lundi 22 juin 2015

** ပါရီလေကြောင်းပြပွဲ ** *

ပါရီပုံရိပ်များ
ပါရီလေကြောင်းပပွဲ 

လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က အကြိမ် ၅၀ ပြည့် ပါရီလေကြောင်းပြပွဲ အကြောင်း ရေးထားတာလေးတွေကို 
အနည်းငယ် ပြန်လည်ပြင်ဆင် ဖြည့်စွက်ရေးသားပြီး အခုနှစ် ၂၀၁၅ ဂျွန်လမှာ ပြုလုပ်နေတဲ့ ၅၁ ကြိမ်မြောက်ပွဲအတွက် အမှတ်တရအဖြစ် ထပ်မံ ဖော်ပြလိုက်ရပါတယ်၊ (မရငတ) 
 

Le Bourget လေဆိပ်အဝင်ဝက လေယာဉ်ပရိသတ်များ



Salon du Bourget, Paris Air Show 2013              (ဓါတ်ပုံ မရငတ)

နှစ်ပေါင်း ၁၀၄ နှစ် အတွင်းမှာ အကြိမ် ၅၀ မြောက် ပြုလုပ်ခဲ့တဲ့ Paris Air Show ဆိုပြီး လူသိများ ထင်ရှားတဲ့ Le Salon International de l'Aéronautique et de l'Espace de Paris-Le Bourget လေကြောင်း 
ပပွဲကြီးကို ပါရီမြို့ မြောက်ပိုင်း ရှားလ်ဒဂိုးလ် လေဆိပ်သွားရာ လမ်းပေါ်မှာ တည်ရှိတဲ့ Paris–Le Bourget Airport မှာ ပြီးခဲ့သော ၂၀၁၃ ခုနှစ် ဂျွန်လ ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ ပြုလုပ်ခဲ့ပါတယ်၊ 

နောက်ဆုံးသုံးရက်မှာကတော့ အများပြည်သူတွေ ဝင်ရောက်ကြည့်ရှုနိုင်ဖို့အတွက် ဖွင့်လှစ်ပေးထားပြီး 
လူကြီးတဦးကို ၁၄ ယူရို ဝင်ကြေး ကောက်ခံပါတယ်၊ ကမ္ဘာစစ်ကြီး နှစ်ခုကာလ အတွင်းမှာကလွဲလို့ နှစ်နှစ်တကြိမပြုလုပ်ခဲ့တာမှာ တကြိမ်ထက် တကြိမ် လာရောက်သူ ပို၍ ပို၍ များပြားလာပြီး ဒီနှစ်မှာပြုလုပ်တဲ့ ပွဲတော်ကာလအတွင်း လာကြည့်ရှုလေ့လာသူပေါင်း ငါးသိန်းနီးပါး ရှိမယ်လို့ ခန့်မှန်းကြပါတယ်၊

မေတ္တာလက်မှတ် ကိုင်ဆောင်လာသူပေါင်း ဘယ်နှစ်ရာခိုင်နှုန်း ပါဝင် လာမယ်ဆိုတာ မသိရှိနိုင်ပေမဲ့ ဝင်ငွေယူရို လေးငါးသန်းခန့်လောက်တော့ အကျိုးအမြတ် ရရှိနိုင်တဲ့ ပွဲမျိုးပါ၊ ဒီလို ၁၄ ယူရို အကုန်ခံပြီး လာကြည့်သူတွေဆီကနေဘဲ ဝင်ငွေရယူရုံ မဟုတ်ပါဘူး၊ 

အဓိက ဝင်ငွေကတော့ လေယာဉ်ပျံတွေရယ် လေကြောင်းဆိုင်ရာပစ္စည်းတွေ အရောင်းအဝယ်လုပ်ကြတာ စာချုပ်ချုပ်ကြတာကနေ ရရှိကြတာပါ၊ ရွှေပြည်တော်ကြီးမှာ ၁၉၉၀ ခုနှစ် နောက်ပိုင်းကာလတွေမှ စတင်ခေတ်စားလာခဲ့တဲ့ ကုန်စည်ပြပွဲဆိုတာမျိုးကို သူတို့ပြင်သစ်လူမျိုးတွေက အနှစ်တရာလောက် စောပြီး ပြုလုပ်ခဲ့ကြတာပါ၊ 

ဒီလိုမျိုး ပြပွဲတွေကို ၁၈၀၀ ပြည့်နှစ် မတိုင်မှီကပင် စတင်ပြုလုပ်နေကြပြီ ဖြစ်ပေမဲ့ အထူးပွဲမျိုး အဖြစ်သာ ပြုလုပ်ကြတာဖြစ်ပြီး ပုံမှန် ပြုလုပ်ခဲ့တာမျိုးကတော့ တော်တော်ရှား ပါတယ်၊ 

ဒီ လေကြောင်းပြပွဲ မတိုင်ခင်က ၁၀ နှစ်ကျော်ခန့် စောပြီး ၁၈၉၈ ခုနှစ်မှာ စက်ဘီးသာသာ ဆိုက်ကားသာသာရှိတဲ့ မော်တာတပ်ဆင်ထားတဲ့ ကားတွေကို Paris Motor Show ဆိုပြီး ပြပွဲလုပ် အရောင်းမြှင့်တင် နေကြပါပြီ၊ 

ဒီလေကြောင်းပြပွဲ ဆိုတာကိုက အဲဒီကားပြပွဲကို အမှီပြုပြီး ပေါ်ပေါက် လာခဲ့တဲ့ ပြပွဲတခုသာပါ၊


ပထမအကြိမ် ပါရီလေကြောင်းပြပွဲ (၂၅ စက်တင်ဘာ ၁၉၀၉ - ၁၇ အောက်တိုဘာ ၁၉၀၉)

ပထမဆုံးအကြိမ် လေကြောင်းပြပွဲကို ၁၉၀၉ ခုနှစ်မှာ ၁၂ ကြိမ်မြောက် ပြုလုပ်ခဲ့တဲ့  Paris Motor Show  ပါရီကားပြပွဲကြီးမှာ ပူးပေါင်းပါဝင် ပြသခဲ့တာပါ၊ 

