Libellés
dimanche 13 septembre 2015
** အဖိုး အနှစ်တရာပြည့် အမှတ်တရ *
သမိုင်းထဲကလူသားများ
အဖိုး အနှစ်တရာပြည့် အမှတ်တရ
သခင်ကျော်စိန် (လူထုလက်ရုံး) ရေနံချောင်း
လူတိုင်းလူတိုင်းမှာ သမိုင်းကိုယ်စီ ရှိခဲ့ကြတယ် မဟုတ်ပါလား၊
အဖိုးတယောက်ရဲ့ သမိုင်းကို မှတ်တမ်းအဖြစ် အကျဉ်းချုပ် ရေးမှတ်ထားတာလေးပါ၊
မောင်ရင်ငတေရဲ့ အဖိုးအဖွား လေးယောက်မှာ သုံးယောက်က အညာသား မြေလတ်သားများလို့
ပြောရပါမယ်၊ အဖေဘက်က အဖိုးက နတ်မောက်မြို့ဇာတိဖြစ်ပြီး အဖွားကတော့ ဧရာဝတီတိုင်း
မြစ်ဝကျွန်းပေါ် မအူပင်နယ် ဇာတိပါ၊ အမေဘက်က အဖွားကတော့ မကွေးမြို့နယ်ထဲက
 မြင်ကွန်းမှာ မွေးဖွားခဲ့တာပါ၊
ဒီ ရာပြည့် အမေရဲ့အဖေဖြစ်သူ အဖိုးရဲ့ . . . . .. . … ..
မွေးဖွားခဲ့ရာ ဇာတိကတော့ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းက လက်ပန်ရွာပါ၊
လက်ပန်ရွာဘုရားပွဲဆိုတာက ဇာတ်မင်းသား ရွှေမန်းတင်မောင် ပွဲကရင်း အမောဖောက် အသက်ပါ ပျောက်ခဲ့တဲ့ ဘုရားပွဲဖြစ်လို့ အတော်နာမည်ကြီးခဲ့တယ် ဆိုကြပါတယ်၊ သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်ထဲမှာ တည်ရှိပါတယ်၊
မောင်ရင်ငတေကတော့ အဲဒီ လက်ပန်ရွာကို သုံးခေါက်မျှလောက်သာ ရောက်ဖူးပါတယ်၊
ဧရာဝတီ အနောက်ဘက်ကမ်းရဲ့ သွားရေးလာရေးကလည်း သိပ်မဆင်မပြေပါဘူး၊
လက်ပန်ရွာက ဒီကနေ့ခေတ်မှာတော့ အတော်တိုးတက်လာပြီလို့တော့ ပြောကြပါတယ်၊
မောင်ရင်ငတေအမေရဲ့အဖေ မောင်ရင်ငတေရဲ့ အဖိုးဖြစ်တဲ့ ဦးကျော်စိန် ခေါ် သခင်ကျော်စိန်ကို
ဗမာသက္ကရာဇ် ၁၂၇၇ ခုနှစ် တော်သလင်း လဆန်း ၅ ရက်နေ့ သို့မဟုတ် ခရစ်သက္ကရာဇ်အရ
၁၃ ရက် စက်တင်ဘာ ၁၉၁၅ တနင်္လာနေ့မှာ မွေးဖွားခဲ့တာဖြစ်လို့ ဒီကနေ့ အနှစ်တရာ ပြည့်တာပါ၊
ရွှေပြည်တော်ကြီးရဲ့ လူ ပုဂ္ဂိုလ်တွေရဲ့ အမည်သမိုင်းမှာ သခင်ကျော်စိန်တွေ သုံးလေးငါးယောက်
ရှိခဲ့ပါတယ်၊ မောင်ရင်ငတေရဲ့အဖိုး သခင်ကျော်စိန်ကတော့ လူ သိပ် မသိသူ တယောက်သာပါ၊
ရေနံချောင်းနယ်မြေမှာ ကျောင်းသားဘဝကတည်းက ရောက်ရှိလာပြီး ၁၉၇၄ ခုနှစ် ကွယ်လွန်ခဲ့တဲ့ နေ့အထိ နေထိုင်သွားခဲ့တာပါ၊ 
သူ ကွယ်လွန်ခဲ့ချိန်က မောင်ရင်ငတေ ဆယ်နှစ်သား သာသာသာရှိပါလို့ မှတ်မိစရာကတော့ 
သိပ်မကျန်ခဲ့ပါဘူး၊ 
ဦးကျော်စိန် လူထုလက်ရုံးစာပေဖြန့်ချီရေး  ရေနံချောင်း
သူတည်ထောင်ခဲ့တဲ့ လူထုလက်ရုံး စာပေဖြန့်ချီရေး ဆိုတာကတော့ ဒီကနေ့ မောင်ရင်ငတေတို့
