lundi 3 août 2015

** ခင်ဝမ်းနှင့် ထိတွေ့ခြင်း ** *

ခင်ဝမ်းနှင့် ထိတွေ့ခြင်း 

ခင်ဝမ်း ရဲ့ The teeth နဲ့ အိပ်မက်ကြော်ငြာတဲ့အချိန်မှာ ကိုယ်ကိုတိုင် ရန်ကုန်ရောက်နေခိုက် အံကိုက် ဖြစ်ပြီး အိမ်က ပိုက်ဆံအတင်းတောင်း မုန့်မစား ဆေးလိပ်ခိုးမသောက် ရုပ်ရှင်မကြည့်ဘဲ ပထမဆုံး အကြိမ် ကိုယ်ပိုင် ခင်ဝမ်းရဲ့သီချင်းခွေကို ဝယ်ခဲ့ရပါတယ်၊ ဒါတောင် တွေ့တဲ့သူတွေက အဓိကက မိန်းခလေးတွေပေါ့၊ ဒီလောက်ရုပ်ဆိုးတဲ့ အဆိုတော် တခါမှမတွေ့ဖူးဘူးတဲ့ ….




ခင်ဝမ်းနှင့် ထိတွေ့ခြင်း (၁) ၂၆၀၉၂၀၁၁

သူ့အကြောင်း ဘာရေးရမလဲ၊ သူနဲ့က လူချင်းသိတာ မဟုတ်၊ လေးငါးကြိမ် ဆုံခဲ့ဖူးတယ်၊ ပြည်မှာ သုံးလေးကြိမ်၊ ဒါပဲ၊ ဒါပေမယ့် သီချင်းတွေ စတင်နားထောင် ဖြစ်ခဲ့တဲ့ အချိန် ၁၉၈၀ မတိုင်ခင် အလယ်တန်း ကျောင်းသားဘဝ မင်းအောင်၊ လွှမ်းမိုးတို့ စ နာမည်ကြီးနေပြီ၊ အဲဒီ မတိုင်ခင်ကတော့ စတီရီယိုခေတ်ဦးပိုင်း စနေပြီဆိုပေမယ့် အသက် ကလည်း ငယ်သေး၊ ကက်ဆက်တွေကလည်း စပေါ်နေပြီ ဆိုပေမယ့် အိမ်မှာမရှိသေး၊ စတီရီယိုကလည်း လမ်းသရဲခေတ် အရူးချီးပန်းဆိုပြီး လူကြီးတွေကလက်မခံ၊ လူကြီးတွေ လက်ခံတဲ့ မင်းအောင် တို့ကျတော့လည်း ခဏ ကြိုက်ပြီး ကိုယ့် ဖီလင်နဲ့ နည်းနည်းတော့ လွဲနေတယ်။
ဒါနဲ့ ၁၉၇၈ ရောက်တော့ ဦးလေးတယောက်ဆီကနေ ကက်ဆက်ခွေသစ်တွေ ခဏငှားတော့ ပါလာတာက ခိုင်ထူးရဲ့အခွေ၊ အဝေးဆုံး ပါတယ် ထင်တာပဲ၊ အဲဒီကစ ပြီးတော့ ကိုယ်ပိုင်သံစဉ် ဆိုတာကို ငြိတွယ်ခဲ့ရတာပဲ၊ အဲဒါနဲ့ ကိုယ်နဲ့လိုင်းတူတဲ့ သူငယ်ချင်းတယောက်က ဂီတာနည်းနည်း တီးတတ်တော့၊ (ကိုယ်ကိုတိုင်ကတော့ ခုထိ ခုံတောင် ကောင်းကောင်း မခေါက်တတ်သေးဘူး၊) သူနဲ့လိုက်ပြီး တောင်အော် မြောက်အော်ပေါ့၊ အဲဒီ အချိန်မှာပဲ ခင်ဝမ်းကို စတွေ့ရတာပါ၊ သီချင်း ခွေလည်းမရှိဘူး၊ သီချင်းစာအုပ်လည်းမရှိဘူး၊ သူငယ်ချင်းက သူကြားလာတဲ့ စာသားတွေနဲ့ သူ တီးတတ်သလောက် ဆိုတီးတာကို ကျနော်တို့တသိုက်က လိုက်အော်ရင်း နှင်းဆီဖြူနဲ့ ရင်းနှီးခဲ့ ရပါတယ်။