ကျင့်ပခဲ့တဲ့ နေရာကတော့ အခုခေတ်မှာလို လေယာဉ်ကွင်းကျယ်ကြီးမှာလိုမျိုး ပြုလုပ်တာမျိုးမဟုတ်ဘဲ Grand Palais ဆိုတဲ့ Exhibition Hall တခုမှာ မိုးလုံလေလုံ ပြုလုပ်ခဲ့တာပါ၊ 

ပထမဆုံးပွဲကျင့်ပချိန်က ကမ္ဘာ့လေကြောင်း လောကကလည်း ဖွင့်ဖြိုးဖို့ အရှိန်ယူကာစသာ ရှိသေးတဲ့အချိန်
 ဖြစ်တာနဲ့အမျှ လေကြောင်းဆိုင်ရာ ပြသထားမှုတွေက မီးပုံးပျံသာသာ လေဘူဘောင်းတွေနဲ့ တယောက်စီး လေယာဉ်ငယ်လေးတွေကိုသာ အများအပြား ပြသထားတာမျိုးပါ၊ 

ပထမကမ္ဘာစစ်ကြီး မတိုင်မီ ၁၉၁၃ ခုနှစ်အထိ ငါးကြိမ်မြောက်ပွဲကို ပြုလုပ်ခဲ့ပြီး စစ်ပြီး ၁၉၁၉ ခုနှစ်
 ခြောက်ကြိမ်မြောက် ပွဲမှာတော့ အပြည်ပြည်ဆိုင်ရာ အဆင့် ပြုလုပ် လာနိုင်ပါပြီ၊ 

စစ်ဘက်ဆိုင်ရာ လေယာဉ်တွေကနေ စီးပွားရေး လုပ်ငန်းသုံး လေယာဉ်တွေကို စတင်မိတ်ဆက်ဖို့ ပြုလုပ်လာကြပါတယ်၊ 

၁၉၃၈ ခုနှစ်ကနေ ဒုတိယကမ္ဘာစစ်အပြီး ကာလအထိ  ပွဲကိုရပ်နားခဲ့ရပြန်ပြီး ၁၉၄၉ ခုနှစ် ၁၈ ကြိမ်မြောက်ပွဲကနေ နှစ်နှစ်တခါ ဂျွန်လဝန်းကျင်မှာ မှန်မှန်ပြုလုပ်နိုင်ခဲ့ကာ အခုနှစ် ၂၀၁၃ မှာတော့ အကြိမ် ငါးဆယ်ပြည့်ပွဲကို ပြုလုပ်နိုင်ခဲ့ပါတယ်၊  


Louis Blériot over the English Channel, 25 July 1909 
(လေသူရဲ Louis Blériot သူ့ရဲ့လေယာဉ်လေး Blériot XI နဲ့ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်သန်းနေစဉ်)      (Photo Google)


 Blériot XI                         (Photo Google)

အဲဒီ ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ပြပွဲမှာ မိတ်အင်ပြင်သစ်လေယာဉ်တို့ရဲ့ အစဦးလို့ ဆိုလို့ရမယ့် Blériot XI လေယာဉ်ငယ်ကို မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်၊ ဒီ Blériot XI လေယာဉ်ဟာ ၁၉၀၉ ခုနှစ် ဂျူလိုင်လ ၂၅ ရက်နေ့က ပြင်သစ်ကမ်းခြေ Calais မြို့ကနေ ၃၈ ကီလိုမီတာ ကွာဝေးတဲ့ အင်္ဂလန် ဘက်ကမ်းက Dover ကမ်းခြေဘက်သို့ La Manche ခေါ် English Channel ကို ၃၇ မိနစ်နဲ့ ပထမ ဦးဆုံး ဖြတ်သန်း မောင်းနှင်နိုင်ခဲ့သော လေယာဉ်ငယ် ဖြစ်ပါတယ်၊ 

အဲဒီ လေယာဉ်ငယ် အမျိုးအစား အစင်း ၁၀၀ ထုတ်လုပ်ခဲ့ပြီး ပထမကမ္ဘာစစ်မှာ ပြင်သစ်စစ်တပ် အသုံးပြုခဲ့တဲ့ စစ်သုံးလေယာဉ်များ ဖြစ်လာပါတယ်၊ ဒီပြင်သစ်လူမျိုး စက်မှုအင်ဂျင်နီယာ လေယာဉ်ပျံမောင်းသူ လေယာဉ်ပျံ တီထွင်သူ တည်ဆောက်သူ Louis Charles Joseph Blériot (၁၈၇၂-၁၉၃၆) ကို ပြင်သစ် မြောက်ပိုင်းဒေသ ဘယ်လ်ဂျီယံ နယ်စပ်အနီး Cambrai မြို့လေးမှာ မွေးဖွားခဲ့ပါတယ်၊ 

၁၉၀၉ ခုနှစ်မှာတော့ အင်္ဂလိပ် သတင်းစာ Daily Mail ဦးစီးပြီး ကမကထ ပြုလုပ်တဲ့ ဆုကြေးငွေ ပေါင်တထောင်ပေးမယ့် အင်္ဂလိပ် ရေလက်ကြားဖြတ် လေယာဉ်မောင်း ပြိုင်ပွဲကို သူကိုယ်တိုင် တီထွင်ထားတဲ့ Blériot XI လေယာဉ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ၊ 


သူ့အရင် ဝင်ရောက်ပြိုင်ခဲ့သူတွေ အောင်မြင်မှု မရခဲ့ပါဘဲ သူဝင်ပြိုင်ဖြစ် အနိုင်ရခဲ့တာပါ၊ ပြိုင်ပွဲစည်းကမ်းအရ ပင်လယ်ရေပြင်ကို ဖြတ်သန်းချိန်မှာ ရေပြင် မြေပြင်နဲ့ မထိရ နေအလင်းရောင်ရှိနေချိန် အတွင်းမှာသာ ဖြစ်ရမယ်လို့ ပါပါတယ်၊ 

သူဟာ ရေလက်ကြားကို တနာရီ မိုင် လေးဆယ်ကျော်နှုန်းနဲ့ အမြင့်ပေ ၂၅၀ ကျော်ကနေ ပျံသန်း မောင်းနှင်ခဲ့ပြီး ကြာမြင့်ချိန်ကတော့ တချို့က ၃၇ မိနစ် တချို့တွေကတော့ ၄၆ မိနစ်လို့ အမျိုးမျိုး ရေးသားမှတ်တမ်းတင် ထားကြတာကို တွေ့ရှိရပါတယ်၊ 

