို့ Autobahn တို့လို Controlled-Access Highway တွေဟာ သွားရ လာရတာတော့ မြန်ဆန်ပေမယ့်လည်း အတော်ကို ပျင်းစရာကောင်းတဲ့ လမ်းခရီးတွေပါ၊ မောင်ရင်ငတေ အဲဒီပုံလေး ပြန်လည်ကြည့်မိလိုက်တော့ သတိရမိသွားတာက တခါတုန်းက အခေါက်ရေပေါင်းများစွာ ဖြစ်သန်း သွားခဲ့ဖူးတဲ့ ထီလာမန်း အမြန်လမ်းမရဲ့ နဘေးက လွမ်းစရာ ကောင်းလှတဲ့ သရက်သီးတို့ ဇီးသီးတို့ ရောင်းချတဲ့ ဈေးတန်းလေးတွေကိုပါ၊ တော်တော်ဆင်တူပါတယ်လို့ ပြောရင်ရနိုင်ပါတယ်၊
အခုတော့ ရှိမရှိ မသိတော့ပါဘူး၊ လမ်းကြောင်းသစ်တွေပြောင်း ဖောက်နေသလို ဈေးကွက် အသစ် နေရာအသစ်တွေမှာ အစဉ်ပြေချင်လည်း ပြေနေနိုင်ပါတယ်၊ မောင်ရင်ငတေကတော့ စိတ်ကူးနဲ့သာ ပုံဖော်ရသူမို့ အမှန်တကယ်လက်တွေ့နဲ့ ကင်းကွာနေရင်လည်း နေမှာပါ၊ ဘယ်လိုဖြစ်ဖြစ်ပေါ့၊ အရမ်း တိုးတက်ထွန်းကားလာခြင်းက ဆင့်ပွားလာတဲ့ ဆိုးကျိုးတွေနဲ့ မယုတ်မလွန် နဂိုရည်မပျက် သဘာဝ အတိုင်း ကျန်သင့်သလောက်ကျန်အောင် ရောသမမွှေနိုင်သောသူတွေသာ လုပ်ခွင့်ကိုင်ခွင့်ရအောင် ဆုတောင်းမိရင်း ဒီစာကို ရေးပါတယ်၊

ဆက်စပ်ဖတ်လိုသူများအတွက်
အလွမ်းရယ်ဖြေ ပြေနိုင်မတဲ့လား
http://moemaka.com/archives/40351    အောက်တိုဘာ ၁၇၊ ၂၀၁၄

မောင်ရင်ငတေ ၀၆၁၀၂၀၁၅

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...