၁၉၇၉ မှာ ရေနံချောင်းကနေ မိတ္ထီလာကို ပြောင်းတယ်၊ ဒီမြို့က လမ်းဆုံကျတယ်၊ လူဆုံတယ်၊ မြို့ ကြီးတယ်၊ လူငယ်တွေက ပိုခေတ်မီတယ်၊ အသံတွေလည်း ပိုစုံလာတာပေါ့၊ အိမ်မှာလည်း အုံးလီး ကက်ဆက်ရှိနေပြီ၊ ကိုယ်ကလည်း ၁၀ တန်းရောက်လာပြီ၊ ဆေးလိပ်လည်း လက်ကြားညှပ် တတ်လာပြီ၊ ခေါင်းလောင်းဘောင်းဘီ ဝတ်တတ်သွားပြီ၊ ရန်လည်းဖြစ်တတ်သွားပြီ၊ သူငယ်ချင်း အသစ် တွေနဲ့ ကျူရှင်အသွားအပြန်၊ ကျောင်းသွားကျောင်းပြန် လမ်းဘေးအုတ်ခုံတွေမှာထိုင်ပြီး တယောက် က ဂစ်တာတီး ကျန်တဲ့ကျနော်တို့တတွေက ဝိုင်းအော် ဆိုခဲ့ကြတာပါ၊ အဲဒီမှာ ခိုင်ထူးရဲ့အဝေးဆုံး သီချင်းတပုဒ်ပန်းတဆုပ်၊ ရီဇော်ရဲ့​ မောင်ဟာလူစိမ်း၊ ကိုင်ဇာရဲ့ အထီးကျန်နဲ့အလွမ်း၊ ခင်မောင်တိုး ရဲ့ ဝိုင်းရဲ့ဆည်းဆာ၊ ရာပြည့် (သို့မဟုတ်) ချမ်းငြိမ်း (ချမ်းမှိုင်း) ရဲ့ သတိမမူဂူမမြင်တို့နဲ့အတူ ခင်ဝမ်းရဲ့ ဧရာဝတီ၊ နှုတ်ဆက်ခဲ့ပါတယ် ပြည်မှာဆောင်း ညကောင်းကင်ရဲ့ တေးသမားတို့နဲ့ ဖြတ်သန်းခဲ့ရင်း အကြိုက်ဆုံး နှင်းဆီဖြူ ဖြစ်ခဲ့ရတာပါ။
အမှတ်တရအဖြစ်ကတော့ အိမ်မှာ ကက်ဆက်ရှိနေပေမယ့် ကိုယ်ကြိုက်တဲ့အခွေတွေက သိပ်မရှိ၊ မိတ္ထီလာက ရှဲဒိုးတေးသံသွင်းဆိုင်ရှိပေမယ့် ခင်ဝမ်းကမရှိ၊ ကိုင်ဇာတော့ရနေပြီ၊ ခိုင်ထူးတောင် သိပ် မသိသေးတဲ့အချိန်၊ ခင်ဝမ်းတို့ ရာပြည့်ဆို ဝေးရောပေါ့၊ ကြားတောင် မကြားဖူးကြဘူး၊ ဇော်ဝမ်း တော့ သိကြတာပေါ့၊ ရန်ကုန်လူကြုံရှိလို့ မှာပေမယ့် လူကြုံက ရှာမတတ်၊ အဲဒီအချိန်မှာဘဲ ခင်ဝမ်း ရဲ့ The teeth နဲ့ အိပ်မက်ကြော်ငြာတဲ့အချိန်မှာ ကိုယ်ကိုတိုင် ရန်ကုန်ရောက်နေခိုက် အံကိုက် ဖြစ်ပြီး အိမ်က ပိုက်ဆံအတင်းတောင်း မုန့်မစား ဆေးလိပ်ခိုးမသောက် ရုပ်ရှင်မကြည့်ဘဲ ပထမဆုံး အကြိမ် ကိုယ်ပိုင် ခင်ဝမ်းရဲ့သီချင်းခွေကို ဝယ်ခဲ့ရပါတယ်၊ ဒါတောင် တွေ့တဲ့သူတွေက အဓိကက မိန်းခလေးတွေပေါ့၊ ဒီလောက်ရုပ်ဆိုးတဲ့ အဆိုတော် တခါမှမတွေ့ဖူးဘူးတဲ့။