Louis Bleriot သူ့လေယာဉ်နဲ့ အဲဒီ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်သန်းနေချိန်မှာ ရာသီဥတုကတော့ သိပ်အဆိုးကြီး မဟုတ်ဘူးဆိုပေမဲ့ ပြင်သစ်နဲ့ အင်္ဂလန် ရေလက်ကြား ကမ်းခြေ ဒေသများရဲ့ ထုံးစံအတိုင်း တော်ကြာ လေတိုက်လိုက် ခဏနေ မိုးအုံ့လိုက်နဲ့ ဖြစ်နေမှာပါ၊ 

ယခုအခါ မှာတော့ ဒီအင်္ဂလိပ်ရေလက်ကြားရဲ့ ရေအောက်မှာ ဥမင်လှိုဏ်ခေါင်း ရထားလမ်းဖောက်လုပ်ခဲ့ပြီးပြီ ဖြစ်လို့ အလွယ်တကူသွားလို့ရနေပါပြီ၊ အင်္ဂလန်ဗီဇာနဲ့ ရှန်ဂန်ဗီဇာတော့ ရှိဖို့လိုတာပေါ့၊ 

Blériot XI လေယာဉ်ကိုတော့ ပါရီ Musée des Arts et Métiers ပြတိုက်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်၊


မူလပထမ ၁၉၅၉ ခုနှစ်က SE 210 Caravelle, F-BHRA Alsace, Air France.    (Photo Google)


SE 210 Caravelle, F-BHHI  (Photo Google)

၁၉၅၅ ခုနှစ်၂၁ ကြိမ်မြောက် ပပွဲမှာတော့ ယနေ့အခါ မရှိတော့ပြီဖြစ်တဲ့ ကွန်းကော့ဒ်ရယ် ယနေ့ထိ အောင်မြင်နေဆဲ အဲယားဘတ်စ် အမျိုးအစားတွေရဲ့ ရှေ့ဆောင် လမ်းပြ ဂျက်လေယာဉ်ပျံ ဖြစ်ပါတဲ့ SE 210 Caravelle ကို မိတ်ဆက် ပြသခဲ့ပါတယ်၊

 ပြင်သစ်လေကြောင်း ကုမ္ပဏီ Sud-Aviation မှ ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး Super-Caravelle ဆိုတာကတော့ နောင်တချိန်မှာ ထင်ရှားကျော်ကြားလာ မှာ ဖြစ်တဲ့ Concorde ရဲ့ မူလပထမ အမည်သာ ဖြစ်ပါတယ်၊ 

SE 210 Caravelle လေယာဉ်များကို ၁၉၅၉ ခုမှာ စတင် အသုံးပြုခဲ့ပြီး စုစုပေါင်း ၂၇၉ စင်း ထုတ်လုပ်ရောင်းချခဲ့ကာ နောက်ဆုံး အသုံးပြု ခဲ့တာကတော့ ၂၀၀၅ ခုနှစ် အထိပါ၊ Sud-Aviation ကုမ္ပဏီကနေ Caravelle လေယာဉ်တွေအပြင် နာမည်ကြီး ဟယ်လီကော့ပတာ အမျိုးအစားဖြစ်တဲ့ Puma ကိုလည်း ထုတ်လုပ်နေတာပါ၊


Le Concorde 001 est présenté à la foule du Salon international du Bourget en 1969.

၁၉၆၉ ခုနှစ် ၂၈ ကြိမ်မြောက် ပြပွဲကြီးမှာတော့ ပြင်သစ်လေကြောင်းသမိုင်းမှာ မှတ်တမ်းတခုအဖြစ် ယနေ့ထိတိုင်အောင် ကျန်ရှိနေဆဲ ဖြစ်တဲ့ Concorde ဆိုတဲ့ အသံထက်မြန်သော Supersonique လေယာဉ် အမျိုးအစားအသစ်နဲ့ မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်၊ 

ကွန်းကော့ဒ်လေယာဉ်တွေရဲ့ ပထမ ရှေ့ဆောင် Prototypes Concorde 001 F-WTSS ကို ပရိသတ်ရှေ့မှာ ပထမဆုံး စတင်မောင်းနှင် ပြခဲ့တဲ့ပွဲပါ၊ ဒီ ကွန်းကော့ဒ် လေယာဉ်တွေလို အသံထက်မြန်တဲ့ နှုန်းထားနဲ့ မောင်းနိုင်တဲ့ လေယာဉ် အမျိုးအစားမျိုးဟာ ဒီကနေ့ခေတ်ထိ မရှိပါဘူး၊ 

Airbus A 380-800 တို့ Boeing 747-8 တို့တောင် မမောင်းနိုင်ပါဘူး၊ 
အန္တရာယ်များလွန်းလို့ စရိတ်စက ကြီးမားလွန်းလို့ ဆက်လက်ပြီး မတီထွင်တော့ တာလည်း ဖြစ်နိုင်ပါတယ်၊ 
Supersonic Speed Mach 1 ဆိုတာက တနာရီကို ၁၂၂၅ ကီလိုမီတာ သို့မဟုတ် မိုင်ပေါင်း ၇၆၀ အမြန်နှုန်းကို ဆိုလိုတာပါ၊ 

ကွန်းကော့ဒ်လေယာဉ်တွေဟာ အဲဒီ Mach 1 အမြန်နှုန်းအထိ ရောက်အောင်တင်ပြီး အဲဒီ အချိန်မှာ ကထဲက မောင်းနှင် နိုင်ခဲ့ကြတာမျိုးပါ၊ 

ဒီကနေ့ ခေတ်အမှီဆုံးဆိုတဲ့ Airbus A 380-800 တောင်မှ တနာရီ ကီလိုမီတာ ၁၀၂၀ အထိသာ အမြင့်ဆုံး တင်မောင်းနိုင်ပြီး Boeing 747-8 ကတော့ ၉၈၈ ကီလိုမီတာ နှုန်းသာ မောင်းနိုင်ပါတယ်၊ 

