mercredi 13 mai 2015

မေခကိုလွမ်း ** နှစ်ဆယ်ကျော်အလွမ်း **

နှစ်ဆယ်ကျော်အလွမ်း 

မေခကိုလွမ်း


မေခဆောင် အနှစ်ငါးဆယ်ပြည့် အမှတ်တရ ရေးဖြစ်ခဲ့တာပါ၊ ရေးတုန်းကတော့ ဘာရယ်
မဟုတ် အလွမ်းပြေ ရေးလိုက်မိတာပါ၊ ပို့ဖြစ်မယ် ဖော်ပြဖြစ်လိမ့်မယ်လို့ မရည်ရွယ်ခဲ့ပါဘူး၊
မောင်ရင်ငတေရဲ့   နှစ်ဆယ်ကျော် အလွမ်းစာများထဲက တစိတ်တဒေသအဖြစ်သာ ရည်ရွယ်ခဲ့တာပါ၊
ဖော်ပြပေးခဲ့သူများကို ဒီနေရာကနေ ကျေးဇူးအထူး တင်ရှိရပါကြောင်း  . . .. . ......

တွေ့ဆုံ ပျော်မြူးခဲ့ကြတဲ့ သူငယ်ချင်းအားလုံး မပါဝင်သေးပါဘူး၊
နောက်များမှာတော့ အစဉ်ပြေရင် ရေးထားတဲ့ အတိုအစများကို ပေါင်းစပ်ပြီး ဆက်ရေး ဆက်ဖော်ပြပါ
ဦးမယ်၊
 . .. ... ... ..  မောင်ရင်ငတေ (တခါက မေခသား)


စီးပွားရေးတက္ကသိုလ်နဲ့ မေခဆောင် အနှစ်ငါးဆယ်ပြည့် စာအုပ်များကို တကူးတက ပေးပို့ပေးခဲ့သော
ကိုမျိုးသိန်းထူး (စီးပွားရေး) နှင့် မောင်ရင်ငတေထံသို့ ယူဆောင်ပေးလာကြသော ပန်းချီဆရာ ဦးချမ်းအေး
... ... ..  . . ... . . . ... . ... . . . . .ကဗျာဆရာ ဦးခင်အောင်အေး တို့အား ကျေးဇူးအထူး တင်ရှိပါကြောင်း
မှတ်တမ်းတင်အပ်ပါတယ် ခင်ဗျား၊

သမိုင်းကောလိပ်ကျောင်းဆောင်များ (၁၉၆၄)   (ရှေ့သို့စာစောင်ဟောင်းမှ ပြန်ရိုက်ယူထားတာပါ)

ခင်ဝမ်းရဲ့ သီချင်းများ အပါအဝင် အခြားအခြားသော သီချင်းဟောင်းများကို ပြန်လို့
နားထောင်မိရင်း သီချင်းများနဲ့အတူ ပြန်လည်လို့ ရောက်ရှိသွားတာက အတိတ်ဘဝ ငယ်စဉ်ဘဝပါ၊

အတိတ်လို့ ပြောရမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးစု (အိုး လား လား …. လား … မနည်းတော့ပါလား)
အဲဒီအချိန်များက မောင်ရင်ငတေရဲ့ရင်ထဲမှာ အငြိတွယ်ခဲ့ရဆုံးသော အဆိုတော်ကြီး တယောက်ရဲ့ 
အကြောင်းကို အကြောင်းတိုက်ဆိုင်လို့ ရေးခဲ့မိတာလေးတွေ ရှိခဲ့ပါတယ်၊ အဲဒီလို ရေးရင်းရေးရင်းနဲ့ 
ပတ်သက်ရာ ပတ်သက်ကြောင်းတွေက ရောနှောပါဝင်လာတယ်လို့ ဆိုရမှာပါ၊

အဆိုတော်ကြီး ခင်ဝမ်းအကြောင်းရေးရင်း ခင်ဝမ်းသီဆိုခဲ့တဲ့ သီချင်းတွေနဲ့အတူ အခြားအခြားသော 
နာမည်ကြီးသီချင်းများနဲ့ ပျော်ရွှင်စွာဖြတ်သန်းခဲ့တဲ့ ကျောင်းသားဘဝကို ပြန်လည်ဆက်စပ်တွေးမိခဲ့ 
ရပါတယ်၊

သီချင်းများနဲ့ ပတ်သက်လာခဲ့ရင် မောင်ရင်ငတေရဲ့ ကျောင်းသားဘဝက မပါမဖြစ် ပါလာမှာပါ၊
အထူးသဖြင့် မန္တလေးက ရတနာဘုမ္မိမှာနယ်မြေမှာ ကျောင်းတက်တုန်းကရယ် ရန်ကုန်သမိုင်းဝင်း
အဆောင်ကျောင်းသားဘဝ မေခဆောင်မှာ နေခဲ့စဉ်က အကြောင်းတွေက အဓိက မပါမဖြစ်ပါ၊

ရန်ကုန်တက္ကသိုလ်မှာနယ်မြေမှာ ကျောင်းတက်ချင် ကျောင်းသားဖြစ်ချင်တဲ့ ဆန္ဒတွေဟာ ဟိုးအရင် 
ဆယ်တန်း မရောက်ခင် ကာလတွေထဲကပါ၊ ကံကောင်းချင်တော့ ဒုတိယနှစ်အောင်အပြီး ထိုစဉ်က 
ပညာရေးစနစ်အရ သုံးနှစ်ပေါင်းပြီးမှ အမှတ်တွေခွဲတော့ စီးပွားရေးကို အမှတ်မှီပါတယ်၊

အဲဒီတုန်းက စီးပွားရေးတက္ကသိုလ်ဆိုတာက ရန်ကုန်မြို့မှာသာ ရှိတာပါ၊ အဲဒီလို ကျောင်းတည်ရှိရာ
အရပ်က ရန်ကုန်မှာရှိတယ်လို့ ဆိုရုံသာမက ရာဇူးလို့ အမည်ဟောင်းကို တမ်းတမ်းတတ ခေါ်နေကြ
ဆဲသော ကျောင်းဝင်းထဲမှာ အဓိပတိလမ်းထိပ် ကပ်ရက်မှာ တည်ရှိတာပါ၊