ခင်ဝမ်းနှင့် ထိတွေ့ခြင်း (၂) ၂၈၀၉၂၀၁၁
အဲဒီ ရုပ်ဆိုတာကို ပြောချင်တာလေ၊ အဲဒီချိန် လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကာလက အလွန်ရှင်းတယ်၊ အရုပ်တွေ ကြည့်ချင်ရင် ရုပ်ရှင်ရုံဘဲရှိတယ်၊ စာစောင်တွေမှာပါတဲ့ ပုံတွေကလည်း ဝိုးတိုးဝါးတား၊ အသံ နားထောင်ချင် ရင် တောင်မှ ကက်ဆက်က ခုခေတ်လို အသံမစုံဘူး၊ မာလ်တီမီဒီယာလို့ ဘယ်​သူမှ မပြောသေးဘူး၊ အရုပ် မလိုဘူးလေ၊ ဆိုတဲ့သူရဲ့ မူရင်း အသံက အဓိကဘဲ၊ ခင်ဝမ်းကို ကြိုက်တာ သူအသံဘဲ၊ အနုပညာတွေ မယ်လိုဒီတွေ နားမလည်ဘူး၊ နားလည်ဖို့နေသာ ခုံတောင် မခေါက်တတ်ဘူးလေ၊ တခြားအဆိုတော်တွေရဲ့ သီချင်းတွေကို ကြိုက်တာလည်း ရှိပါတယ်။
ခင်ဝမ်းအသံနဲ့ ခင်ဝမ်းသီချင်း သူဆိုတာဘဲ ခံစားလို့ရတယ်၊ ခင်ဝမ်း တခြားသူတွေရဲ့ သီချင်း ပြန်ဆိုရင်တောင်မှ သိပ် မကြိုက်ချင်ဘူး၊ ဒါ နှစ် ၃၀ ကျော်ရှိသွားပြီ မနေ့တနေ့ကလိုဘဲ ထင်နေ ရတယ်၊ ခုလို အချိန် နေရာမှာ ပိုခံစားမိ ရတာပေါ့၊ ကိုယ်ကိုတိုင်က အနုပညာ နယ်ပယ်နဲ့ ဆိုရင် အဝေးကြီးကပါ၊ ဆိုလဲမဆိုတတ် တီးလဲမတီးတတ် နားထောင်သူ သီးသန့်ဘဲ၊ သီချင်းစာသား တွေလည်း အလွတ်ရတာ မဟုတ်ဘူး၊ ဒါပေမယ့် ခင်ဝမ်း သီချင်းသံကြားရင် မနေနိုင်ဘူး၊ အဲဒါခုထိ၊ ကျောင်းသားဘဝထဲက၊ အဲဒီအချိန်တွေတုန်းက ၈၁-၈၂ ခုနှစ် လောက်ကပေါ့၊ စတိတ်ရှိုးပွဲတွေမှာ ပလေးဘွိုင် နဲ့ အယ်လ်ပီဂျေက အပြိုင်၊ သန်းနိုင် အေးမောင် ပုလဲ နွဲ့ယဉ်ဝင်း သိန်းတန် မျိုးအောင် လွှမ်းမိုး ကိုင်ဇာ ခိုင်ထူး စိုင်းထီးဆိုင်၊ ဒါပေမယ့် ခင်ဝမ်း စတိတ်ရှိုး တခါမှ မကြားဖူးဘူး။