ဒါတောင် ကွန်းကော့ဒ်ကြီးက အနှစ် ၃၀ ကျော် စောခဲ့တာပါ၊ 

ကွန်းကော့ဒ်လေယာဉ်ဆိုပြီး ပြင်သစ်နဲ့ အင်္ဂလိပ် နှစ်ဦးပေါင်းပြီး စမ်းသပ်လေယာဉ်ကော အပါအဝင် စုစုပေါင်းမှ အစီးရေ နှစ်ဆယ်သာ ထုတ်လုပ်ခဲ့ တာဖြစ်ပြီး အဲဒီ စမ်းသပ် ကွန်းကော့ဒ်လေယာဉ် 001 F-WTSS က ပထမဦးဆုံးအစင်း ဖြစ်ပါတယ်၊ 


 Concorde 001                      (ဓါတ်ပုံ မရငတ)
အဲဒီ လေယာဉ်ကို ခုအခါမှာတော့ ပါရီ လေယာဉ်ပြပွဲ ကျင့်ပပြုလုပ်ရာ နေရာရှိ လေကြောင်းပြတိုက် ဝင်းထဲမှာ ပြသထားရှိပါတယ်၊



ပထမ ဂျမ်ဘိုဂျက် Boeing 747-121 City of Everett Jumbo Jet   (Photo Google)

၁၉၆၉ ခုနှစ် ၂၈ ကြိမ်မြောက်ပြပွဲမှာ ကွန်းကော့ဒ်လေယာဉ်နဲ့အတူ ခေတ်ပြိုင်ဖြစ်တဲ့ ယနေ့ခေတ်ထိ မော်ဒယ်အသစ်တွေနဲ့ ခေတ်စားနေဆဲဖြစ်တဲ့  ဂျမ်ဘိုဂျက် လေယာဉ်တွေရဲ့ ပထမဦးဆုံး လေယာဉ် Boeing 747-121 ကိုလည်း မိတ်ဆက် ပြသခဲ့တာပါ၊ 

ဒီ ဂျမ်ဘိုဂျက်ကို စတင်ထုတ်လုပ်ခဲ့တဲ့ ၁၉၆၉ ခုနှစ် ကနေ နှစ်ပေါင်း ၄၀ ကျော် အတွင်းမှာ မော်ဒယ်မျိုးစုံ Boeing 747-8 အပါအဝင် အစင်းပေါင်း ၁၄၀၀ ကျော် ပြုလုပ်ခဲ့ပြီးပါပြီး၊

 နောက်ထပ်လည်းဆက်လက်ပြီး အမှာစာတွေရပြီး အရောင်းအဝယ် စာချုပ်တွေ ချုပ်နေဆဲပါ၊
 ဈေးနှုန်းတွေကတော့ 747-100 မော်ဒယ်စထုတ်စဉ်က တစင်းကို ဒေါ်လာ ၂၅ သန်းလောက်နေ အခုနောက်ဆုံးပေါ် ဘိုးရင်း 747-8 တစီးရဲ့တန်ဖိုးကတော့ သန်း ၃၅၀ ကျော် ပေးမှ ရနိုင်မှာ ဖြစ်ပြီး Airbus A 380 -800 တစီးကတော့ ဒေါ်လာသန်း လေးရာကျော် ပေးရမှာပါ၊ 

ထူးခြားတာက ယနေ့ ပြင်သစ်လေကြောင်း Air France ရဲ့လက်ရှိ ပြေးဆွဲနေတဲ့ လေယာဉ် အကြီး ၂၅၀ စီးလောက်မှာ အမေရိကန်ပြည်မှာ ထုတ်လုပ်တဲ့ ဘိုးရင်းလေယာဉ်ပျံ အစီးရေက ၇၀ လောက် ရှိနေတာ ဖြစ်ပြီး ကျန်တာတွေကတော့ အဲယားဘတ်စ် လေယာဉ်တွေ ဖြစ်ပါတယ်၊ 

ဒီကနေ့ ကာလ ရွှေပြည်တော်က လေကြောင်းလိုင်း အသစ်လေးတွေမှာ ဝယ်ယူသုံးစွဲနေတဲ့ လေယာဉ်တွေကတော့ Avions de Transport Regional လို့ခေါ်တဲ့ ပြင်သစ်နဲ့အီတလီ ဖက်စပ်ထုတ်လုပ်ထားတဲ့ ATR 72 လေယာဉ်အမျိုးအစားတွေက အများစုဖြစ်လာနေပြီး အဲ လေယာဉ်အသစ်တစင်းရဲ့ တန်ဖိုးကတော့ ဒေါ်လာသန်းနှစ်ဆယ် ဝန်းကျင်မှာ ပေါက်ဈေးရှိပါတယ်၊ 

ATR လေယာဉ်တွေရဲ့ မူလပင်ရင်းကုမ္ပဏီ ကတော့ Airbus တို့ Eurocopter တို့ ထုတ်လုပ်နေတဲ့ European Aeronautic Defence and Space Company ကုမ္ပဏီကြီး ဖြစ်ပါတယ်၊ 

EADS ဆိုတာကတော့ အဲယားဘတ်စ် လေယာဉ်တွေ ထုတ်လုပ်ရေးကို အခြေု ပြုပြီး ဥရောပ လေယာဉ် ထုတ်လုပ်ရေး လုပ်ငန်းပေါင်းစုံ ပါဝင်တဲ့ ၂၀၀၀ ခုနှစ်မှာ ဖွဲ့စည်းပေါ်ပေါက်လာတဲ့ လေကြောင်းဆိုင်ရာ လုပ်ငန်း အဖွဲ့ကြီး ဖြစ်ပါတယ်၊ 


Soviet Aeroflot supersonic airliner Tupolev Tu-144 CCCP 77102 ရဲ့နောက်ဆုံးခရီး


၁၉၇၁ ခုနှစ် ဆိုဗီယက်တို့ ခေတ်ကောင်းစဉ်က            (Photo Google)

အကြိမ် ၃၀ မြောက် ပြုလုပ်တဲ့ ပြပွဲကြီးရဲ့ နောက်ဆုံးနေ့ ၁၉၇၃ ခု ဂျွန်လ သုံးရက်နေ့မှာတော့ ပါရီ လေကြောင်းပြပွဲ သမိုင်းတလျှောက် ဒီကနေ့ ၂၀၁၃ ခုနှစ် အထိ နှစ်ပေါင်း တရာကျော် သက်တမ်း အတွင်းမှာ အဆိုးဝါးဆုံးနဲ့ အကြီးကျယ်ဆုံး လေယာဉ်ကြီးတစီး ပျက်ကျခဲ့ပါတယ်၊ 

