dimanche 18 octobre 2015

** Beipanjiang Duge Bridge ** * စိတ်ကူးအိပ်မက်ခရီးများ



စိတ်ကူးအိပ်မက်ခရီးများ
Beipanjiang Duge Bridge 







Beipanjiang Duge Bridge (1,854 feet high / 565 meters)    (Photo Google)
တကယ်တမ်းကတော့ တရုတ်ပြည်ဆိုတာ မောင်ရင်ငတေ့စိတ်ကူးအိပ်မက်နဲ့ အတော်တော်ဝေးဝေး
နေရာမှာ တည်ရှိတဲ့ တိုင်းပြည်တပြည်ပါ၊ မောင်ရင်ငတေ အစဉ်ပြေရင် ပိုက်ဆံလေးများ ပိုပိုမိုမို ရှိခဲ့ ရင်ပေါ့လေ၊ သွားချင်လို့ရောက်ဖူးချင်လို့ တန်းစီဇယားဆွဲထားတဲ့ နေရာဒေသတွေထဲက နောက်ဆုံး နေရာမှာသာရှိတဲ့ နိုင်ငံပါ၊ ၂၀၀၀ ပြည့်လွန်ကာလတွေမှာ မိတ်အင်ချိုင်းနားဆိုပြီး နာမည်ပျက်မှုများ စွာနဲ့အတူ ဖွင့်ဖြိုးတိုးတက် လာခဲ့တဲ့ တရုတ်ပြည်ကြီးမှာ အမြန်ဆုံး အရှည်ဆုံး အမြင့်ဆုံး အကြီးဆုံး ဆိုရတဲ့ ကားလမ်းတွေ ရထားလမ်းတွေ တိုက်တာအဆောက်အဦးတွေ များပြားလွန်းလှတာကြောင့် မောင်ရင်ငတေရဲ့ စိတ်ဝင်စားမှုကို လျော့နည်းစေတာပါ၊

ဒါပေမယ့် အဲဒီထဲကသွားခွင့်ကြုံလာခဲ့ရင်တော့ စိတ်ထဲတေးထားတဲ့နေရာ တနေရာတော့ရှိပါတယ်၊
မကြာမီ ၂၀၁၆ ခုနှစ် အတွင်းမှာ တည်ဆောက်ပြီးစီးပြီး ကမ္ဘာ့အမြင့်ဆုံး တံတားတစင်း ဖြစ်လာမယ့် Beipanjiang Duge Bridge တံတားပါ၊ ရွှေပြည်သားတွေ တော်တော်များများ သိကြတဲ့ ယူနန်နယ် ကူမင်းမြို့ရဲ့အရှေ့မြောက်ဘက် ကီလိုမီတာ ၃၅၀ ခန့်ဝေးတဲ့ Dugexiang ရွာ Shuicheng မြို့နယ် Liupanshui ခရိုင် Guizhou ပြည်နယ်မှာ တည်ရှိပါတယ်၊ တရုတ်ပြည်ရဲ့ အမြန်လမ်းမအမှတ် G56 (Guiyang–Kunming မြို့တွေအကြား) Hangzhou–Ruili Expressway ပေါ်မှာ တည်ရှိတာပါ၊

