Archives du blog
Libellés
jeudi 9 avril 2015
** ဘေအာဘေ သို့မဟုတ် Bayonne Anglet Biarritz ** *
ခရီးသွားခြင်း အနုပညာ
ဘေအာဘေ သို့မဟုတ် Bayonne Anglet Biarritz
စပိန်တောင်တန်းများနောက်ခံပုံရိပ်များနဲ့ Côte des Basques, Biarritz    (ဓါတ်ပုံ မရငတ)       
စုစုပေါင်း ပင်လယ် ကမ်းရိုးတန်း အရှည် ကီလိုမီတာ ၃၄၀၀ ကျော်ခန့် ရှိတဲ့ ပြင်သစ် ပြည်မကြီးမှာ ပင်လယ်ကမ်းခြေ ရေချိုးဆိပ်တွေ ထောင်ဂဏန်းနီးပါး ရှိပါတယ်တဲ့၊ အဲဒီထဲမှာမှ မြေထဲပင်လယ်ရဲ့ ကမ်းခြေများကတော့ နာမည် အလွန်ကြီးလှပါတယ်၊
ပြင်သစ်ပြည်ရဲ့ အနောက်ခြမ်း တခြမ်းလုံးက အတ္တလန်တစ် ပင်လယ်ကြီးနဲ့ ဆက်စပ်နေတာ ဖြစ်ပြီး ကီလိုမီတာ ၁၅၀၀ လောက်ရှည်လျှားတာပါ၊ တောင်ဘက်ပိုင်းက ဘောဒိုးမြို့အောက်ပိုင်းကနေစပြီး Côte d'Argent နဲ့ Côte basque (Euskal Kostaldea) ကမ်းရိုးတန်းတလျှောက်မှာတော့ ပင်လယ်
ရေချိုးဆိပ် ကောင်းကောင်းတွေ ရှိလာပါတယ်၊ စုစုပေါင်း ပင်လယ်ကမ်းခြေ တရာကျော် ရှိပါတယ်၊
အဲဒီကမ်းခြေထဲမှာမှ တနေ့တခြား နာမည်ကျော်ကြားလာနေတဲ့ ကမ်းခြေသုံးလေးငါးခုက စပိန်နယ်
တကြောနဲ့ တဆက်စပ်တည်းတည်ရှိနေတဲ့ ပြင်သစ်ပြည်တောင်ပိုင်းက Pays Basque နယ်ထဲမှာပါ၊ အဲဒီလို နာမည်ကြီး နယ်မြေကို ကံကောင်းထောက်မစွာနဲ့ လေးငါးခြောက်ကြိမ်တိုင် မောင်ရင်ငတေ ရောက်ရှိ လည်ပတ်ခဲ့ရပါတယ်၊ ဒီနယ်မြေမှာ ရောက်ရှိနေထိုင်နေပြီး မောင်ရင်ငတေ့ကို စိတ်ရှည်စွာ မငြီးမငြူ ဧည့်ခံကြပါတဲ့ မဒီးဒီးနဲ့ မောင်တီးတီးတို့ကို ဒီနေရာကနေ ကျေးဇူးအထူးတင်ရှိရပါကြောင်း မှတ်တမ်းတင် လိုက်ရပါတယ်၊
Plage de la Côte des Basques, Biarritz       (ဓါတ်ပုံ မရငတ)
မြေထဲပင်လယ်ကမ်းခြေမှာ မဟုတ်ဘဲနဲ့ ပြင်သစ်ရဲ့ အလှပဆုံးလို့ သတ်မှတ်ခံထားရတဲ့ နာမည်ကြီး ကမ်းခြေတခု ရှိပါတယ်၊ Côte des Basques လို့ အမည်တွင်တဲ့ အဲဒီကမ်းခြေကတော့ Biarritz မြို့ လေးမှာ တည်ရှိတာပါ၊ ပြင်သစ်ပြည် တောင်ပိုင်း စပိန်နယ်စပ်နဲ့ နာရီဝက် ခရီးသာသာ ဝေးတော့တဲ့ အတ္တလန်တစ် ကမ်းရိုးတန်း ပင်လယ်ကမ်းခြေမှာ တည်ရှိတဲ့ မြို့ကလေး တမြို့ပါ၊ ရေချိုးဆိပ်ပေါင်း