အဲဒီနေ့မှာ ကမ္ဘာ့ ရှေ့ဆောင်လမ်းပြ အသံထက်မြန်တဲ့ လေယာဉ်ကြီး နှစ်စီးရဲ့ အစမ်းမောင်း ပြပွဲကြီးကို လာရောက် ကြည့်ရှုသူ လူပရိသတ် သုံးသိန်းခွဲကျော် ရှေ့မှောက်မှာ ပြသခဲ့တာပါ၊  

ပထမဦးစွာ အိမ်ရှင်ဖြစ်သူရဲ့ ကွန်းကော့ဒ်လေယာဉ် အောင်မြင်စွာ ပျံသန်းပြသ နိုင်ပါတယ်၊ 

ဆိုဗီယက် Tupolev Tu-144 CCCP 77102 ရဲ့အလှည့်မှာကတော့ လေယာဉ်ပျံကြီးဟာ လေယာဉ်ပြေးလမ်းပေါ်ကနေ ကောင်းကင်ပေါ် ထိုးတက်သွားပြီး မိနစ်ပိုင်း အကြာ အမြင့်ပေ ၁၂၀၀ ခန့်အရောက် လေဆိပ်ကနေ လေးကီလိုမီတာ အကွာလောက်မှာ လေယာဉ်ကြီးဟာ အပေါ်သို့ ဆက်လက်ပြီး မတက်နိုင်တော့ဘဲ လေယာဉ် ကိုယ်ထည် တလျှောက် မီးတောက်မီးလျှံများ ပေါ်ထွက်လာပြီး Le Bourget လေဆိပ် ပြပွဲရှိရာနဲ့ ခြောက် ကီလိုမီတာ အကွာရှိ Goussainville မြို့ကလေး အပေါ်မှာ ပျက်ကျခဲ့ရတာပါ၊  

Goussainville မြို့ရှိ အိမ်တချို့နဲ့ မူလတန်း ကျောင်းတကျောင်း ပျက်စီးခဲ့ရပါတယ်၊ 
ကံကောင်းချင်ပါတော့ အဲဒီ နေ့ဟာ ကျောင်းပိတ်ရက် ဖြစ်နေတာကြောင့် အသေအပျောက် နည်းခဲ့ပေမယ့် လေယာဉ်ပေါ်ပါသူ အမှုထမ်း ခြောက်ယောက်စလုံး အသက်ဆုံးရှုံးခဲ့ရပြီး လေယာဉ်ပျက်ကျရာ မြေပြင်၌ ရှိနေသူ ရှစ်ဦး  သေဆုံးခဲ့ရ ပါတယ်၊ 

လယာဉ်ပျက်ကျရခြင်း အဓိက အကြောင်းရင်းက လေယာဉ်စက် ချို့ယွင်း၍ မဟုတ်ပါဘဲ လေယာဉ်မောင်းသူ ရုရှားလေယာဉ်မှူးရဲ့ ပြိုင်ဘက်ကွန်းကော့ဒ်ထက်သာလွန်ကြောင်း မလိုအပ်ဘဲ ကြွားလုံးထုတ် လေလုံးထွားခဲ့မှုကြောင့်သာလျှင် အဓိက တရားခံ ဖြစ်ပါတယ်တဲ့၊ 

ဘယ်လိုမျိုးတွေနဲ့ အကြောင်းပြပြ အဲဒီအချိန်က ဆိုဗီယက်ရုရှားတွေရဲ့ လေကြောင်း မျှော်လင့်ချက် အိပ်မက်တွေဟာ CCCP 77102 လေယာဉ်ကြီးနဲ့အတူ ပျက်စီး ပျောက်ကွယ်ခဲ့ရတော့ ပါတယ်၊ 

အဲဒီလို ပျက်ကျခဲ့ပြီး နောက်ပိုင်းမှာ ဆိုဗီယက်ရုရှားတွေရဲ့ အတိုးတက်ခဲ့ဆုံးသော လေကြောင်းခေတ် ကုန်ဆုံးသွားခဲ့ပြီး ပါရီကို လေယာဉ်ကြီးတွေနဲ့ နောက်တခေါက်ထပ်မလာနိုင်ကြတော့ပါဘူး၊ 

CCCP 77102 လေယာဉ် ပျက်ကျမှုနဲ့အတူ ဆိုဗီယက်တွေရဲ့ လေယာဉ်ထုတ်လုပ်တဲ့လုပ်ငန်းကြီးရော Aeroflot လေကြောင်း လိုင်းပါ နလံပြန် မထူနိုင်တော့ပါဘဲ ယခုအခါမှာတော့ ကမ္ဘာ့ လေယာဉ်ကြီးတွေရဲ့ အားလုံး နီးပါးကို အဲယားဘတ်စ်နဲ့ ဘိုးရင်းတို့ကသာ မောင်ပိုင်စီးထားကြပါတော့တယ်၊


ပထမ Airbus A 380 800

၂၀၀၅ ခုနှစ် ၄၆ ကြိမ် မြောက် ပြပွဲမှာတော့ ယနေ့ နောက်ဆုံးပေါ် အကောင်းဆုံး အကြီးဆုံး ဖြစ်ပြီး ခရီးသည် ခြောက်ရာကျော်ကနေ ရှစ်ရာခန့်ထိ ဆန့်တဲ့ Airbus A380 လေယာဉ်ကြီးကို ပွဲထုတ်လာ ပါတယ်၊ 

အဲဒီ လေယာဉ်ကြီးဟာ လော့စ်အိန်ဂျယ်လိစ်မှ မဲလဘုန်းမြို့သို့ ၁၂၇၄၇ ကီလိုမီတာ မိုင် ရှစ်ထောင်နီးပါး ခရီးစဉ်ကို မရပ်မနားတောက်လျှောက်မောင်းနှင်နိုင်စွမ်းရှိတဲ့ လေယာဉ်အမျိုးအစားဖစ်ပါတယ်၊ 

Airbus A380-800 လေယာဉ်ကြီးရဲ့ အခုလောလောဆယ်မှာ အဝေးဆုံးခရီးစဉ်ဖြစ်တဲ့ လော့စ်အိန်ဂျယ်လိစ်မြို့မှ မဲလ်ဘုန်းမြို့ထိ ခရီးကို တနာရီ ကီလိုမီတာ ၉၀၀ ကျော်နှုန်းနဲ့ ၁၆ နာရီ ဆက်တိုက် မောင်းနှင်နိုင်တာပါ၊ 