အမှတ်တရ သမိုင်းဝင်း အဝင်ပေါက်            (Photo Google)

သမိုင်းကြီးလှတဲ့ ရာဇူးဆိုတဲ့ ကျောင်းဝင်းထဲမှာ ကျောင်းတက်ခဲ့ရသလို အဲဒီခေတ်က ခေတ်အမှီဆုံး
သမိုင်းဝင်းဆိုတဲ့ ကျောင်းဆောင်ဝင်းထဲမှာ ကျင်လည်ကျက်စား ဖူးခဲ့ရတာကလည်း ဘဝတကွေ့မှာ 
တန်ဖိုးဖြတ်မရနိုင်ဆုံး အတွေ့အကြုံတခုလို့ မောင်ရင်ငတေ ယုံမှတ်မိပါတယ်၊ 

ပိုပြီး ထူးခြားရတာက မောင်ရင်ငတေတို့နောက်ပိုင်း ရှစ်ဆယ့်ရှစ်နောက်ပိုင်းမှာ ရာဇူးခေါ် 
ရန်ကုန်တက္ကသိုလ် ဝင်းကြီးဟာ သမိုင်းဝင်အရေးအခင်းကြီး အစတည်ခဲ့ရာ နေရာအဖြစ် 
အညိုးကြီးစွာနဲ့ ဂျောင်ထိုးခံခဲ့ရတာကြောင့် မျိုးဆက်သစ်တွေ မထွန်းကားနိုင်ခဲ့တော့လို့
မောင်ရင်ငတေတို့ ခေတ်သည်သာ အဆောင်လောက ကျောင်းသားများရဲ့ နောက်ဆုံးခေတ်
လို့သာ ဆိုနိုင်ပါတော့တယ်၊

၁၉၉၀ ခုနှစ်များရဲ့ နောက်ဆုံးနှစ်ပိုင်းတွေမှာ မောင်ရင်ငတေ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းထဲကို
ပြန်လည်ပြီး အရောက်အပေါက်များခဲ့ပါသေးတယ်၊ စာသင်သားတွေ ကင်းမဲ့နေတဲ့ စာသင်ခန်းမများ
ခြောက်ခြောက်သွေ့သွေ့ လူအနည်းငယ်နဲ့ ကန်တင်းများ (ထိုင်နေကြသူ အများစုက ကျောင်းသား 
ကျောင်းသူများ မဟုတ်ကြပါဘူး၊ ဝန်ထမ်းများ ဆရာဆရာမများနဲ့ မောင်ရင်ငတေတို့လို အပြင်လူ 
ကျောင်းသားဟောင်းများသာပါ၊) အတော် ဝမ်းနည်းစရာ ကောင်းလှပါတယ်၊ 

ဒီကနေ့ ၂၀၁၄ ခုနှစ် များထိတိုင်လည်း ကျောင်းနဲ့ပတ်သက်လို့ သိပ်မထူးခြားနားတဲ့ သတင်းမျိုးတွေသာ
ကြားနေရဆဲပါ၊

ကျောင်းဆောင်တွေ တော်တော်များများကလည်း ပြုပြင်ထိမ်းသိမ်းမှု ကင်းမဲ့လို့ ဇရပ်ပျက်ကြီးတွေ ကဲ့သို့
ဖြစ်နေပြီ ဖြစ်ကြောင်းလည်း ဒီကနေ့ ဖေ့ဘုတ်ခ်မီဒီယာများကတဆင့် စိတ်မချမ်းမြေ့ဘွယ်ရာ ကြားသိ
ရပါတယ်၊ အဲဒီမှာမှ အဆောင်နေ ကျောင်းသား ကျောင်းသူဟောင်းများရဲ့ လွမ်းမောဘွယ် အကြောင်းလေး
များကိုလည်း ကြိုးကြားကြိုးကြားနဲ့ အွန်လိုင်း စာမျက်နှာများပေါ်မှာ ဖတ်နေရရင်း မောင်ရင်ငတေလည်း မှတ်
မိသလောက်သော သမိုင်းဝင်းနဲ့ မေခဆောင် တဝိုက်မှာ ကျင်လည်ခဲ့ဖူး တာလေးတွေကို အတိုအစ ရေးချ
ထားခဲ့ပါတယ်၊

ဘာမှမပြောင်းလဲသေးတဲ့ မေခဆောင်မြင်ကွင်းဟောင်း (၂၀၁၁)           (Photo KKT RASU)

၁၉၈၃ ခုနှစ်မှာ မောင်ရင်ငတေနဲ့အတူ မန္တလေး ရတနာဘုမ္မိနယ်မြေမှာ ကျောင်းအတူ တက်ခဲ့ကြ 
သူတွေထဲက လေးငါးယောက်မက ရန်ကုန် သမိုင်းဝင်းထဲက မေခကျောင်းဆောင်ကို ရောက်ရှိလာ
ကြပါတယ်၊ တချို့တွေကတော့ သမိုင်းဝင်းက အခြားအဆောင်များနဲ့ ရာဇူးထဲက အဆောင်တွေကို 
ရောက်လာကြပါတယ်၊ 

အရမ်းကို မရင်းနှီးကြပေမယ့် ရတနာဘုမ္မိနယ်မြေ တကျောင်းတည်းထွက် (အများစုက သိပ္ပံသမားတွေ)
တွလည်း ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ ဖြစ်လာကြပါတယ်၊ ဒါအပြင် မောင်ရင်ငတေနဲ့ အထက 
ကျောင်းသားဘဝ ကျောင်းနေဘက်များ ရေနံချောင်း မိတ္ထီလာ ကောလိပ်တွေက ကျောင်းနေဘက် တော်
တော် များများကလည်း ရန်ကုန်တက္ကသိုလ်ရဲ့ အရသာကို ခံယူချင်လို့ မရမက ကြံဖန်ပြီး ကျောင်းပြောင်း 
ရောက်လာကြသူတွေလည်း ရှိပါတယ်၊ 

