jeudi 23 avril 2015

ဟိုနားဒီနား အေတီအာနဲ့သွား



ဟိုနားဒီနား အေတီအာနဲ့သွား
ATR (Avions de Transport Regional)


အေတီအာ လေယာဉ်တစင်း ဖြစ်တည်လာပုံ                                             (Photo Google)
ဒီကနေ့ ရွှေပြည်တော်ကြီးက လေကြောင်းလိုင်းတွေမှာ အသုံးများနေကြတဲ့ လေယာဉ် အမျိုးအစား တမျိုးကတော့ Avions de Transport Regional (ATR) လေယာဉ်များ ဖြစ်ကြပါတယ်၊

ပြင်သစ်ပြည်တောင်ပိုင်း Toulouse တူးလုစ်မြို့မှာ အခြေစိုက်ထားတဲ့ ဒီ အေတီအာ အမျိုးအစား လေယာဉ် စက်ရုံကို ၁၉၈၁ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာပါ၊ အေတီအာ ဆိုတဲ့ အမည်အတိုင်း ဒေသတွင်းက ခရီးတိုလေးတွေကို ပြေးဆွဲဖို့ ရည်ရွယ်ထုတ်လုပ်တဲ့ လေယာဉ်စက်ရုံပါ၊

အေတီအာ စက်ရုံတည်ရှိရာ တူးလုစ်မြို့ဆိုတာကလည်း ဒီကနေ့ ကမ္ဘာပေါ်မှာ အကောင်းဆုံးသော လေယာဉ် အမျိုးအစားဖြစ်တဲ့ နာမည်ကြီး အဲယားဘတ်စ် လေယာဉ်စက်ရုံ တည်ရှိရာ မြို့ဖြစ်သလို အေတီအာလေယာဉ် ဆိုတာကလည်း အဲယားဘတ်စ်ကနေ ဆင့်ပွားပြီး ခွဲထွက်လာတဲ့ အသေးစား လေယာဉ်တွေသာ ဖြစ်ပါတယ်၊ ပိုင်ဆိုင်မှုကတော့ ပြင်သစ် အဲယားဘတ်စ်နဲ့ အီတလီနိုင်ငံ Napoli (Naples) နာပိုလီမြို့ အခြေစိုက် (စက်ရုံကတော့ Torino တူရီနိုမြို့မှာ ရှိတယ် ဆိုပါတယ်၊) Alenia Aeronautica တို့ တဝက်စီ ပိုင်ဆိုင်ကြပါတယ်၊


ATR 42 နဲ့ ATR 72 ပန်ကာသုံး လေယာဉ်အမျိုးအစား နှစ်ခုကိုသာ အဓိကထား ထုတ်လုပ်ပါတယ်၊
Avions de Transport Regional (ATR) လေယာဉ်များရဲ့ အဓိကပြိုင်ဘက်ကတော့ ကနေဒါနိုင်ငံ Bombardier Aerospace လေယာဉ်လုပ်ငန်းက ထုတ်လုပ်နေတဲ့ လေယာဉ်ငယ်တွေ ဖြစ်ပေမယ့် မှီဖို့ကတော့ အတော်လိုသေးတယ် ပြောရမှာပါ၊ အေတီအာ (တကယ်တော့ ပြင်သစ်သံနဲ့ ထွက်ရင် အာတေအယ်ရ် လို့သာ အနီးစပ်ဆုံး ရေးနိုင်ပါတယ်၊) လေယာဉ်တွေက ပန်ကာစနစ် သုံးတာဖြစ်ပြီး
ကနေဒါ ဘုံဘာဒီယေ လေယာဉ်တွေက ဂျက်လေယာဉ်တွေ ဖြစ်ပါတယ်၊ ပန်ကာသုံးလေယာဉ်တွေ ထဲမှာတော့ အကောင်းဆုံး အမျိုးအစားက အေတီအာ ဖြစ်ပါတယ်တဲ့၊ ပန်ကာသုံးတဲ့လေယာဉ်တွေ ဆိုပေမယ့်လည်း အထင်တော့ မသေးလိုက်ပါနဲ့တဲ့၊ မကြာခင် နှစ်များကာလမှာ ဂျက်အင်ဂျင်တွေနဲ့ ပန်ကာကိုပေါင်းစပ်ပြီး တီထွင်ထားတဲ့ ဂျက်ပန်ကာလေယာဉ်တွေ ပေါ်လာဖို့ အတော်နီးစပ်နေပြီလို့
သတင်းတပုဒ်မှာ တွေ့ရှိလိုက်ရကြောင်းပါ၊