ဒီကနေ့အထိ A380-800 အစီးရေပေါင်း ၁၀၃ စီး တင်ပို့ရောင်းချခဲ့ ပြီးပြီဖြစ်ပြီး အများဆုံး ဝယ်ယူအသုံးပြု နေတာကတော့ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ အခြေစိုက်တဲ့ Emirates လေကြောင်းလိုင်းက လေယာဉ် အစီးရေ ၃၃ စီး ဝယ်ယူ ပြေးဆွဲ နေတာပါ၊ 

Air France လေကြောင်းလိုင်းမှာတော့ စီးသာရှိပြီး ကမ္ဘာ့ အထင်ရှားဆုံးသော လေကြောင်းခရီးစဉ်ဖြစ်တဲ့ ပါရီ နယူးယောက် အသွားအပြန်ခရီးစဉ် ဖြစ်တဲ့ AF 006 နဲ့ AF 007 လေကြောင်း ခရီးစဉ်တွေမှာ နေ့စဉ် ပြေးဆွဲနေပါတယ်၊ 

အေသုံးရာ့ရှစ်ဆယ် လေယာဉ်တွေကို ဝယ်ယူအားပေးကြတဲ့ လေကြောင်းလိုင်း စုစုပေါင်း ကိုးလိုင်းမှာ 
အများစုကတော့ အာရှဒေသကသာ ဖြစ်ပြီး စင်ကာပူ အဲယားလိုင်းက ၁၉ စီး သြစတြေးလျှား Qantas လိုင်းက ၁၂ စီး ကိုရီးယား အဲယားနဲ့ မလေးရှား လေကြောင်းမှာ စီး စီ တရုတ် Southern Airlines မှာ စီးနဲ့ ထိုင်း အဲယားဝေး အင်တာနေရှင်နယ်မှာ စီး ဂျာမန်ရဲ့ Lufthansa က ၁၀ စီး လက်ရှိ ပိုင်ဆိုင် ပြေးဆွဲ နေကြပါတယ်၊  


နောင်တချိန်မှာ ဒါမျိုး အသံထက်မြန်တဲ့ Supersonic လေယာဉ်တွေ ပြန်ပေါ်လာမလား …. (Photo Google)

အနာဂတ်ကာလအတွက် ခရီးသည်တင်လေယာဉ်လောကရဲ့ ပြိုင်ဆိုင်မှုတွေကိုတော့ ဒီကုမ္ပဏီကြီး နှစ်ခုကသာ ဆက်လက်ကြီးစိုး လက်ဝါးကြီးအုပ်ထားနိုင်အုံးမယ် ဆိုတာကတော့ မြေကြီးလက်ခတ် မလွဲ ပြောနိုင်ကြမှာပါ၊ 

ဒီကုမ္ပဏီကြီးနှစ်ခု တခုကိုတခု ဘယ်သူကဘယ်သူ့ကို အရင်နောက်ကောက် ချနိုင်မလဲ ဆိုတာကိုတော့ ပြောရ ခက်မှာပါ၊ 

အဲယားဘတ်စ်ကတော့ ၂၀၁၀ ခုနှစ် လောက်က စတင် ပြီးတော့ နောက်မျိုးဆက်သစ် A380-900 တို့ A380-1000 တို့လို ပိုမိုကြီးမားပြီး ခရီးသည် ၁၀၀၀ ကျော်လောက် ချောင်ချောင်ချိချိ စီးနိုင်မယ့် လေယာဉ်ကြီးတွေ ရောင်းချဖို့ စိတ်ကူးဒီဇိုင်း ဆွဲနေပါပြီ၊ 

အလားတူသာပါ၊ ဘိုးရင်းကုမ္ပဏီကလည်း အားကျမခံ လူတထောင်ဆန့် Boeing Giant 797 ဆိုပြီး ပုံစံအသစ်နဲ့ လေယာဉ်သစ်ကို ဦးစွာထွင်နိုင်ဖို့ လုံးပမ်းနေပါပြီ၊ 

အာရှရဲ့ လေကြောင်းပို့ဆောင်ရေး ဆူပါ့ဆူပါကျားကြီးတွေ ဖြစ်ပါတဲ့ Emirates အဲယားလိုင်းတို့ စင်ကာပူ အဲယားလိုင်း တို့တွေကလည်း နှစ်စဉ်နှစ်တိုင်း အာရှဒေသကို လာရောက်လည်ပတ်ချင်သူ အရေအတွက်က တိုးတက်မြဲ တိုးတက်လာတာကြောင့် နောင်လိုအပ်လာမယ့် လေယာဉ်ခရီးတွေမှာ အသုံးပြုဖို့ အသစ် ထွက်ပေါ်လာမယ့် လေယာဉ်ကြီးများကို အမှာစာပေးကြဖို့ကတော့ အမြဲလိုအစဉ်သင့် ဖြစ်နေကြတာပါ၊ 

အခုတောင်မှ နောက်ထပ် Airbus A380-800 လေယာဉ်အစင်း ၃၀ ထပ်ပြီး အမှာစာပေးထားတာက Emirates လေကြောင်းက ဖြစ်ပါတယ်၊ 

ကွန်းကော့ဒ် လိုမျိုး ဆိုဗီယက် ရုရှားတို့ရဲ့ ကျူပိုလက် လေယာဉ်လိုမျိုး အသံထက်မြန်တဲ့ လေယာဉ်တွေ
 နောက်တကြိမ်တခါ ပြန်လည်ပြီး ပေါ်ပေါက်မလာနိုင်ဘူးလို့လည်း ဘယ်သူမှ မပြောနိုင်ကြပါဘူး၊


ကြိုဆိုပါ၏ Paris-Le Bourget

ပါရီလေကြောင်း ပြပွဲတွေကို ၁၉၅၁ ခုနှစ်ကတည်းက စတင်ပြီး လက်ခံ ကျင့်ပ ပေးလာခဲ့တဲ့ ပါရီမြို့
မြောက်ဘက် ၁၃ ကီလိုမီတာ အကွာမှာ တည်ရှိတဲ့ Paris-Le Bourget Airport ကို ၁၉၁၉ ခုနှစ်မှာ 
စတင်ဖွင့်လှစ်ခဲ့တာပါ၊ 