တပြိုက်နက်တည်းမှာ တချို့သောသူငယ်ချင်းဟောင်းတွေလည်း အာအိုင်တီတို့ ဆေးကျောင်းတို့သို့ ရောက်ရှိ
လာကြသလို တချို့တွေကလည်း မိဘများ အလုပ်ပြောင်းရာ ရန်ကုန်သို့ ရောက်ရှိလာပြီး သမိုင်းဝင်းထဲမှာရှိ
တဲ့ အာစီတူးမှာ ဒေးကျောင်းသားများ အဖြစ် ကျောင်းတက် နေကြသူတွေလည်း တချို့ ရှိပါတယ်၊

မောင်ရင်ငတေရဲ့ နယ်ပေါင်းစုံက သူငယ်ချင်းပေါင်းစုံဟာ ရန်ကုန်တက္ကသိုလ် နယ်မြေကြီးရှိရာသို့ စုပြုံလို့ 
ရောက်ရှိလာကြတာပါ၊ အဓိကယူကြရာ မေဂျာ ဘာသာရပ်တွေလည်း တယောက်တမျိုးစီမို့ RASU ရာဇူး
ဆိုတဲ့ နယ်မြေကြီးနဲ့ Regional College (RC 2) အာစီတူးလို့ နှုတ်ကျိုး ခေါ်ဝေါ်ကြတဲ့ ရန်ကုန် တက္ကသိုလ် 
လှိုင်နယ်မြေကို မောင်ရင်ငတေတို့ သူငယ်ချင်းတသိုက်ဟာ ကူးချည်သန်းချည် မမောမပန်းနိုင်အောင် သွားခဲ့
ကြတာတွေက အခုအခါမှာတော့ အတော်ကို မှုန်ပျပျ ကျန်နေခဲ့ပါပြီ၊

ဒါပေမယ့်လို့ အခုသုံးလေးငါးနှစ်အတွင်းမှာတော့ တိုးတက်ပြောင်းလဲစပြုလာတဲ့ မြန်မာ့တယ်လီဖုန်း 
အင်တာနက် စနစ်တွေနဲ့ကြောင့် (အဓိက ဇာတ်လိုက်ကတော့ ဖေ့ဘုတ်ခ် ဆိုတာကြီးပါ) နှစ်ပေါင်း 
များစွာ အဆက်အသွယ်ပြတ်နေသူတွေ ပြန်လည်လို့ ဆက်သွယ်မိလာကြပါတယ်၊

တယောက်နဲ့တယောက် ဘယ်ရောက်လို့ ဘယ်ပေါက်နေကြမှန်း မသိကြတဲ့ ကျောင်းသားလောက 
အဆောင်လောကမှာ ချစ်ခင်ရင်းနှီးစွာ လက်တွဲခဲ့ကြတဲ့ တခါတုန်းက မောင်ရင်ငတေရဲ့သူငယ်ချင်း 
တွေကို ပြန်ဆက်မိလို့ ဝမ်းသာရတာတွေနဲ့ တပြိုင်နက်တည်းမှာ တချို့သော လူ့လောကကြီးက 
စောစီးစွာ လက်ပြ နှုတ်ဆက်သွားကြသူ ချစ်သောသူငယ်ချင်းတွေကိုလည်း သူတို့အကြောင်းတွေ 
တွေးမိပြန်ရင်း လွမ်းမိရပါတယ်၊


မန္တလေးကနေ အစုန်အမှတ် (၂) အမြန်ရထားကြီးစီးပြီး မောင်ရင်ငတေနဲ့ အတူတူ မေခဆောင်ကို တနေ့တည်း တချိန်တည်း အတူတူ ရောက်ရှိလာသူ မန္တလာသားစစ်စစ် အိပ်ပျော်နေသောကျားကြီး တယောက်ကိုတော့ မကြာခင်က ပြန်ဆက်သွယ်မိပါတယ်၊ သူနဲ့ မောင်ရင်ငတေက မန်းတက္ကသိုလ် ရတနာဘုမ္မိနယ်မြေ ကဉ္စနဆောင် ဝိဇ္ဇာ သင်္ချာ စာသင်ခန်းမှာ ဆုံတွေ့ခဲ့ကြပြီး မေခဆောင်ကို အတူ ရောက်ခဲ့တာပါ၊ အဆောင်ကို တပြိုင်နက်တည်း ရောက်ခဲ့တာမို့လားမသိပါဘူး၊ အခန်းချင်းကပ်ရက် သူက အခန်း ၅ မောင်ရင်ငတေက အခန်း ၇ ရခဲ့ပါတယ်၊ မောင်ရင်ငတေတို့ အဆောင်ကို ရောက်ရှိ ခဲ့ပြီး ညနေပိုင်းနဲ့ နောက်တနေ့မှာ ရောက်လာသူများ သုံးလေးငါးယောက်က ရတနာဘုမ္မိထွက်တွေ ဖြစ်နေတာ တွေ့ရပါတယ်၊ တိုက်ဆိုင်မှုလားတော့မသိပါဘူး၊ မောင်ရင်ငတေနဲ့ မန်းသားကျားကြီးက အခန်းကပ်ရက် ဖြစ်သလို မျက်နှာချင်းဆိုင် နှစ်ခန်းမှာကလည်း မန်းကျောင်းထွက်တွေပါ၊