 ခေတ်မှာတော့ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ဆိုင်းဘုတ် သာသာ ကျန်ပါတော့တယ်၊
၁၉၈၀ လွန်နှစ်များအထိ ရေနံချောင်းနယ်မြေကို ဖြတ်သန်း သွားခဲ့သူများ မှတ်မိကြမှာပါ၊
မှတ်မိနေတာတခုကတော့ အဖိုးဖြစ်သူဟာ ဟင်္သာတမြို့မှာ နေနေကြတဲ့ မောင်ရင်ငတေတို့ရှိရာကို
လာလည်ရင် အညာဒေသထွက် ဆုံဆီစစ်စစ် နှမ်းဆီစစ်စစ်ကို ငါးဂါလံပုံးကြီးနဲ့ သယ်လာတာကိုပါ၊
ကျန်တာတွေကတော့ အမေတွေ အဒေါ်တွေ ဦးလေးတွေ ပြောပြသမျှ ရာဇဝင်ထဲက ဒဏ္ဍာရီ
ပုံပြင်တပုဒ်သဖွယ်သာသာပါ၊
အဖိုးဖြစ်တဲ့ ဦးကျော်စိန်အကြောင်းကိုတော့ အကျယ်မရေးတော့ပါဘူး၊
သူရှိနေစဉ်အခါက သူကိုယ်တိုင် လက်နှိပ်စက်နဲ့ ရေးထားခဲ့တဲ့ သူ့ရဲ့ ကိုယ်ရေးအတ္ထုပတ္တိကိုသာ
 ဖော်ပြလိုက်ပါတယ်၊
မောင်ရင်ငတေ ၁၃၀၉၂၀၁၅
တောင်းဆိုလာသူတွေ ရှိလာတာကြောင့် မောင်ရင်ငတေ့ အဖိုးဖြစ်သူရဲ့ ကိုယ်ရေးအတ္ထုပတ္တိကို စာရိုက် တင်လိုက်ရကြောင်းပါ ခင်ဗျာ၊ တကယ်ကတော့ ရာပြည့်ကြီးတွေကြားမှာ မထင်မရှား အညတရ ရာပြည့်လေး တယောက်အကြောင်း မဖြစ်ညစ်ကျယ် ရေးလို့ အမြင်ကပ်သူတွေ များမှာကို မလိုလားလို့ မရေးတင်ဖြစ်တာပါ ခင်ဗျာ . ... . . .. . . . . . . . . ... . ..... ....... 
။ ရေနံချောင်းမြို့ ။ မြို့မတောင်ရပ် ။ ဦးကျော်စိန် ။
။ ကိုယ်ရေးရာဇဝင် အကျဉ်းချုပ် ။
။ အမည် ။ ဦးကျော်စိန် - (အဘ) ဦးဖိုးတိုး ။
။ မွေးသက္ကရာဇ် ။ ၁၂၇၇ ခု တော်သလင်းလဆန်း (၅) ရက်နေ့ ။
။ ယ္ခု နေရပ် ။ လမ်းမတော် ။ မြို့မတောင်ရပ် ။ ရေနံချောင်းမြို့ ။
။ မွေးဖွားရာ ဇာတိ ။ သရက်ခရိုင် ။ ဆင်ပေါင်ဝဲမြို့နယ် ။ လက်ပန်ရွာ ။
ကျောင်းသားဘဝ
ဆင်ပေါင်ဝဲမြို့ ဘုန်းတော်ကြီး ဦးပဏ္ဍိ အထက်တန်းကျောင်းမှ မြန်မာ သတ္တမတန်းကို
၁၄ နှစ် သားတွင် အောင်မြင်၍ ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းသို့ ဆက်လက် နေထိုင်ခဲ့သည်။
အဘမှာ တောင်သူကြီးဖြစ်၍ ကျောင်းအားချိန်တွင် တောင်ယာအလုပ်ကို ကူညီ လုပ်ကိုင်ခဲ့ရသည်။
ကျောင်းသားဘဝ နှင့် နိုင်ငံရေး
ရေနံချောင်းမြို့ အမျိုးသား အထက်တန်း ကျောင်းတွင်နေစဉ် ကျောင်းသားသမဂ္ဂကို စတင် တည်ထောင်၍ ဥက္ကဋ္ဌ အဖြစ်ဖြင့် (၂) နှစ် တိုင်တိုင် ဆက်လက် လုပ်ကိုင်ခဲ့သည်။
သမဂ္ဂ ဥက္ကဋ္ဌ အဖြစ်ဖြင့် (၁၉၃၆-၁၉၃၇) (၁၉၃၇-၁၉၃၈) နှစ်များတွင် ပေါ်ပေါက်လာသော ကျောင်းသား အရေးတော်ပုံများတွင်၎င်း ရေနံမြေ သပိတ်ကြီးတွင်၎င်း ကိုယ်တိုင် ပါဝင် ကူညီ ဆောင်ရွက်ခဲ့သည်။