Le Bourget လေဆိပ်ကနေမြောက်ဘက်ကို ၁၀ ကီလိုမီတာ ဆက်သွားမယ် ဆိုရင် ဒီကနေ့ ပါရီရဲ့အဓိက လေဆိပ်ဖြစ်တဲ့ CDG ရှားလ်ဒဂိုးလ်လေဆိပ်ကို ရောက်ပါတယ်၊ 

၁၉၅၄ ခုနှစ်မှာ Paris-Orly လေဆိပ်ကို တိုးချဲ့ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် သတ်မှတ်ခဲ့တဲ့ 
အချိန် နောက်ပိုင်းမှာတော့ Le Bourget လေဆိပ်ဟာ လေကြောင်းပြတိုက် အဆင့်ကို တဖြေးဖြေး
ရောက်ရှိသွားခဲ့ပါတယ်၊ 

ဒီလေဆိပ်မှာ နှစ်နှစ်တကြိမ် ကျင့်ပနေတဲ့ Salon du Bourget Airshow နဲ့ ခေတ်ပြိုင်ဆိုသလို နာမည်ကြီး လေကြောင်းပြပွဲ တခုကတော့ အင်္ဂလန်နိုင်ငံ Hampshire အရပ်က Farnborough Airshow လေကြောင်း ပြပွဲ ဖြစ်ပါတယ်၊


အတ္တလန်တစ်သမုဒ္ဒယာကို ပထမဆုံး ဖြတ်သန်းခဲ့တဲ့ လေယာဉ်မှူး Charles Lindbergh N' Spirit of Saint Louis 

ဒီ လေယာဉ်ကွင်း စတင်ပြီး နာမည်ကျော်ကြားခဲ့ရတာကတော့ ၁၉၂၇ ခုနှစ် မေလ ၂၁ ရက်နေ့က 
ဆွီဒင်နွယ်ဖွား အမေရိကန်လူမျိုး လေယာဉ်မှူး Charles Lindbergh (၁၉၀၂-၁၈၇၄) ဆိုတဲ့သူ 
တကိုယ်တော် မောင်းနှင်လာတဲ့ Ryan NYP (New York to Paris) အမျိုးအစား Spirit of Saint Louis 
အမည်ရ လေယာဉ်ငယ်လေး အောင်မြင်စွာဆိုက်ရောက်လာခဲ့ပြီးနောက် Paris-Le Bourget Airport 
ဆိုတာက ပိုပြီး လူသိများ ထင်ရှား လာခဲ့တာပါ၊

လေယာဉ်မှူး Charles Lindbergh ဟာ သူရဲ့ သမိုင်းဝင်လေယာဉ်ခရီးစဉ်ကို အမေရိကန်ပြည် 
နယူးယောက်မြို့ အနီးကနေ မေလ ၂၀ ရက် မနက်ပိုင်းက စတင်ထွက်ခွာ လာခဲ့တာ ဖြစ်ပြီး 
၅၈၀၈ ကီလိုမီတာ မိုင် ၃၆၀၀ ကွာဝေးတဲ့ ပါရီမြို့ Le Bourget လေဆိပ်ကို ၃၃ နာရီ မိနစ် ၃၀
 ကြာအောင် မရပ်မနား မောင်းနှင်ပြီး ရောက်ရှိလာခဲ့တာပါ၊ 

အတ္တလန်တစ် သမုဒ္ဒရာကို ပထမဦးဆုံးအကြိမ် တောက်လျှောက် မောင်နှင်ခဲ့တဲ့ လေယာဉ်မှူးကြီး 
Charles Lindbergh ကို ကြိုဆို စောင့်မျှော်နေကြတဲ့ ပရိသတ်ကတော့ စုစုပေါင်း နှစ်သိန်းကျော်
 တောင်မှ ရှိခဲ့ပါတယ်တဲ့၊ 

အဲဒီ ခရီးစဉ် ပျံသန်းဖြစ်ခဲ့ရတာကတော့ အတ္တလန်တစ်သမုဒ္ဒရာ ရေပြင်ကို ပထမဦးဆုံးလေယာဉ်နဲ့ 
မရပ်မနား ဖြတ်ကျော်နိုင်သူကို ဆုကြေးငွေ ဒေါ်လာ နှစ်သောင်းခွဲ ပေးမယ် ဆိုတဲ့ နယူးယောက်မြို့ 
ဟော်တယ်လုပ်ငန်းရှင် သူဌေးကြီး ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ မွေးဖွားခဲ့သူ Raymond Orteig ရဲ့ 
စိန်ခေါ်ခဲ့မှု ကြောင့်ပါ၊ 

ကနေ့ခေတ် ဒေါ်လာတန်ဖိုးနဲ့ ဆိုရင် သုံးသိန်းခွဲကျော် တန်တဲ့ စိန်ခေါ်ပွဲပါ၊ 
Spirit of Saint Louis လေယာဉ်ငယ်ကိုတော့ အခုအခါမှာ ဝါရှင်တန်ဒီစီမြို့ရှိ 
National Air and Space Museum ပြတိုက်မှာ သွားရောက်လို့ ကြည့်ရှု နိုင်ပါတယ်၊

 လေယာဉ်မှူး Charles Lindbergh တကိုယ်တော် အောင်ပွဲခံမှု မတိုင်မီ ၁၂ ရက်စောပြီး ပါရီက 
နယူးယောက်သို့ သမုဒ္ဒရာဖြတ်ပြီး ဆုငွေနှစ်သောင်းခွဲကို သွားယူဖို့ ကြံစည်ခဲ့သူတွေ ရှိခဲ့ပါသေးတယ်၊ 

သူတို့ကတော့ ပထမကမ္ဘာစစ်ပြန် ပြင်သစ်လေယာဉ်မှူးနှစ်ဦး ဖြစ်ကြတဲ့ Charles Nungesser နဲ့ François Coli တို့ ဖြစ်ကြပြီး သူတို့ရဲ့ စီးတော်ယာဉ်ကတော့ ပြင်သစ်လို L'Oiseau blanc အဖြူရောင်ငှက်လို့ ခေါ် ပါတယ်၊ 