တယောက်က ကျောက်မဲသားရှမ်းလူမျိုး စိုင်းခင်မောင်သန်းပါ၊ ၁၉၉၇-၉၈ ခုနှစ်ဝန်းကျင်လောက်က
ရန်ကုန်တက္ကသိုလ် ဓမ္မာရုံဝင်းအတွင်းမှာ မမျှော်လင့်ပါဘဲ ပြန်ဆုံတွေ့ခဲ့တာနောက်ဆုံးပါ၊ အခုတော့ မရှိရှာတော့ပါဘူး၊ အဲဒီကျောက်မဲသားကို မှတ်မိရတာကတော့ သုံးလေးခု ရှိပါတယ်၊ သူရဲ့ ရိုးနံပတ် ကိုတော့ ခုထိ မေ့မရသေးတာ နံပတ်တစ်ပါ၊ ဘာကြောင့်ဆိုတော့ ကျောင်းသားခြောက်ရာမှာ သူ့ရဲ့ ခုံနံပတ်က နောက်ဆုံးနံပတ် ၆၀၂ ဖြစ်နေလို့ပါ၊ ကျောင်းသား ခြောက်ရာ ဝင်ခွင့်ရရာမှာ နောက်ဆုံး သုံးယောက်က အမှတ်တူနေလို့ သူက ၆၀၂ ဖြစ်နေရတာပါ၊ ဒါပေမယ့် သူထက်စာရင် ခုံနံပတ်အရ ရှေ့ရောက်လို့ စာနည်းနည်း ပိုတော်တယ် ပြောလို့ရတဲ့ မာင်ရင်ငတေက ကျောင်းဆွေးလူဆွေးဘဝ ရပီတာ နှစ်ကြိမ်ဘဝနဲ့ ကျောင်းပျော်ခဲ့ပေမယ့် ကျောက်မဲသားကတော့ တနှစ်တတန်း အောင်ပြီး ကျောင်းသားဘဝကို စောစောစီးစီးစွန့်ခွာခဲ့သလို လူလောကလည်း စောစောစီးစီး စွန့်ခွာသွားခဲ့ပါပြီ၊ အဲဒီကျောက်မဲသားနဲ့ ကျောင်းပြန်အဖွင့် ရွှေမန်းသူရထား တူတူစီးခဲ့တုန်းက ခေါင်းအုံးလေးပိုက်ပြီး ပြောခဲ့တာတာလေး တခုကိုလည်း မေ့မရသေးပါဘူး၊ သူက သူရဲ့ခေါင်းအုံးကလေးကို တပိုက်ပိုက် တပွေ့ပွေ့နဲ့ ခေါင်းအုံးလေးကို သူ့ချစ်သူလို ချစ်ရကြောင်း အချစ်ကို ဝေစားလို့ရချင်ရမယ် သူ့ရဲ့“မုန့်” ကိုတော့ ဝေမစားနိုင်ကြောင်း ပြောခဲ့တာလေးကိုပါခင်ဗျ၊ မောင်ရင်ငတေကတော့ သိကြတဲ့အတိုင်း အပျော့စွဲနဲ့ သူရဲ့ချစ်လှစွာသော “မုန့်”ကို ရအောင်တော့ ဝေမျှစားခဲ့ပါသေးတယ်၊ လွမ်းနေရပါတယ် ချစ်သော စိုင်းစိုင်းရေ၊ အက္ခရာ “အေ” ကို ငါက ဒီလို “a” လို့ အပေါ်က အတောင်တတ် ရေးတိုင်း ရေးတိုင်းမှာ (အခုထိလည်း ငါ ဒီလို အမြဲ ရေးနေဆဲပါ၊) မင်း ပြောခဲ့တာတွေကို ကြာခဲ့ပြီဆိုပေမယ့် မေ့မရနိုင်တယ် ….. အမှတ်ရနေဆဲပါကွာ၊


တလောက ခင်ဝမ်းအကြောင်း ရေးနေရင်းနဲ့ကော အခုလို မေခအကြောင်းတွေ ရေးနေရင်းနဲ့ကော  အထူးဆိုသလို မောင်ရင်ငတေ ကျောင်းနေဘက် သူငယ်ချင်းတယောက်ကို သတိယမိတယ်၊ သူက ခိုင်ထူးသမား၊ ခိုင်ထူးရဲ့ အဉ္ဇလီကိုဆိုလွန်းလို့ သူ့ရဲ့ကောင်မလေးတွေအုပ်စုက သူ့ကို အဉ္ဇလီဆိုပြီး နာမယ်ပြောင်းခံ ထားရသူပါ၊ သူနဲ့မောင်ရင်ငတေ မတွေ့တာ နှစ်ပေါင်းတော့ အတော်ကြာနေခဲ့ပါပြီ၊ ဖေ့ဘုတ်ခ်ခေတ်မှာလည်း ဒီကောင်က မသုံးချင်တာလား မသုံးတတ်တာလား မသိပါဘူး၊ သူနေတဲ့ ပျော်ဘွယ်အနီးက တပ်ကုန်းမြို့သား မောင်ရင်ငတေ့ ကျောင်းနေဘက် တဦးဖြစ်တဲ့ မေခ စတိုးဆိုင် ပိုင်ရှင်၊ (မောင်ရင်ငတေ ထင်တာက အရက်ဆိုင်ပါ) (သူကလည်း ထီလာကောလိပ် ကျောင်းထွက် တဦးပါ၊) အဲဒီ ရွှေမန်းတင်မောင်သား ရုပ်ရှင်မင်းသားကြီးရဲ့ နာမည်တူ တပ်ကုန်းမြို့သားကလည်း ရှားရှားပါးပါး ဖေ့ဘုတ်ခ်ပေါ်မှာ ပြန်တွေ့နေရသူ တဦးပါ၊ သူက သူမေခဆောင် နေခဲ့တဲ့ အမှတ်တရ အဖြစ် သူ့ ဆိုင်အမည်ကို မေခစတိုး ဆိုပြီး ပေးထားသူ တဦးပါ၊