၁၉၈၂-၈၃ မန္တလေး ရတနာဘုမ္မိမှာ ကျောင်းတက်တယ်၊ သူငယ်ချင်းတွေထဲမှာ ခင်ဝမ်းခရေဇီတွေ ပါပေမယ့် နာမည်ကြီးလာတာက ဖိုးချိုရဲ့ ပိုင်စိုးမှုနဲ့အတူ သွှအောင် ဂျွန်သင်ဇမ်း၊ မဟာဆန်သူ တောင်မှ ခင်မောင်တိုး မဆိုသေးဘူး ထင်တယ်၊ ဝိုင်းရဲ့ဆည်းဆာဘဲ ရှိသေးတယ် ထင်တယ်၊ ခိုင်ထူးကတော့​ မိုးရဲရင်နဲ့ ထိပ်ဆုံးရောက်နေချိန် ဖြစ်မယ်၊ မန်းသား သူငယ်ချင်းတယောက် သူ့ နံမယ်က မြတ်သန်းထွန်း၊ သူက ဖိုးချို ခိုင်ထူး ရာပြည့် ခင်မောင်တိုး သီချင်းတွေ အမြဲဆိုတယ်၊ သူ့ရဲ့ ကျောင်းဗလာ စာအုပ်ထဲမှာတော့ ခင်ဝမ်းရဲ့ စာသားတွေချည်းဘဲ တွေ့ရတယ်၊ ဒါနဲ့ သူကို ဘာကြောင့်လဲ ….. မေးကြည့်တော့ တခြားသီချင်းတွေကလည်း ကောင်းပါတယ်၊ ကြိုက်ပါတယ်၊ စာသားတွေမှာလည်း အဓိပ္ပါယ်ရှိပါတယ် တဲ့၊ ခင်ဝမ်း သီချင်းတွေကျတော့ ရုတ်တရက် နားထောင် ရင် ဖတ်ကြည့်ရင် လွယ်တယ် ရိုးရှင်းတယ် ထင်ရပေမယ့် သေချာနားထောင် ကြည့်လေ ဖတ်ကြည့် လေ လေးနက်လာလေ နက်ရှိုင်းလာလေ တဲ့၊ အသံနဲ့စာသားက အရမ်း လိုက်ဘက်တယ် တဲ့၊ နှစ်ကြာကြာ အထားခံမယ့် တန်ဖိုးရှိလာမယ့် ပစ္စည်းမျိုး တဲ့၊ အဲဒီတုန်းက သူပြောခဲ့တာတွေ၊
မှန်မမှန်တော့ ခု စဉ်းစားကြည့်၊ ထောက်ခံသူ ရာခိုင်နှုန်း ခုချိန် ပိုများနေမှာဘဲ၊ ခင်ဝမ်းသီချင်း ကြိုက်သူ ပိုများလာနေတယ် မဟုတ်လား ……
ပြောချင်တာက ခင်ဝမ်းဟာ စတိတ်ရှိုးမင်းသား မဟုတ်ဘူး၊ ဒါပေမယ့် ကျောင်းက သူငယ်ချင်းတွေ ခင်ဝမ်းခရေဇီတွေဟာ ခင်ဝမ်းကိုယ်တိုင်တီး ကိုယ်တိုင်ဆိုတာ ချဉ်ခြင်းတပ် နေကြတာတော့ အမှန်ဘဲ၊
မောင်ရင်ငတေ (မကန) ၂၈၀၉၂၀၁၁