အဖြူရောင်ငှက်နဲ့ သူတို့နှစ်ဦးဟာ မေလ ၈ ရက်နေ့ ၁၉၂၇ ခုမှာ Le Bourget လေဆိပ်က ထွက်ခွာ
သွားခဲ့ကြပြီး အင်္ဂလန်ကျွန်း အိုင်ယာလန်ကျွန်းတွေကို ဖြတ်ကျော်ပျံသန်းပြီး နောက်ပိုင်းမှာ ပျောက်ချင်မလှ ပျောက်သွားခဲ့တာ သူတို့ကို ဒီကနေ့ ထိတိုင်အောင် ပြန်လည် မတွေ့ရတော့ပါဘူး၊ 

အဲဒီလို အဲဒီခေတ်အခါက သူတို့တွေဟာ အိမ်အတွင်းအောင်းမနေကြဘဲ စွန့်စွန့်စားစား သွားလာပြီး 
လုပ်ကိုင် နေထိုင်ခဲ့ကြတာကြောင့် ဒီကနေ့ မောင်ရင်ငတေတို့ခေတ်မှာတော့ ငွေကြေးအသပြာသာ 
ရှိဖို့ လိုအပ်ပြီး ဝေဟင်ခရီးနဲ့ ဟိုနားဒီနားကို ရွှတ်ကနဲဆိုသလို သွားလို့လာလို့ ရနေကြောင်းပါ၊ 

အဲဒါတွေကြောင့် ခရီးသွားခြင်းအနုပညာကို ကြိုက်နှစ်သက်ရပါသော မောင်ရင်ငတေအနေနဲ့ ဒီလိုလူမျိုး
 တွေကို ကျေးဇူး အထူး တင်မိရတာကြောင့် ဤသို့ ဂုဏ်ပြုမှတ်တမ်းတင် လိုက်ရခြင်း ဖြစ်ပါကြောင်း၊


Avion III de Clément Ader (First flight 14 October 1897)  (ဓါတ်ပုံ မရငတ)

ဖြည့်စွက်ချက် (၁၅၀၆၂၀၁၅)

ပြီးခဲ့တဲ့ လပိုင်းမှာ အဲဒီ Musée des Arts et Métiers ပြတိုက်ကို ရောက်ခဲ့ပြန်လို့ အမှတ်ရမိတာနဲ့ 
အဲဒီ Blériot XI လေယာဉ်ကို ရှိမလားဆိုပြီး ရှာကြည့်တာ မတွေ့မိခဲ့ပါဘူး၊

တွေ့ခဲ့ရတဲ့ လေယာဉ်ပျံ ကတော့ Blériot XI ထက် ဆယ်နှစ်လောက်စောတဲ့ Aquilon ခေါ် Avion III 
de Clément Ader လင်းနို့လိုလို လင်းဆွဲလိုလို ငှက်တကောင်ပုံစံ လေယာဉ်ပျံလေးကိုပါ၊ 

အဲဒီ Avion III de Clément Ader ငှက်သာသာ လေယာဉ်လေးက ပြင်သစ်လေကြောင်း 
သမိုင်းရဲ့ ပထမအစလို့ ပြောရင်ရမှာပါ၊ 

ဒီလေယာဉ်လေးကိုတီထွင်ခဲ့သူ Clément Ader (၁၈၄၁-၁၉၂၅) ကို ဒီကနေ့ နာမည်ကျော် ATR နဲ့
AIRBUS လေယာဉ်တွေတည်ဆောက်ရာ Toulouse မြို့အစွန်က Muret အရပ်မှာ မွေးဖွားခဲ့တာပါ၊

Avion III လေယာဉ်လေးကို Clément Ader တီထွင်ဖန်တီး နေချိန်က English Dutch American 
လူမျိုး Wright Brothers ညီနောင်တို့ရဲ့ Wright Glider ထက် နှစ်အနည်းငယ်မျှ စောခဲ့ပါတယ်၊


SE 210 Sud Aviation Caravelle (၁၉၆၀)
 
အဲဒီလို လွန်ခဲ့တဲ့အနှစ်ငါးဆယ်ကျော်လောက်က လေယာဉ် အဟောင်းကြီးတွေကို တွေ့မြင်ရတော့
မောင်ရင်ငတေ ခပ်ငယ်ငယ်က မက်မက်မောမော လိုချင်ခဲ့ဖူးတဲ့ ဒန်ပြားသွတ်ပြား အတိုအစတွေကို
ဖြတ်ညှပ်ပြီး ပြုလုပ်ထားတဲ့ ရှေ့က ကြိုးနဲ့ ဆွဲဆော့ကစားရတဲ့ ဘုရားစောင်းတန်း ဈေးတွေ ဘုရားပွဲ
ဈေးတွေမှာ ရောင်းလေ့ရှိတဲ့ လေယာဉ်ပျံလေးတွေကို သတိယမိရပါတယ်၊ 

အဲသလို တော်ရိလျှော်ရိ ကစားစရာ အရုပ်ကလေးတွေကိုတောင်မှ ပေါပေါများများ မပိုင် မဆိုင် 
မဆော့ မကစား မဝယ်နိုင်ခဲ့ ရပါတဲ့ မောင်ရင်ငတေတို့ရဲ့ ကလေးဘဝ ဖြတ်သန်းမှုများကို ပြန်တွေးမိရင်း 
ရင်နာရလေမလား တရားကျရလေမလား စဉ်းစားဖြစ်ခဲ့ရပါသေးတယ်၊


မောင်ရင်ငတေ ၂၅၀၆၂၀၁၃             
http://moemaka.com/archives/35954              ဇွန် ၂၉၊ ၂၀၁၃


အမေရိကန် Bell 429      (ဓါတ်ပုံ မရငတ)


နောက်ဆုံးပေါ် ရုရှား Russian helicopter Kamov Ka-62       (ဓါတ်ပုံ မရငတ)


ပြင်သစ် Airbus A400M Atlas              (ဓါတ်ပုံ မရငတ)


ပြင်သစ် Dassault Aviation, Falcon 900 LX       (ဓါတ်ပုံ မရငတ)

အီတလီ Finmeccanica, AgustaWestland AW139
 http://moemaka.com/archives/35954               မောင်ရင်ငတေ               ဇွန် ၂၉၊ ၂၀၁၃

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...