သူတို့ ပြောပြလို့ အဉ္ဇလီကျော်စိုးဦးတယောက်  အသက်ရှင်ရက်တော့ ရှိနေဆဲပါလို့ တဆင့်စကားနဲ့ ကြားသိရပါတယ်၊ ဒီကောင်နဲ့ မောင်ရင်ငတေ ကျောင်းတုန်းကတော့ ရေစက်ကြီးတယ် ပြောရမယ် ထင်ပါတယ်၊ မိတ္တီလာ ကောလိပ်မှာ ပထမနှစ် မန်းရတနာဘုမ္မိ ဒုတိယနှစ် နောက်ပြီး စီးပွားရေးရပြီး ရန်ကုန်ကို ရောက်တော့လည်း အတူတူ၊ မေခမှာနေခဲ့တဲ့ အခန်းချင်းကလည်း မျက်စောင်းထိုးမှာပါ၊ သူကလည်း ကျောက်မဲသားလိုပါ၊ (ကောင်မလေးတွေရဲ့ ကောင်းမှုနဲ့ပါ) တနှစ်တတန်းကို မှန်မှန် အောင်ခဲ့ပါတယ်၊ အောင်ရုံမျှသာ မကပါဘူး၊ မာစတာလား ကျူတူးးလားဝင်ပြီး ကျောင်းမှာ ကျူတာ ပြန်ဖြစ်ခဲ့ပါသေးတယ်၊ မှတ်မှတ်ရရ၊ အဲဒီပျော်ဘွယ်သား ကျောင်းဆရာ ပြန်ဖြစ်ပြီး (မောင်ရင်ငတေ
တို့ကတော့ ကျောင်းသားကြီးတွေပေါ့) အင်းစိန် လမ်းမပေါ်က စီအက်စ်တူးလား စီအက်စ်သရီးလား
မမှတ်မိတော့ပါ တန်းစီတိုးသောက်ခဲ့တာကို သတိရနေပါသေးတယ်၊ ရွှေတိဂုံဘုရားအရှေ့မုဒ်နားက မောင်ရင်ငတေရဲ့ အဖွားအိမ်နားကဆိုင်မှာ နောက်ဆုံးအကြိမ်တွေ့ခဲ့တုန်းက ပြောခဲ့တာကိုတော့ ငါ အမှတ်ရနေဆဲပါကွာ၊ မင်းပြောခဲ့တဲ့ တက္ကသိုလ် ကျောင်းဆရာဘဝ (ကျူတာ ပေါက်စ) ဘဝပေါ့၊ ရန်ကုန်မြို့မှာ တကိုယ်တော် ရပ်တည်ဖို့တောင် ခဲရင်းလှတဲ့အကြောင်း တိုင်းပြည် အခြေအနေက သိပ်မကောင်းကြောင်း ရွာပြန်ပြီး မူလတန်းကျောင်းဆရာ လုပ်တော့မယ့်အကြောင်း ငါ ခုထိ ကြားမိ နေရတုန်းပါကွာ၊ အခုတော့ မင်းတောင်မှ ကျောင်းအုပ်ကြီးဆိုလား ဖြစ်နေပြီ ငါ ကြားရတယ်၊ ငါက ဟဲ ဟဲ မင်းတို့ ကိုယ်စား မိုက်လုံးကြီးနေဆဲပေါ့ကွာ၊ အချိန်ရရင်တော့ ငါရှိရာ ဖေ့ဘုတ်ခ်ကို အလည် တခေါက်လောက်တော့ အရောက်လာလည်စေချင်မိပါတယ်ကွာ၊ အတင်းမကြားရတဲ့ ရက်တွေက ကြာပြီဆိုတော့ အဉ္ဇလီ အချစ်ရေ့ မင်းကို လွမ်းနေရပြီပေါ့ ကွာ၊ မင်း ဘယ် ရောက်နေလဲ ……၊


အိပ်ပျော်နေသော ကျားကြီးကိုတော့ အခု ဖေ့ဘုတ်ခ်စာမျက်နှာပေါ်မှာ ပြန်ဆုံတွေ့ခွင့် ရခဲ့ပါတယ်၊ ရေမရောတဲ့ မန္တလေးသား ကျားကြီးကတော့ မူဆယ်လား ကျယ်ခေါင်လား ရောက်ရှိနေပါတယ်တဲ့၊ လုပ်ငန်းကိုင်ငန်းရော ကောင်းရဲ့လားလို့ မေးမြန်းကြည့်တော့ အခြေအနေ သိပ် မကောင်းတော့လို့ မန္တလေး ပြန်နေရင်ကောင်းမလား စဉ်းစားနေပါတယ်တဲ့၊ မန္တလေး ၁၉ လမ်းမှာ သူတို့ဘိုးဘွားအမွေ
တိုက်အိမ်ကြီးကိုတော့ ဘယ်လောက်ဈေးပေးပေး မရောင်းခဲ့တောင့်ခံခဲ့တာ အခုထိကော ရှိသေးရဲ့ လားလို့တော့ မမေးဖြစ်မိသေးပါဘူး၊ စိတ်ထဲမှာတော့ ရှိနေစေချင်ဆဲပါကွာ၊

ကျားကြီးရဲ့ အိပ်ပျော်နေတဲ့ ဘွဲ့ရသွားခဲ့တာကလည်း မေခရဲ့သမိုင်းမဝင်တဲ့ သမိုင်းမှတ်တမ်းတခုပါ၊
မောင်ရင်ငတေကတော့ အတန်းမတက် ကျူရှင်ပျက်ခဲ့လို့ (အီကိုကျောင်းသူတွေကို ရီးစား မထားခဲ့ တာလည်း အကြောင်းတခု ဖြစ်မပေါ့) စာမေးပွဲတွေ တဖုန်းဖုန်းကျခဲ့ပေမယ့် မောင်ရင်ငတေရဲ့ မေခ ဆောင်က အီကိုကျောင်းတက်ဖက် ကျားကြီးစာမေးပွဲကျခဲ့ရတာကတော့ အများသူငှာဘော်ဒါများနဲ့ စာအတူ မကျက်ပါဘဲ မေခဂျောင်တဂျောင်မှာ သွားခိုပြီး စာအကျက်လွန်ခဲ့ရာက အိပ်ပျော်သွားခဲ့လို့ စာမေးပွဲစစ်ချိန် လွန်သွားခဲ့ရတာမျိုးပါ၊ တဘာသာမှမဖြေရပါဘဲ စာမေးပွဲကျခဲ့တဲ့ ကျားကြီးအဖြစ်က ကောင်းသလား ဘာသာစုံဖြေပြီး စာမေးပွဲကျခဲ့တဲ့ မောင်ရင်ငတေရဲ့ ဘဝကိုသာ ရင်နာရမှာလားပါ၊ ဘယ်လိုဖြစ်ဖြစ် ဒါတွေအားလုံးဟာ အတိတ်မှာ မှုန်ဝါးဝါးနဲ့ ကျန်ခဲ့ပါပြီ၊