အေတီအာ ၄၂-၆၀၀ လေယာဉ် တစင်းရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က ယူရိုငွေ ၁၅ သန်းခန့်ရှိပြီး လေယာဉ်အစင်းပေါင်း ၆၀၀ ကျော် ထုတ်လုပ်ခဲ့ပြီးပါပြီ၊ အေတီအာ ၇၂-၆၀၀ တစင်းကို ယူရို သန်း ၂၀ ပေးရမှာဖြစ်ပြီး အစင်းရေ ၇၀၀ ခန့် ရှိနေပါပြီ၊ ၄၂ တို့ ၇၂ တို့ရဲ့ ဆိုလိုရင်းကတော့ အနည်းဆုံး လေယာဉ်ပေါ်မှာ ပါဝင်တဲ့ ထိုင်ခုံ အရေအတွက်ပါတဲ့၊

တကယ်တမ်းကြတော့ ဒီလို လေယာဉ်ပျံ ခပ်သေးသေးလေးတွေဟာလည်း မရှိမဖြစ် ဆိုသလိုပါ၊
ဒေသအတွင်း ဟိုနားဒီနား တနာရီလောက် ကြာမယ့်ခရီးကို အရေးတကြီး သွားချင်သူများ အတွက် သို့မဟုတ် အိတ်တလုံးလွယ် ခရီး အမြန်ရောက်ရင် ပြီးရောဆိုတဲ့ သူမျိုးတွေအတွက် ပေါချောင်မြန် ခရီးစဉ်လေးတွေအဖြစ် လည်းကောင်း၊ လေယာဉ်ကြီးတွေ ဆင်းသက်လို့ မရနိုင်တဲ့ လေယာဉ်ကွင်း ခပ်သေးသေးသာရှိတဲ့ နေရာဒေသများအတွက် လည်းကောင်း အသုံးဝင်နေတာမျိုးပါ၊

တောတောင်ချောင်းမြောင်း ထူထပ်ပြီး ဒေသအတွင်း မတည်ငြိမ်မှု များစွာရှိနေသေးတဲ့ နေရာတွေ အခြေအနေတွေမှာ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲကို ယာယီ ဖြေရှင်းကြရတဲ့ အခါမှာလည်း အဲဒီလို လေယာဉ်ကလေးတွေသုံးတဲ့ လေကြောင်းလိုင်း အသစ်ကလေးတွေ များစွာ ပေါ်ပေါက်လာ တတ်ပါတယ်တဲ့၊

အေတီအာ လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းက တည်ဆောက်ပြီးခဲ့တဲ့ ဒေသတွင်းသွား Turboprop ပန်ကာစနစ်သုံး လေယာဉ်စီးရေ စုစုပေါင်း တထောင့်လေးရာကျော်ကို မောင်ရင်ငတေတို့ရဲ့ မွေးရပ် ဌာနီ ရွှေနိုင်ငံတော်ကြီးအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၉၀ ကျော်မှာရှိတဲ့ လေကြောင်းလိုင်းပေါင်း ၂၀၀ ခန့်က ဝယ်ယူပြေးဆွဲ အသုံးပြုနေကြပါတယ်တဲ့၊ အဲဒီအေတီအာအစီး ထောင့်လေးရာကျော်ထဲကမှ ၂၀၀၅ နောက်ပိုင်းမှာ ထုတ်လုပ်ခဲ့တဲ့ လေယာဉ် အစီးရေ ၁၇၀ ကျော်ကတော့ အာစီယံနိုင်ငံတွေရဲ့ ဝေဟင်မှာ ပျံသန်းနေတာပါ၊ နောက်ထပ်လည်း အမှာစာတွေက တဖွဲဖွဲရောက်ရှိ လာနေတာဖြစ်လို့ အေတီအာရဲ့ လေယာဉ်ဆိုင်ရာသင်တန်းကျောင်းကို ပြင်သစ်ပြည်တူးလုစ်မြို့ကနေ စင်ကာပူမြို့သို့
ပြီးခဲ့တဲ့ ၂၀၁၃ နှစ်ကုန်က ပြောင်းရွှေ့အခြေစိုက်ခဲ့ပါတယ်တဲ့၊ (ပြင်သစ်တွေ လည်လိုက်ပုံများနော်၊)
အံ့မခန်း တိုးတက် ပြောင်းလဲလာတဲ့ ရွှေပြည်တော်ကြီးဆီသို့လည်း ATR Flight Training Centre
ကြီး မကြာမီ ပြောင်းရွှေ့မလာနိုင်ဘူးလို့ ဘယ်သူ ပြောနိုင်ပါ့မလဲ နော့၊