မန္တလေးမြို့တွင်၎င်း ပုသိမ်မြို့တွင်၎င်း ကျင်းပ ပြုလုပ်သော မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ ညီလာခံများတွင် ကိုယ်စားလည် အဖြစ်ဖြင့် တက်ရောက်၍ ဘီ-အို-စီ အလုပ်သမားများ ဘီ-အို-စီ ကျောင်းသားများ၏ အခွင့်အရေးများနှင့် ပတ်သက်သော အဆိုများကို တင်သွင်းခဲ့သည်။
သ္ခင်ကျော်စိန်
၁၉၃၉ ခုနှစ်တွင် တို့ဗမာ အစည်းအရုံးသို့ ဝင်၍ သ္ခင်ကျော်စိန် အဖြစ်ဖြင့် ၁၃၀၀ ရာပြည့်
အရေးတော်ပုံတွင် ပါဝင် ဆောင်ရွက်ခဲ့သည်။
အမျိုးသားကျောင်းတွင် အင်္ဂလိပ် မြန်မာ ဒဿမတန်းအထိ ပညာသင်ကြားပြီးနောက်
ကျောင်းမှထွက်၍ သတင်းထောက်အလုပ်နှင့် ကုန်စုံဆိုင်လုပ်ငန်း စာ-နယ်-ဇင်း ကိုယ်စားလည် လုပ်ငန်းတို့ကို စစ်ဖြစ်သည်အထိ လုပ်ကိုင်ခဲ့သည်။
ဘီ-အို-စီ ကုမ္ပဏီက ၎င်း၏ ပိုင်နက်ရပ်ကွက်များ အတွင်းမှာ မနေရဟု နှင်ထုတ်ခြင်းကို ခံခဲ့ရသည်။
ဂျပန်ခေတ်
ရဲဘော် သုံးကျိပ်နှင့် ဂျပန်များ ဝင်လာသော အချိန်တွင် ဆင်ပေါင်ဝဲ အနောက်ဘက် လက်ပန်ရွာ ဒိုင်နယ်တွင် ရောက်နေ၍ ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်ရန်နိုင် စသော ကျောင်းသားသမဂ္ဂ ရဲဘော်များ၏ ညွှန်ကြားချက်အရ အင်္ဂလိပ်များကို တိုက်ထုတ်ရာတွင် ကူညီခဲ့သည်။
ထို တိုက်နယ်မှာပင် အာရှလူငယ် အစည်းအရုံးကို ထောင်၍ ဥက္ကဋ္ဌ အဖြစ်ဖြင့်၎င်း လက်ရွေးစင် လူငယ်များကို ဖွဲ့စည်း စည်းရုံး၍ ဂျပန် တော်လှန်ရေးတွင် စည်းရုံးရေး တာဝန်ခံ အဖြစ်ဖြင့် ရဲဘော်များနှင့်အတူ တိုက်ခိုက်ခဲ့သည်။
ဖ-ဆ-ပ-လ ခေတ်
ဒုတိယ ကမ္ဘာစစ်ကြီး အပြီးတွင် ရေနံချောင်းမြို့သို့ ပြန်လာ၍ စာ-နယ်-ဇင်း လုပ်ငန်းကို ဆက်လက် လုပ်ကိုင်သည်။
ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များ အစည်းအရုံး (ဗ-လ-စ) သို့ ဝင်၍ ရေနံချောင်းမြို့နယ်နှင့် မကွေး ခရိုင် ဗ-လ-စ တွင် ဥက္ကဋ္ဌ အတွင်းရေးမှူး စသည်ဖြင့် အမှုဆောင် နေရာများတွင် အဆက်မပြတ် လုပ်ကိုင်၍ ဖ-ဆ-ပ-လ အဖွဲ့ကြီးတွင်လည်း အလုပ်အမှုဆောင် နေရာများမှာ တာဝန်ယူ၍ မြန်မာပြည် လွတ်လပ်ရေး ရသည်ထိ ပါဝင် ဆောင်ရွက်ခဲ့သည်။
လွတ်လပ်ရေး ရပြီးနောက် ဖ-ဆ-ပ-လ မှ ဗ-လ-စ အနေနှင့် တဖွဲ့လုံး ထွက်၍ စေတနာ ဝန်ထမ်း အလုပ်များကိုသာ ဆက်လက် ဆောင်ရွက်ခဲ့သည်။