အဲဒီလို မှုန်ဝါးဝါး ဝိုးတိုးဝါးတား ကျန်နေခဲ့တဲ့ မောင်ရင်ငတေရဲ့ မေခဆောင် လွမ်းရခြင်းတွေထဲမှာ ချန်ထားခဲ့လို့ မရနိုင်တာ တခုကတော့ မောင်ရင်ငတေ့ ချစ်ဘော်ဒါကြီး ခင်ဝမ်းတို့မြို့သားပါ၊ ခင်ဝမ်း
လွမ်းချင်းတွေ များခဲ့ရတဲ့ မောင်ရင်ငတေ ရေးခဲ့တဲ့ အထဲမှာတော့ အဲဒီ ခင်ဝမ်းတို့ မြို့သား ဇော်ကြီး ကတော့ ဇာတ်လိုက်မင်းသားပေါ့၊ ဇော်ကြီးက တကယ်ကတော့ မေခသား စစ်စစ် မဟုတ်ခဲ့ပါဘူး၊ ရာဇူးထဲက ရွှေဘိုဆောင်ကပါ၊ ရွှေအိုရောင်အဆင်းကိုဆောင်တဲ့ ရွှေဘိုဆောင်က အသည်းကွဲတေး ဟစ်ကျွေးပြီးမှ မောင်ရင်ငတေတို့ရှိရာ မေခရင်ခွင်ကို ရောက်ရှိလာတာပါ၊ အမှန်တကယ် ပြောရရင် အဲဒီအချိန်က မေခသား သမိုင်းဝင်းကိုချစ်မြတ်နိုးတဲ့ မောင်ရင်ငတေက ပင်မနယ်မြေ ရွှေဘိုမြို့သား
တွေကို အမြင်ကတော့ မကြည်လင်ခဲ့ရိုး အမှန်ပါ၊ အစွဲလန်းက ကြီးကြတာကိုး၊ နောက်ပိုင်းကျတော့ ပုလင်းရောတူ ဗူးရောတူ ဖြစ်ခဲ့ကြတာပေါ့၊


မောင်ရင်ငတေရဲ့ မေခ တရားဝင်ဘဝက ကျောင်းသက် တနှစ်မျှသာပါ၊ နောက်နှစ်မှာ စာမေးပွဲကျလို့ အမှန်အကန် အဆောင်ကျောင်းသားဘဝ နိဂုံးချုပ်ခဲ့ရ ပါတယ်၊ စာမေးပွဲကျတဲ့ ကျောင်းသားးတယောက်က အဆောင်နေခွင့် တရားဝင် မရခဲ့တော့ပေမယ့် သူငယ်ချင်းတွေ ကောင်းရင်ကောင်းသလို တွဲဘက်နေခွင့် ရခဲ့သလို အဆောင်က တာဝန်ကျ ဆရာ ဟောကျူတာ ဆိုသူတွေကလည်း မသိချင်ယောင်ဆောင် နေပေးခဲ့တာက ကျေးဇူးတင်စရာပါ၊ အဲဒီ လိုနဲ့ အဆောင်သားဘဝကို ခရီးဆက်ခွင့် ရခဲ့ပါတယ်၊ ပျော်ဘွယ်သားတို့ ကျောက်မဲသားတို့ဆိုတာ မရှိတော့ပေမယ့် အိပ်ပျော်နေခဲ့တဲ့ ကျားကြီး ဇော်ကြီးတို့နဲ့ အတူ ပြည်မှာဆောင်းရဲ့ ပန်းခရမ်းပြာကို ဆက်လက် သီဆိုခွင့်ရခဲ့တာကို အခုအချိန်မှာတော့ တကယ့်ကို ကျေးဇူးတင်ရှိနေမိပါတယ်၊ အဲဒီ ဇော်ကြီးဆိုသူကလည်း အခုတော့ လူလောကမှာ မရှိတော့ပါဘူး၊ ဇော်ကြီးနဲ့ အမှတ်ရစရာတွေက အများသားပါ၊ သူကခင်ဝမ်းတို့မြို့က သူဌေးသားလေး တဦးပါ၊ မောင်ရင်ငတေ့ကို ငွေရေးကြေးရေး သေတ္တာသော့ အပ်ထားခဲ့တာပါ၊ ကျောင်းသားဘဝ တဦးနဲ့တဦး ယုံကြည်ခြင်းတခုလို့ အခုအချိန်မှာ တွေးမိပါတယ်၊ မှတ်မှတ်ရရ တင်ရှိနေရတဲ့ ကျေးဇူးတင်ရှိရခြင်း တခုပါ ဇော်ကြီးရေ ….. ဒါမျိုးတွေ အခု ဘယ်မှာ ရှာလို့ ရပါ့တော့မလဲကွာ၊ ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ်ဆိုတာ ဒို့ခေတ်က ရုပ်ရှင် တွေထဲမှာသာ ရှိခဲ့တာမျိုးပါ ဇော်ကြီးရေ၊ ငါ မင်းအပေါ်မှာ အခွင့်ရေးတွေ ယူခဲ့မိရင်လည်း မင်း ငါ့ကို ခွင့်လွှတ်နိုင်ပါစေကွာ၊ (မင်းရဲ့အရည်အပြည့်နဲ့ပုလင်းတွေကိုတော့ ငါဆက်လက် ထိမ်းသိမ်းထားနေ
ဆဲပါကွာ၊) ဒီကနေ့ ရွှေဘိုဆောင်ကို တွေ့မြင်ရရင် (ဓါတ်ပုံဘဲ ဖြစ်ဖြစ်ပေါ့ ကွာ) မင်းရဲ့ အပေါ်ဆုံး ထပ်က အသည်းကွဲသံ ခပ်အက်အက်ကို ကြားယောင်နေဆဲပါကွာ၊


