samedi 9 mai 2015

ရေပေါ်လှေဈေး ** မိတ်အင်ထိုင်းလန်း **

ခရီးသွာခြင်းအနုပညာ ** မိတ်အင်ထိုင်းလန်း ** ရေပေါ်လှေဈေး





ဘန်ကောက်အနီးက ရေပေါ်လှေဈေးများ
Damnoen Saduak Floating Market

မြို့တော် ဘန်ကောက်နဲ့ မနီးမဝေးမှာ စိတ်ဝင်စားဘွယ်ရာ သွားချင်ဘွယ်ရာ နေရာတွေထဲမှာ ပါဝင် တာတွေကတော့ ရေပေါ်ဈေးများပါ၊ ခရီးသွားလောကမှာ နာမည်ကြီး ရေပေါ်ဈေး သုံးဈေးနဲ့ နာမည် သိပ်မကြီးပေမယ့် အေးချမ်းပြီး လူသူ ရှုတ်ရှုပ်ထွေးထွေး မရှိတဲ့ ရေပေါ်ဈေးလေးတွေ ရှိပါတယ်၊
နာမည် အကြီးဆုံးနဲ့ ခရီးသွား တိုးလ်ရစ်တွေ အသွားများပြားလှတဲ့ ရေပေါ်ဈေးကတော့ Damnoen Saduak Floating Market ဈေးပါ၊ ဘန်ကောက်မြို့ကနေ ကီလိုမီတာ ၁၀၀ ကျော်သွားရမှာပါ၊
နောက်တဈေးကတော့ Amphawa Floating Market ဖြစ်ပြီး Damnoen Saduak ရေပေါ်ဈေးနဲ့က သိပ်မဝေးပါဘူး၊ ဒုတိယ လူသိ အများဆုံး ဈေးလည်း ဖြစ်ပါတယ်၊
Taling Chan Floating Market ရေပေါ်ဈေးကတော့ လူသိ သိပ်မများလှပေမယ့် ဒေသသားတွေနဲ့ စည်းကားနေလေ့ ရှိပါတယ်၊ ဘန်ကောက်ကနေ ၁၀ ကီလိုမီတာလောက်သာ ကွာဝေးတာကြောင့် နေ့တဝက်လောက်သာ အချိန်ပေးလည်နိုင်သူတွေအတွက် ဒီရေပေါ်ဈေးက ပိုပြီး အစဉ်ပြေပါတယ်၊
ထိုင်းနိုင်ငံရဲ့ ရေပေါ်ဈေး ဈေးကွက်ကလည်း လာရောက်လည်ပတ်သူ တိုးလ်ရစ်တွေရဲ့ အကြားမှာ
ရေပန်းစားလှတာမို့ နောက်ထပ်နောက်ထပ် ပြန်လည်လို့ပြုပြင်ထားတဲ့ ရေပေါ်ဈေး အသေးစားတွေ တခုပြီးတခု တိုးလို့လာနေတယ် ဆိုကြပါတယ်၊ တကယ်တမ်း ပြောရရင် ဘန်ကောက်မြို့တော်ရဲ့ အနီးတဝိုက်မှာ ဟိုးရှေးရှေးထဲက ဖောက်လုပ်ခဲ့တဲ့ တူးမြောင်းလေးတွေက များပြားလှပါတယ်၊ အဲဒီ တူးမြောင်းကွန်ယက်တွေ နဘေးမှာ နေထိုင်အသက်မွေးကြပါတဲ့ ထိုင်းလူမျိုးတွေ အတွက်ကတော့ ဒီတူးမြောင်းတွေကြားမှာ လှေနဲ့သွားလာကြတာ ဘာမှထူးဆန်းအံသြဘွယ်ရာ မဟုတ်ပါဘူး၊ နေ့စဉ် နဲ့အမျှ မွေးဖွားလာစဉ်ကစ လှေကလေးကို လှော်လို့ တူးမြောင်း ကွန်ယက်တလျှောက် အသက်မွေး
ဝမ်းကြောင်း လာခဲ့ကြတာ ဒီကနေ့တိုင်ပါ၊ ဈေးရောင်းတဲ့သူတွေကလည်း ကိုယ်ရောင်းကုန်ကို လှေ
ပေါ်တင် လှေလှော်ပြီး တူးမြောင်းတလျှောက် လိုက်ရောင်းကြရာကနေ အခုခေတ်မှာတော့ နိုင်ငံရပ် ခြားကနေ တကူးတက တမင်သက်သက် လာပြီး လှေစီးကြ ဈေးဝယ်ကြ လုပ်ကြတာပါ၊
မောင်ရင်ငတေ ဒီတခေါက်ရောက်ခဲ့တော့လည်း တူးမြောင်းနဘေး ကမ်းနှစ်ဘက်က ရိုးရာစတိုင်လ် ပြောရင်ရနိုင်မယ့် အိမ်ကလေးတွေရယ် အိမ်နဘေးမြေကွက်လပ်က ငှက်ပျောခြံအုန်းခြံတွေရယ် ကတော့ ဘာမှ မပြောင်းလဲပါဘူး ဆိုရပါမယ်၊
ပြောင်းလဲလို့သွားတာကတော့ အဲဒီ ရေပေါ်လှေဈေးကို တခုတ်တရ လာလည်ကြပါတဲ့ နိုင်ငံတကာ ကမ္ဘာလှည့် ခရီးသည်များ အလွန်များပြားလာတာကို တွေ့ရှိလိုက်ရတာပါ၊ အဲဒီ ရေပေါ် လှေဈေးရဲ့ ဈေးကွက်ကို ကျွမ်းကျင်စွာ လုပ်စားကြတဲ့ လှေလုပ်ငန်းရှင်တွေရယ်ပါ၊ လုပ်ငန်းရှင်တွေ ဆိုလိုက်လို့ ကြီးကြီးမားမားလို့ မထင်လိုက်ကြပါနဲ့၊ ဟော်တယ်ကြီးတွေ ခရီးသွား လုပ်ငန်းကြီးတွေ ဦးစီး စီစဉ်တဲ့ တိုးလ်ကားကြီးတွေနဲ့ လာလည်ကြသူတွေထက် ကိုယ့်အစီစဉ်နဲ့ကိုယ် နီးစပ်ရာတက္ကစီကား စင်းလုံး ငှားပြီး လာကြသူတွေက ပိုများနေတာကို တွေ့မြင်ခဲ့ရကြောင်းပါ၊