တရာကျော်ရှိတဲ့ထဲမှာ ဘီရာရာဇ် ကမ်းခြေက နာမည်အကြီးဆုံးလည်းဖြစ်ပြီး အစည်ကားဆုံးလည်း ဖြစ်ပါတယ်၊ မောင်ရင်ငတေကတော့ ဘီရာရာဇ်ကမ်းခြေကနေ ပင်လယ်ပြာပြာကို လှမ်းမြင်ရတာကို ကြိုက်နှစ်သက်ပေမယ့်  ဘီရာရာဇ် သဲသောင်ပြင်ပေါ်က တုံးလုံးပက်လက် ဇိမ်ခံနေသူများကိုတော့ ကြာကြာကြည့်ရလေ မျက်စေ့ရှုတ်လာလေ ဖြစ်လာပါတယ်၊ ပထမအစဦး မြင်ဖူးကာစတုန်းကတော့ မျက်စေ့ထဲမှာ အမြင်ဆန်းတာမို့ ကြည့်ကောင်းကောင်းနဲ့ ကြည့်ဖြစ်ပေမယ့် ကြာလာတော့ ပင်လယ် ပြာပြာနဲ့ ကောင်းကင် ပြာပြာ အကြားမှာ လူရောင်စုံတွေက လှုပ်လှုပ် လှုပ်လှုပ်နဲ့ ရှုတ်လာတာမျိုးပါ၊
ပင်လယ်ပြာပြာ ကောင်းကင်ပြာပြာတွေရဲ့ အကြားမှာ မောင်ရင်ငတေရဲ့ အတွေးတွေကလည်း ခပ် ပြာနှမ်းနှမ်း ဖြစ်နေပြီလား မပြောတတ်တော့ပါဘူး၊
Biarritz ဘီရာရာဇ် ကမ်းခြေမြို့လေးက ပြင်သစ်လိုတော့ Pays Basque လို့ ခေါ်ဆိုကြပြီး အင်္ဂလိပ် တွေကတော့ Basque Country နယ်မြေထဲမှာ ပါဝင်တဲ့ မြို့လေးတမြို့ပါ၊ အဲဒီ Basque နယ်မြေကို သူတို့နယ်မြေကို သူတို့ကတော့ သူတို့စကားနဲ့ Euskal Herria ဆိုပြီး ခေါ်ကြပါတယ်၊ ဒီဒေသထဲမှာ ပါဝင်တဲ့ နယ်မြေတွေကို ယေဘူယျအားဖြင့် သတ်မှတ်ထား ကြတာကတော့ ပြင်သစ်နယ်မြေထဲက မြို့များဖြစ်ကြတဲ့ Baiona (Bayonne) Donibane Lohizune (Saint-Jean-de-Luz) Hendaia (Hendaye) Miarritze (Biarritz) မြို့များနဲ့ စပိန်ပိုင် နယ်မြေထဲမှာတော့ Vitoria-Gasteiz, Irún, Donostia (San Sebastián) နဲ့ အကြီးဆုံးမြို့ Bilbo (Bilbao) တို့ ပါဝင်ပါတယ်၊
Biarritz ဘီရာရာဇ် ကမ်းခြေမြို့လေးက ဒီဒေသရဲ့ မြို့တော်မဟုတ်ပေမယ့် အဲဒီလို သာယာလှပတဲ့ ကမ်းခြေအလှကို လာရောက်ခံစားကြသူများ တနှစ်ထက်တနှစ် ပိုမိုပြီးတော့များပြားလာတာကြောင့် စီးပွားရေး အချက်အခြာကျတဲ့ မြို့နယ်မြေ ဖြစ်လာပါပြီ၊
Plage de la Côte des Basques, Biarritz            (ဓါတ်ပုံ မရငတ)
ပြင်သစ်ပြည်ရဲ့ နောက်ဆုံးဘုရင် Napoléon III (Louis-Napoléon Bonaparte) တတိယမြောက် နပိုလီယံ (၁၈၀၈-၁၈၇၃) ရဲ့ မိဖုရားကြီး စပိန်တောင်ပိုင်း Granada မြို့သူ Eugenia de Montijo (Empress Eugenie) (၁၈၂၆-၁၉၂၀) က ဦးဆောင်ပြီးတော့ ဒီကနေ့မှာ နာမည် ကျော်ကြားလာတဲ့ ဘီရာရာဇ်ကို အပန်းပြေ အနားယူတဲ့ ကမ်းခြေအဖြစ် ၁၈၅၄ ခုနှစ်မှာ စတင်ပြီး ပြုပြင်ခဲ့တာပါ၊ အဲဒီ အချိန်ကာလတုန်းကတော့ တတိယမြောက်နပိုလီယံနဲ့ ခေတ်ပြိုင် အင်္ဂလိပ်နဲ့ စပိန်ဘုရင်ကြီးတွေရဲ့ အပန်းဖြေစခန်းအဖြစ် စတင်ခဲ့တာပါ၊