ခင်ဝမ်းနှင့် ထိတွေ့ခြင်း (၃) ၂၈၀၂၂၀၁၂



ခင်ဝမ်း သီချင်းတွေ နားထောင်ဖြစ် သီချင်းခွေတွေ ဝယ်ဖြစ်ခဲ့ပေမဲ့ ခင်ဝမ်း ကိုယ်တိုင် ဆိုတာကို တော့ တစ်ခါဘူးမျှ နားမထောင်ဘူးသေးတဲ့ အချိန် ၈၂ လောက်ထိပေါ့၊ ၈၃ နှစ်ကုန် သမိုင်းဝင်း အဆောင်မှာနေ ကျောင်းတက်တော့၊ သူငယ်ချင်းအများစုက နေ့ကျောင်းသားဖြစ်ပြီး အာစီတူး ခေါ် လှိုင်နယ်မြေမှာ ရှိနေကြတော့ မိန်းထဲကို မရောက်ဖြစ်ဘူး၊ အာစီတူးရဲ့ ဆေးရောင်စုံ ပြိုင်ဆိုင်မှု တွေကို သာယာနေတဲ့ အချိန်၊ ဒါပေမဲ့ ညပိုင်း အဆောင်ပြန် အိပ်ဖြစ်တဲ့ ရက်များမှာတော့ မန်းသား သူငယ်ချင်း မြတ်သန်းထွန်းကလည်း မေဂျာတူ အဆောင်တူ အခန်းကပ်ရက်၊ မေခဆောင် အခန်း (၇) နဲ့ (၅) ပေါ့၊ သူနဲ့ပတ်သက်ပြီး သမိုင်းဝင်း အဆောင်သားတွေနဲ့ တွေ့သိ ရင်းနှီးရတယ်၊ ကိုယ်က အဆောင်မှာ မရှိတဲ့ရက်က များနေတော့ ကိုယ့်ကိုသိတဲ့သူ သိပ်မရှိဘူးလေ၊
ဒီလိုနဲ့ တစ်ည အဆောင်ပြန် အိပ်တော့ မိန်းခလေး အဆောင်တွေရှေ့ သီချင်းသွားဆိုမယ် ဆို တော့ လိုက်သွားဖြစ်တယ်၊ သရဖီလား ကံကော်လား မမှတ်မိတော့ဘူး၊ အရက်ကို နှစ်နှစ်ချိုက်ချိုက် စသောက်နေပြီ ဆိုတော့ မူးနေတာဘဲ မှတ်မိတယ်၊ ညသန်းခေါင် တံတားဖြူ အဆောင်တွေဘက် ရောက်တော့ ကိုယ့်အဖွဲ့သားတွေက ငမူးတွေ များတယ်၊ တီးတဲ့သူကတီး အမှန်အကန် ဆိုတဲ့သူ တွေ စိတ်ပျက်လောက်အောင် ဝင်အားပေးတဲ့ ဂဲမလောက် မန်ဘာတွေက များ၊ ကိုယ်အလှည့် ပြီးတော့ နောက်တစ်ဖွဲ့၊ အဲဒီမှာ ခင်ဝမ်းသီချင်း၊ မူးနေတဲ့ စိတ်တောင် နည်းနည်း လျော့သွားတယ်၊ ဆိုတာ ကောင်းလှချည်လားဆိုပြီး အားလုံးငြိမ်သက် ဆယ်မိနစ်ပေါ့၊ နောက် တပုဒ် နောက်တပုဒ် ပေါ့၊ သီချင်းသံ ရပ်သွားတော့မှ ဘေးနားက သူငယ်ချင်းက အဲဒါ ခင်ဝမ်း ကိုယ်တိုင်ဘဲပေါ့ ပြော လိုက်တယ်၊ ဒါ ပထမဆုံး ခင်ဝမ်း ကိုယ်တိုင်တီး ကိုယ်တိုင်ဆိုတာ ကြားခဲ့ရဖူးတာပေါ့၊ အဲဒီ နောက် ပိုင်းတော့ အဆောင်ရှေ့ ဂဲမလောက် အဖွဲ့တွေနဲ့အတူ တင်းပြည့် မန်ဘာတယောက် ဖြစ်ခဲ့ရ ပြန် တာပေါ့၊ ဂဲမလောက် အဖွဲ့ဝင် ခင်ဝမ်းတို့ မြို့က သူငယ်ချင်း တစ်ယောက်နဲ့ လည်း သောက်ဖော် သောက်ဖက် တေဖက် ဖြစ်လာခဲ့ရတော့ ခင်ဝမ်းသီချင်း ခရေဇီပိုးက အရိုးထဲထိ ရောက်လာခဲ့ ရတာပေါ့။