ရေပေါ်လှေဆိပ်က တက္ကစီကားဂိတ်      (ဓါတ်ပုံ မရငတ)
တက္ကစီကားတွေရပ်တဲ့ ကားစခန်း ကနေ ရေပေါ်လှေဈေးထိ လှေငှားစီးခကတော့ တစီးကို ဘတ်သုံးထောင် ပေးရပါတယ်၊ လှေတစီး ခြောက်ယောက် လောက် စီးလိုရတော့ တယောက်ကို ဘတ်ငါးရာသာ ကျသင့်ပေမယ့် နှစ်ယောက် သုံးယောက်အုပ်စု ဆိုရင်တော့ ဈေးကြီးတယ် ပြောရမှာပါ၊ မောင်ရင်ငတေတို့ လှေဆိပ်ကိုအရောက် စောသွားတော့ လှေစီးရမယ့် အလှည့်နံပတ်က တစ် ကျပါတယ်၊ လူက ကျဲတိကျဲတောက်သာ ရှိနေ သေးတော့ သုံးယောက်ကို ဘတ်သုံးထောင်တောင် ပေးလိုက်ရတော့ ငါတို့တော့ အရိပ်များ ခံလိုက် ရပြီလား စဉ်းစားနေမိ သေးပါတယ်၊ သိပ်မကြာပါဘူး၊ နောက်ကနေ တစင်းပြီးတစင်း ကပ်လိုက်လာ တဲ့ လှေတွေက များပြားလွန်းလှတာကြောင့် အင်း . .. ... .. … ငါလိုကောင်တွေ အများသားဆိုပြီး
အဲဒီ ရေပေါ်လှေဈေးရဲ့ တနေ့တာ ဝင်ငွေကို စိတ်တွက် တွက်ကြည့်လိုက်မိရပြီး ဘုရားပါတမိလိုက် ပါတော့တယ် ခင်ဗျာ၊ အဲဒီ တူးမြောင်းလေးတွေကို ၁၈၅၀ ခုနှစ် ဝန်းကျင်က ဖောက်လုပ်သွားတယ် ဆိုတဲ့ ရာမ အမှတ် လေး ဘုရင်ကြီးက ဘယ်လို စီးပွားရေး အမြင်တွေနဲ့များ ဖောက်လုပ်သွားတယ် ဆိုတာကိုတော့ မတွေးတော့ပါဘူး ခင်ဗျာ၊

မောင်ရင်ငတေ ၀၉၀၅၂၀၁၅




 မောင်ရင်ငတေ ၀၉၀၅၂၀၁၅

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...