ဟိုတလောကတော့ မောင်ရင်ငတေဆီကို မမျှော်လင့်ပါဘဲ ဖုန်းတခုဝင်လာပါတယ်၊ မောင်ရင်ငတေ တို့နဲ့အတူ မေခဆောင်မှာ ကျက်စားခဲ့ကြတဲ့ အီကိုဒေးကျောင်းသား ဘူးသီးတို့ခရမ်းသီးတို့အုပ်စုက သင်္ဘောသီးဖြစ်နေတဲ့ ဘူးသီးတယောက် မောင်ရင်ငတေ နေထိုင်ရာ တိုင်းပြည်ဆီသို့ သင်္ဘောစီးပြီး ရောက်ရှိပါတယ်တဲ့၊ လာတွေ့နိုင်မလားတဲ့၊ မောင်ရင်ငတေ ရောက်နေတာက မြေထဲပင်လယ်နား၊ သူ့ရဲ့ သင်္ဘောဆိုက်ကပ်ရာက မြောက်ပင်လယ်၊ ဖြစ်နိုင်မယ်ဆိုရင်တော့ အပြေး သွားတွေ့ချင်သား၊ ကီလိုမီတာက တထောင်လောက် ဝေးနေတာရယ် အချိန်မရတာရယ်ကြောင့် သွားမတွေ့နိုင်ခဲ့ပါဘူး၊ ဖုန်းကြိုးထဲက တဆင့်တော့ ကျောင်းသားဘဝကို ခေတ္တခဏ ပြန်လည်ရောက်သွားခဲ့ရတာ အမှန်ပါ၊
နောက်တခေါက်များ ကြုံခဲ့ရင်တော့ ကြိုတင်ပြောစေချင်ပါတယ် သူငယ်ချင်းရေ၊


မောင်ရင်ငတေနေထိုင်နေတဲ့ ပါရီမြို့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာဖူးသူ အီကိုကျောင်းသား
တဦးတော့ ရှိခဲ့ဖူးပါတယ်၊ မေခအဆောင်သား တဦးတော့ မဟုတ်ပေမယ့် သမိုင်းဝင်းထဲမှာရှိတဲ့ ဟန်လင်းဆောင်မှာ နေခဲ့သူပါ၊ သူက သူ့ အလုပ်ကိစ္စနဲ့ ပါရီကို ၂၀၁၁ ခုတုန်းက ရောက်လာတာပါ၊ စောစောက အပေါ်မှာ ရေးခဲ့တဲ့ ပျော်ဘွယ်သား အဉ္ဇလီ ကျော်စိုးဦးနဲ့ အတန်းတူ မေဂျာတူပါ၊ အီကို ကျောင်းတော်ကြီးမှာ ကျောင်းဆရာ ဖြစ်ခဲ့ရာက ခုတော့ အန်ဂျီအို တခုမှာ အလုပ်ပြောင်းလုပ်နေသူ ကိုဇော်ဝင်းပါ၊ သူနဲ့တွေ့ခဲ့ရတာ မောင်ရင်ငတေ ပါရီရောက်ရှိ နေထိုင်တဲ့ ၁၄ နှစ်အတွင်းမှာ ကိုယ့်ရဲ့ ကျောင်းနေဘက် သူငယ်ချင်းတွေထဲက ပထမဦးဆုံးနဲ့ တဦးတည်းသောသူအဖြစ် မှတ်တမ်းတင်လို့ ရနိုင်ပါတယ်၊ သူတို့ကတော့ သူတို့သင်ယူခဲ့တဲ့ ပညာတွေကို ပြန်လည်အသုံးချခွင့်ရကြတာ ဝမ်းသာ
မိရသလို မောင်ရင်ငတေ တယောက်ကတော့ ပါရီမှာ သောင်တင်လို့နေရင်း ရေးမိရေးရာ အတိုအစ ရောက်တတ်ရာရာတွေကို ရေးနေတဲ့ မောင်ရင်ငတေဘဝကို နှစ်ချိုက်စွာ ခံယူရင်း အတိတ်တွေကို လွမ်းဆွတ်တသနေရင်း အသက်တွေ တနှစ်ထက်တနှစ် ကြီးပျင်းလာရင်း ဘဝရဲ့ ရေစုန်ရေဆန်မှာ တက်မထောင်ပါဘဲနဲ့ ဆက်လက်ပြီး လှော်ခတ်ရင်း လှော်ခတ်နေရအုံးမှာပါ၊

ဖေ့ဘုတ်ခ်စာမျက်နှာများမှာ မေခသားတွေရဲ့ မေခဆောင်ဖောင်ဒေးရှင်းအကြောင်းတွေ စီးပွားရေး တက္ကသိုလ် ကျောင်းအကြောင်းတွေ ဖတ်ရှုမိခဲ့ရာက မေခသားတယောက်နဲ့ စကားပြောဆိုဖြစ်ခဲ့ရင်း
မောင်ရင်ငတေ ရေးထားတဲ့ စာအတိုအစများကို ၁၉၆၄ ခုနှစ်ဖွားများ ဖြစ်ကြတဲ့ မောင်ရင်ငတေရယ် မေခဆောင်ရယ် စီးပွားရေးတက္ကသိုလ်ရယ် အနှစ် ၅၀ ပြည့် အမှတ်တရအဖြစ် ပေါင်းစပ်ရေးသား လိုက်ရပါတယ်၊

မောင်ရင်ငတေ ၂၀၀၈၂၀၁၄
မေခဆောင် (၁၉၈၃-၈၄) ကျောင်းသားဟောင်းတဦး







မောင်ရင်ငတေ နဲ့ ခေတ်ပြိုင် တနှစ်တည်း သမိုင်းဝင်းထဲကို ရောက်ခဲ့သူ မေဂျာတူ (မတူတာကတော့ သူက စာကြိုးစားသူ အုန်းတောဆောင်သား) သူ့အပေါင်းအသင်း ကိုယ့်အပေါင်းအသင်း ရင်းနှီးခင်မင်ခဲ့ကြသူ . .. .. ... ... . .... နှုတ်ဆက်ခဲ့ပါတယ် ကိုခင်ဝမ်းတို့ရဲ့  ပြည်မြို့  သား ဖြစ်သူ ဆရာအေးမိုး . . .. . .... စီးပွားရေးတက္ကသိုလ် နှစ်ငါးဆယ် စာစောင်မှာ ရေးသားခဲ့တဲ့ . ....... ဘယ်ကစလို့ လွမ်းရပါ့ . . . . . . . . . .. . . .. . . . . . ..
(တကူးတက ပေးပို့သူ ကိုမျိုးသိန်းထူး Myo Thein Htoo သယ်ဆောင်လာသူ ကို Khinaung Aye တို့အား ကျေးဇူးအထူးပါ)