ဒီကနေ့မှာ တပိုင်းတစ ဖောက်လုပ်နေဆဲ G56 အမြန်လမ်းကြီး ဆိုတာကတော့ ဟိုးအရင် ကမ္ဘာစစ် များအတွင်းက Burma Road ဆိုပြီး နာမည်ကြီးခဲ့တဲ့ လမ်းပိုင်းတွေလည်း တစိတ်တဒေသ ပါဝင်နေ ပါတယ်လို့ ဆိုကြပါတယ်၊ ထို့အတူ နောင်မကြာမီနှစ်များမှာ ဖောက်လုပ်၍ ပြီးစီးလိမ့်မယ်လို့ ခန့်မှန်း ထားကြတဲ့ တရုတ်ပြည် ရှန်ဟဲ ကူမင်း ထိုင်းနိုင်ငံ ချင်းရိုင် နောက်ဆုံးမှာ ရွှေပြည်တော်က မိုင်းလား ကျိုင်းတုံအထိရောက်လာမယ့် Asian Highway 3 (AH3) အာရှအမြန်လမ်းမကြီး အမှတ် (သုံး) တို့ ဗီယက်နမ်ရဲ့ ဆိပ်ကမ်းမြို့ Hai Phong ကနေ စတင်ခဲ့တဲ့  ဟနွိုင်း ကူမင်း ရွှေလီ မူဆယ် လာရှိုးမြို့ ကနေ မန်းရွှေမြို့တော်အထိ ရောက်လာမယ့် Asian Highway 14 (AH14) အာရှအမြန်လမ်းမကြီး အမှတ် ၁၄ လမ်းမကြီးတွေနဲ့ ကူမင်းမြို့ အနီးမှာ ကွန်ယက်သဖွယ် ပေါင်းဆုံနေတာပါ၊ အဲဒါကြောင့် မောင်ရင်ငတေ စိတ်ဝင်စားမိရတာပါ၊


Beipanjiang Duge Bridge (1,854 feet high / 565 meters)    (Photo Google)
အဲဒီ Beipanjiang Duge တံတားကြီးက Beipan ဆိုတဲ့ ချောင်းသာသာ မြစ်ကလေးတစင်းကို ဖြတ်ကျော်တည်ဆောက်ထားတာပါ၊ ဒါပေမယ့်လည်း မြင့်မားမတ်စောက်လှတဲ့ Yunnan–Guizhou Plateau တောင်ကုန်းတောင်တန်းတွေက အဲဒီပြည်နယ်နှစ်ခုကြားမှာ ကန့်လန့်ဖြတ် တည်ရှိနေတာ ဖြစ်လို့ ကားလမ်းတွေ ရထားလမ်းတွေ ဖောက်လုပ်ဖို့ မလွယ်လှတဲ့ နေရာတခုပါ၊ ပေခြောက်ထောင် ကျော် မြင့်မားတဲ့ တောင်စဉ်တောင်တန်းတွေနဲ့ ပေတသောင်းကျော် မြင့်တဲ့ တောင်တွေ များပြားစွာ တည်ရှိပြီး သဘာဝ အလှတွေ မြောက်များစွာ ကျန်ရှိနေသေးတဲ့ နေရာလို့ ဆိုကြပါတယ်၊ ဒါပေမယ့်
အဲဒီ် ဘေပန်ဆိုတဲ့ မြစ်ပိစိလေးရဲ့ ရေတွေကို ဓါတ်ပုံတွေထဲမှာ တွေ့မြင်ရတာကတော့ အတော်ကို စိတ်ပျက်ဖို့ ကောင်းနေပါတယ်၊ ဘေပန်မြစ်ကူးတံတားတွေ အနည်းဆုံး လေးငါးစင်းမျှ ဖောက်လုပ် ပြီးစီးနေပါပြီ၊ နောက်ထပ်ပြီးတည်ဆောက်တာတွေလည်း ရှိလာဦးမှာပါ၊ အဲဒါတွေကြောင့်မို့ ဘေပန် မြစ်ရေတွေ တံတားဝန်းကျင်မှာ နောက်ကျိလာတာ ဖြစ်ဖို့များ ပါတယ်၊ ဘာပြောပြော တရုတ်ပြည်မ ကြီးရဲ့ လူ သိပ်မသိသေးတဲ့ နေရာတခုကို မောင်ရင်ငတေ သွားချင်စိတ် အနည်းငယ် ရှိလို့ စိတ်ကူး အိပ်မက် ခရီးစဉ်တွေထဲမှာ စာရင်းတို့ထား လိုက်ရပါတယ်၊

မောင်ရင်ငတေ ၁၈၁၀၂၀၁၅


Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...