သတင်းထောက် အသင်းကိုပါ ဖွဲ့စည်း၍ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေစဉ် ဆိုရှယ်လစ်များက သတင်းစာတိုက်များကို ဖက်ဆစ်ဆန်ဆန် ရိုက်ချိုးကြသဖြင့် စာ-နယ်-ဇင်း သမားများ၏ တာဝန်အရ ဆိုရှယ်လစ်များကို ရှုတ်ချသော ဖက်ဆစ် တိုက်ဖျက်ရေး တရားပွဲ တခုကို ပြုလုပ်စဉ် ဖ-ဆ-ပ-လ က ကွန်မြူနစ်ဟု စွတ်စွဲကာ တပြည်လုံး ကွန်မြူနစ်များ ဖမ်းသော အချိန်တွင် အဖမ်းခံရသည်။
ဗ-လ-စ ၏ ကြိုးပမ်းချက်ဖြင့် ကွန်မြူနစ် ပါတီဝင် မဟုတ်ကြောင်း ထင်ရှား၍ ပြန်လွှတ်ခဲ့သည်။
ရွေးကောက်ပွဲဝင်ခြင်း
နောက်ပိုင်းတွင် ဖ-ဆ-ပ-လ များ လုပ်ကိုင်ပုံ တပြည်လုံးက မကျေနပ်သောအချိန် ၁၉၅၁ ခုနှစ်တွင် ပါလီမန် ရွေးကောက်ပွဲကို ဝင်ခဲ့သည်။ ရေနံမြေတွင် အလုပ်သမားများ၏ အားပေးမှုဖြင့် အနိုင်ရခဲ့၍ ကျေးရွာများတွင် ဖ-ဆ-ပ-လ များ၏ မတရား ညစ်ပတ်မှုကြောင့် ရှုံးခဲ့သည်။
ကျောင်းဆရာအလုပ်
ရွေးကောက်ပွဲ အပြီးတွင် ၁၉၅၂ ခုနှစ်မှ ၁၉၅၆ ခုနှစ်အထိ ကျောင်းဆရာ အလုပ်ကို လုပ်ကိုင်၍ ကျောင်းဆရာများ သမဂ္ဂတွင် အလုပ်အမှုဆောင်အဖြစ် ပါဝင်ဆောင်ရွက်၍ မြန်မာတပြည်လုံး ဆိုင်ရာ ညီလာခံများကို တက်ရောက်ခဲ့သည်။
၁၉၅၅ ခုနှစ်တွင် ဒုတိယအကြိမ် ရွေးကောက်ပွဲ ဝင်ရန် ကြံစည်ရာ ကျောင်းဆရာ အလုပ်မှ ထွက်စာ အချိန်မီ မရ၍ မဝင်ရဘဲ ပ-မ-ည-တ ကို ကူညီခဲ့သဖြင့် ဖ-ဆ-ပ-လ အစိုးရမှ ဒုတိယအကြိမ် အဖမ်းခံရပြန်သည်။ ၅၅ ရက် အချုပ်ခံရ၍ သုံးလ အကြာတွင် မှားယွင်းမှုဖြင့် အမှုကို ပိတ်လိုက်သည်။
ကျောင်းဆရာ အလုပ်ကို ဆက်လက် မလုပ်တော့ဘဲ တရားမျှတမှု အဖွဲ့တွင် ဝင်၍ ပ-မ-ည-တ အဘာပတိအဖြစ်ဖြင့် လုပ်ကိုင်နေရင်း တရားမျှတမှု အဖွဲ့ကြီး ဖျက်သိမ်းလိုက်သောအခါ အလိုလို တသီးပုဂ္ဂလဖြစ်လျှက် မည်သည့် နိုင်ငံရေးမှ ဆက်လက်မလုပ်ဘဲ စေတနာ့ ဝန်ထမ်းများကိုသာ ယနေ့ထိ လုပ်ကိုင်နေထိုင်ခဲ့သည်။
                                                                         ထိုးမြဲ လက်မှတ
                                                                       (ကျော်စိန်)
(ဖြည့်စွက်ချက်)
ခရစ်သက္ကရာဇ် ၁၉၁၅ ခုနှစ် ၁၃ ရက် စက်တင်ဘာ တနင်္လာနေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး အသက် ၅၉ နှစ် အရွယ် ၁၉၇၄ ခုနှစ် ကွယ်လွန်ချိန်အထိ ရေနံချောင်းမြို့မှာ လူထုလက်ရုံး စာပေဖြန့်ချီရေးနဲ့ စာရေးကရိယာ ရောင်းဝယ်ရေး သတင်းစာ ဖြန့်ချီရေး စာပေဗိမာန် ကိုယ်စားလည် အလုပ်များကို လုပ်ကိုင်သွားပါတယ်၊
မောင်ရင်ငတေ ၁၃၀၉၂၀၁၅
Aucun commentaire:
Enregistrer un commentaire
** * တခါကနေ့ရက်များ (၃) ** *
Google+ Badge
Google+ Followers