ဒီကနေ့မှာတော့ မောင်ရင်ငတေတို့လို ဘီယာလေး တဗူးရယ် အာလူးချောင်းကြော် တထုတ်ရယ်နဲ့ ကမ်းခြေမှာ လာထိုင်ငေးမောရုံ လာကြသူတွေ ရှိသလို ဖိုက်စတား ဟော်တယ်ကြီးတွေမှာ တည်းခို ကာစီနိုကစားဝိုင်းတွေမှာ ငွေမျှောငွေနဲ့လိုက်နိုင်သူများ ဖြစ်ကြတဲ့ အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့ ဒေသသားတွေရယ် ဆိုဗီယက်ရဲ့ ခွဲထွက်ဒေသတွေက ခေတ်ပျက်လက်သစ် ခရိုဏီသူဌေးတွေရယ် လာရောက် ကျင်လည်ကျက်စားကြရာ နေရာတခုလည်း ဖြစ်လို့နေပါပြီ၊
Bayonne သို့မဟုတ်  Baiona သို့မဟုတ် ပြင်သစ် Pays Basque ရဲ့ မြို့တော်  (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေ ဒီဒေသတွေရဲ့အကြောင်းရေးပြီး ဖေ့ဘုတ်ခ်ဝေါမှာတင်တော့ မန္တလေးရွှေမြို့ရောက် ပြင်သစ်စာပါမောက္ခ ပန်းချီဆရာမကြီး တဦးက ဒီလိုဝင်ပြီး မှတ်ချက်တခု ပေးပါတယ်၊ အဲဒီဒေသမှာ “သူ့မှာ တော်လှန်ရေးသမိုင်း ရှိတာကြောင့်လည်း နာမည်ကြီးတယ်” ဆိုပြီးတော့ပါ၊
ဟုတ်ပါတယ် ဆရာမရေ .... ပြင်သစ် စပိန်နယ်စပ် မြေထဲပင်လယ် တဝိုက်မှာက ကွဲပြားခြားနားတဲ့ လူမျိုးစုလေးတွေ နယ်လေးတွေ အများကြီးရှိတယ်၊ ကာတာလန်တို့ ကော်စီကာတို့ အပါအဝင်ပေါ့၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဖို့ သီးခြားနယ်မြေဖြစ်ဖို့ တောင်းနေကြတာ သမိုင်းတလျှောက်လုံး ...... ပေါ့၊
ကာတာလန်ကိုတော့ စပိန်က ခြိမ်းခြောက်တာ ရီစရာကောင်းလှပါတယ်၊ မင်းတို့ ကာတာလန်တွေ ခွဲထွက်ချင်ကြရင် ခွဲထွက်ကြ... မင်းတို့ရဲ့ Barça ဘာဆာဘောလုံးသင်းကိုတော့ စပိန်လိဒ်ပွဲတွေမှာ ဝင်ပြိုင်ခွင့် မပေးတော့ဘူး ဆိုကြတယ်၊ စီးပွားရေးနဲ့ ဖိတာပေါ့ ဆရာမ ရေ ...... သဘာဝကိုက အင်အားကြီးသူတွေကတော့ အထက်စီးကပေါ့ ......၊
ခွဲထွက်ရေး မခွဲထွက်ရေး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ မရ  . .. …. … အဲဒီကိစ္စတွေက မောင်ရင်ငတေနဲ့
တိုက်ရိုက် ပတ်သက်နေတာ မဟုတ်လို့ရယ် ရှုတ်ထွေးပွေလီ လှပါတဲ့ အဲဒီ နိုင်ငံရေးရာ ကိစ္စတွေကို
ခေါင်းရှုတ်ခံပြီး ဒီနေရာမှာ မရေးချင်ပါဘူး၊ ဒါပေမယ့် ဒီဒေသကို ရောက်ရင်တော့ဖြင့် သူတို့တတွေ ဒီဒေသသားတွေရဲ့ သူတို့ ကိုယ်ပိုင်ဟန်အတိုင်း ရှိနေတဲ့ အရုပ်အရိပ်အရောင်တွေ ကိုယ်ပိုင်စာသား စာစကားတွေကိုတော့ နေရာတကာမှာ တည်ရှိနေတာကို လေးနက်စွာ သတိထားမိရကြောင်းပါ၊
ဒီဒေသရဲ့ ရေးရမယ့် အကြောင်းတွေကတော့ အတော်ကို ပေါင်းစုံလှပါတယ်၊ ရေးထားပြီးတဲ့ အတို အစတွေကို ပေါင်းစပ်မွမ်းမံပြီး ဆက်လက်တင်ပြဖို့ ကြိုးစားပါအုံးမယ်၊
မောင်ရင်ငတေ ၀၉၀၄၂၀၁၅
Aucun commentaire:
Enregistrer un commentaire
** * တခါကနေ့ရက်များ (၃) ** *
Google+ Badge
Google+ Followers