 ဒီ ဇာတ်လမ်းမှာ ပါဝင်ခဲ့တဲ့ (မရှိတော့ပြီဖြစ်သော) . ..... ဘောဂဗေဒ ကျူရှင်ဆရာ ကိုကံချွန် . . ... စိုင်းဘအေး . . ..... မန္တလေးက သစ်တောမင်းကြီးသား မိုးမြင့်အုန်း . .. ..... တောင်တွင်းကြီး မိတ်ဆက်စားသောက်ဆိုင်က အရှည်ကြီး ညီညီဇော် . . .. . .. ... . .... .. ပြည်မြို့ သား မောင်မောင်လတ် တို့ကို သတိယသောအားဖြင့် . . .... ..... (မရငတ) ၁၅၀၅၂၀၁၅




မောင်ရင်ငတေ နဲ့ ခေတ်ပြိုင် တနှစ်တည်း သမိုင်းဝင်းထဲကို ရောက်ခဲ့သူ မေဂျာတူ (မတူတာကတော့ သူက စာကြိုးစားသူ အုန်းတောဆောင်သား) သူ့အပေါင်းအသင်း ကိုယ့်အပေါင်းအသင်း ရင်းနှီးခင်မင်ခဲ့ကြသူ . .. .. ... ... . .... နှုတ်ဆက်ခဲ့ပါတယ် ကိုခင်ဝမ်းတို့ရဲ့  ပြည်မြို့  သား ဖြစ်သူ ဆရာအေးမိုး . . .. . .... စီးပွားရေးတက္ကသိုလ် နှစ်ငါးဆယ် စာစောင်မှာ ရေးသားခဲ့တဲ့ . ....... ဘယ်ကစလို့ လွမ်းရပါ့ . . . . . . . . . .. . . .. . . . . . ..
(တကူးတက ပေးပို့သူ ကိုမျိုးသိန်းထူး Myo Thein Htoo သယ်ဆောင်လာသူ ကို Khinaung Aye တို့အား ကျေးဇူးအထူးပါ)

 ဒီ ဇာတ်လမ်းမှာ ပါဝင်ခဲ့တဲ့ (မရှိတော့ပြီဖြစ်သော) . ..... ဘောဂဗေဒ ကျူရှင်ဆရာ ကိုကံချွန် . . ... စိုင်းဘအေး . . ..... မန္တလေးက သစ်တောမင်းကြီးသား မိုးမြင့်အုန်း . .. ..... တောင်တွင်းကြီး မိတ်ဆက်စားသောက်ဆိုင်က အရှည်ကြီး ညီညီဇော် . . .. . .. ... . .... .. ပြည်မြို့ သား မောင်မောင်လတ် တို့ကို သတိယသောအားဖြင့် . . .... ..... (မရငတ) ၁၅၀၅၂၀၁၅

ရွှေဘိုဆောင်က ရွှေအိုရောင်နေ့ရက်များ

ဇော်ကြီးရေ ဒီည မင်းကိုလွမ်းတယ်
ပေဖူးလွှာ အွန်လိုင်းပေါ်မှာ
ကဗျာတပုဒ်က ပြောထားတာလေ
သူငယ်ချင်း မိုးထဲလေထဲ ကျမကွဲစေနဲ့တဲ့၊

မင်းက ကျကွဲခဲ့တာလား
ကျ အကွဲ ခံခဲ့တာလား
ဘာဘဲဖြစ်ဖြစ်ကွာ ဒီည ငါ မင်းကိုလွမ်းတယ်၊

နှစ်ဆယ်ကျော်ခါစက ကျောင်းကပုံတွေ
လွန်ခဲ့တဲ့ အနှစ်သုံးဆယ်နီးပါးက ကျောင်းကပုံတွေ
ဒီကနေ့ ငါတွေ့ရင် ပထမဆုံး မင်းကိုလွမ်းတယ်၊

ရွှေဘိုဆောင် အပေါ်ဆုံးထပ်ကနေ
မေခကို မင်းရောက်လာတော့
မင်းနဲ့ငါ ပုလင်းတူဗူးဆို့ ဖြစ်တယ်၊

တကယ်တော့ မင်းကပုလင်းပါ ရေအပြည့်ပါတဲ့ ပုလင်းပါ
ငါက မင်းရဲ့ရေအပြည်နဲ့ပုလင်း ပုလင်းအပြည့်နဲ့ ရေပါခဲ့တာ
ဗူးဆို့ဖွင့် ကပ်သောက်ခဲ့သူပါ၊

ငါ သိခဲ့ပါတယ်
အဲဒီရေထဲ အဆိပ်ခပ်ခံရတာ
ခေတ်ကြောင့်လား စနစ်ကြောင့်လား
ကံကြမ္မာကြောင့်လား မင်းကဘဲ မိုက်လုံးကြီးတာလား
ဒီ လား တွေ အများကြီးထဲမှာ
ငါ့ အမှားရောပါခဲ့လား ငါ လိပ်ပြာ မသန့်ဘူးကွာ၊

မင်းဟာ မင်းပြောခဲ့ဖူးသလို
ဘဝကို တိုက်သွားခဲ့တာဘဲ
လိုတာရတဲ့ ဘဝမှာ ရနေတာတွေ မလိုခဲ့ရင်
အပိုဘဲဆိုတာ မင်းအကြောင်း ငါကောင်းကောင်းသိခဲ့ပါတယ်၊

သူငယ်ချင်း ဇော်ကြီး
မင်းအသည်းက မင်းခိုင်းသလောက်
ဘယ်လိုလုပ် ဆက်လျှောက်နိုင်တော့မလဲ၊

ဒါပေမယ့် ဇော်ကြီးရေ မင်းရဲ့
ရွှေဘိုဆောင်က ရွှေအိုရောင်နေ့ရက်များ
အပေါ်ဆုံးထပ်က အသည်းကွဲသမားကို
ငါ သတိရနေဆဲပါကွာ၊

ဖိုးဇီးရိုး ၀၁၁၀၂၀၁၂


Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...