သူငယ်ချင်း မြို့ပြန်ရင် (အရင်က ဖြတ်သွားဘူး ခရီးတထောက် နားဘူးခဲ့ပေမယ့်) ရောက်ဖူးချင် လွန်းလို့ အိမ်က မသိအောင် လိုက်လည်ခဲ့ဖူးတယ်၊ သူတို့မြို့က လူငယ်တွေ ခုတော့ ကြီးမိုက်တွေ ပေါ့ အများစုကလည်း သူ့ကိုသိကြတယ်၊ ဘယ်သူ့ အိမ်လည်းတော့ မသိတော့ဘူး၊ အိမ်ရှေ့ကွပ်ပျစ် တခုပေါ်မှာ ထိုင်သောက်ရင်း သူကိုယ်တိုင် ဆိုပြ တီးပြတာကို ကြုံခဲ့ရဘူးတယ်၊ နောက်ပိုင်းတော့ ကြုံတိုင်း အခွင့်ရတိုင်း သွားဖြစ်ခဲ့ရလွန်းလို့ (၁၉၉၈) အိမ်ထောင်ကျ မိန်းမပါ ရခဲ့တယ်၊ မယုံရင် လည်း ပုံပြင်တပုဒ်သာ သတ်မှတ်လိုက်ကြပါ၊ ၈၈ မတိုင်ခင်မှာတော့ ထင်တယ်၊ ပဒုမ္မာကွင်း ဇာတ်ရုံ မှာ မဇ္စျိမလှိုင်း အဖွဲ့နဲ့ ခင်ဝမ်းစတိတ်ရှိုး တခါကြည့်ခဲ့ဖူးပေမဲ့ အားရပါးရ မဖြစ်ခဲ့ဘူး၊ အဲဒီ အချိန် လောက်ကဘဲ သူတို့မြို့မှာ အားကစား ဇာတ်ရုံမှာတော့ တင်ဆက်မှုမကောင်း အသံပိုင်းဆိုင်ရာမှာ မကောင်းပေမယ့် ခင်ဝမ်း ဟော်လို ဆိုလိုရှိုးကို မှတ်မှတ်ရရ အားပေးခဲ့ရဘူးတယ်။
သြော် … ကြာခဲ့ပါပြီလေ …. ဒါပေမဲ့ ခုထိ ဟောင်းနေပေမယ့် ကောင်းနေဆဲပါ၊ ကိုခင်ဝမ်းရေ … အားပေးနေသူ မူလ လက်ဟောင်း ခရေဇီများရော လက်သစ်ခရေဇီသစ်များနဲ့ပါ မြိုင်မြိုင်ဆိုင်ဆိုင် ခင်ဝမ်းယိမ်းကို ခေတ်သစ် ၂၀၁၂ ထိ အင်တာနက် ဖေ့ဘုတ်ခေတ်မှာ ကိုခင်ဝမ်း အမှတ်တရ ခင်ဝမ်းဖန်ကလပ် ၇၀၈၀၉၀ အဖွဲ့ဝင်တွေနဲ့အတူ နှစ်သုံးဆယ်လွန် လေးဆယ်ကာလထိ အားပေး နေဆဲ၊ လွမ်းဆွတ်စွာ နှစ်ချိုက်စွာ ခံစားနေဆဲ၊ နှင်းဆီဖြူ ပြည်မှာဆောင်း ဧရာဝတီ မမချစ် ဆော်လမွန်ငါး နှုတ်ဆက်ခဲ့ပါတယ် မြှားဘုရင် ဘာမဆိုမင်းအတွက် ကျော်ကြီး သက်ထား မိုးတွေ ရွာစွေ မြစ် မြိုင် ယိမ်း ………. အများကြီး အများကြီးပါ ….. ကိုခင်ဝမ်း ….. ခင်ဗျားထားခဲ့တာ ပင်လယ်ကြီးပါ၊ ကြိုက်တတ်ရင် ဝင်သောက် ဝင်ခပ် ဝင်နား ကြည့်စမ်းပါ၊ ဒါ ……. သီချင်းဘဲ ရှိသေး တယ်၊ ကျန်တာတွေ အများကြီး ရှိသေးတယ်၊ နားမလည်နိုင်တာတွေ အများကြီး ရှိသေးတယ်၊ မလိုက်နိုင်လို့ ခေါက်ထားခဲ့တာတွေ အများကြီး ရှိပါသေးတယ်၊ ဒီနေ့လည်း ဘာကိုလွမ်းနေမှန်း မသိ လွမ်းနေရင်းနဲ့ အဟောင်းတွေကို ပြန်လည်တူးဆွရင်းနဲ့ ခင်ဝမ်းနဲ့ ထိတွေ့ပြန်တယ်၊

မောင်ရင်ငတေ ၂၈၀၂၂၀၁၂


လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ၇၀ ၈၀ ၉၀ သီချင်းအုပ်စုမှာ ရေးထားတာတွေကို ပြန်ရှာတာ မတွေ့ပါဘူး၊
အဲဒါနဲ့ ကိုယ်ပိုင်မှတ်စုတွေထဲကနေ အမှတ်တရ ပြန်တင်လိုက်ရပါတယ်၊
(မရငတ) ၂၈၀၄၂၀၁၄
 http://newsightsmm.com/2014/04/29/%E1%80%81%E1%80%84%E1%80%B9%E1%80%9D%E1%80%99%E1%80%B9%E1%80%B8%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%91%E1%80%AD%E1%80%B1%E1%80%90%E1%80%BC%E1%82%94%E1%80%BB%E1%80%81%E1%80%84%E1%80%B9/

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...