မောင်ရင်ငတေ ၀၇၀၉၂၀၁၄


ဆက်လက်ပြီးတော့ ဒီကနေ့ လက်ရှိ ရွှေပြည်တော်ကြီးရဲ့ မိုးကောင်းကင်မှာ ပြေးဆွဲပျံသန်း နေတဲ့ နေဆဲ လေယာဉ်များရဲ့အကြောင်းကို အသေးစိတ်တော့ မဟုတ်ပေမယ့် ဖတ်ထားမှတ်ထားသမျှကို နောက်ဆက်တွဲ အနေနဲ့ ဖော်ပြလိုက်ပါတယ်၊



ဒီကနေ့ မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ ပထမဦးဆုံး (Union of Burma Airways) အမည်နဲ့ Boeing 727-100 (XY-ADR) လေယာဉ် ၁၉၇၄ ခုနှစ်က ဟောင်ကောင် Kai Tak International Airport မှာ တွေ့ရတဲ့ ပုံပါ၊           (Photo Google)
ရွှေနိုင်ငံတော်ကြီးမှာ အခုလောလောဆယ် ၂၀၁၅ ခုနှစ်ဆန်းပိုင်းအထိ လေကြောင်းလိုင်းပေါင်း ၁၀ လိုင်း (ခန့်) ပြေးဆွဲနေတယ် ဆိုကြပါတယ်၊ ဒီနေရာမှာ (ခန့်) လို့ ဆိုရတာက တချို့သော လိုင်းတွေ    ပြေးလိုက်ရပ်လိုက် ဖြစ်နေတာကို တွေ့မိရလို့ပါ၊ သက်တမ်း အရင့်ဆုံး လိုင်းကတော့ လွတ်လပ်ရေး ရပြီး ၁၉၄၈ ခုနှစ်မှာ စတင် ပြေးဆွဲခဲ့တဲ့ Union of Burma Airways (UBA) ခေါ် Burma Airways ခေါ် Myanma Airways ခေါ် အခုနောက်ဆုံး ပြောင်းလဲခဲ့တဲ့အမည် Myanmar National Airways လိုင်း ဖြစ်ပါတယ်၊ 


UBA လေကြောင်းလိုင်းကနေ တဖြစ်လဲပြီးတော့ ပြောင်းလာခဲ့တဲ့ Myanmar National Airways ခေါ် နိုင်ငံပိုင် သက်တမ်းရင့် မြန်မာ အမျိုးသား လေကြောင်းလိုင်းကတော့ သူရဲ့ကိုယ်ပွား MAI ခေါ် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်းကို ကမ္ဘောဇအုပ်စုသို့ ၂၀၁၄ မှာ အပြီးအပိုင် ရောင်းချခဲ့ပြီး နောက် ခြေလှမ်းပြင်းပြင်းနဲ့ စတင်လို့ လှမ်းလာခဲ့ပြီး အေတီအာတွေ ဘိုရင်းလေယာဉ် အသစ်တွေကို အစင်းနှစ်ဆယ်ခန့် ဝယ်ယူဖို့ စာချုပ်တွေ ချုပ်ဆိုခဲ့တာကြောင့် လာမယ့် ၂၀၁၇ ခုနှစ် လောက်မှာတော့ ရွှေကောင်းကင်ယံထက် လေယာဉ်သစ်တွေ ပျံဝဲနေမှာကို တွေ့မြင်လာရဖွယ် ရှိပါ ကြောင်း၊


Air Mandalay

၁၉၉၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Air Mandalay လေကြောင်းကတော့ ရွှေပြည်တော်ကြီးရဲ့ လေကြောင်းလိုင်းတွေထဲမှာ စင်ကာပူသား Michael Chang ဆိုတဲ့သူက တဝက်တိတိ ပိုင်ဆိုင်တာ ကြောင့် ပုဂ္ဂလိကပိုင်တွေထဲမှာ ရှေးဦးအကျဆုံးလို့ ပြောနိုင်ပေမယ့် အခုထိ အေတီအာလေယာဉ် ၃ စီး (ATR 72-212 နှစ်စီး ATR 42-320) နဲ့သာ ပြေးဆွဲနေဆဲပါ၊



မန္တလေးလေကြောင်းရဲ့ အေတီအာ ၄၂-၃၂၀       (Photo Google) 
Air Mandalay ရဲ့ F-OHRN တဖြစ်လဲ XY-AIJ အမည်ပေါက်နေတဲ့ ATR 42-320 လေယာဉ်ကို ၁၉၉၁ ခုနှစ်မှာ ၂၆၈ စင်းမြောက်အဖြစ် တည်ဆောက်ခဲ့တာပါ၊ လေယာဉ်တွေရဲ့အသက်အရဆိုရင်
၂၃ နှစ်သား ရှိပြီဆိုတော့ တော်တော်ကြီးပြီ ပြောရမှာပါ၊ မန္တလေးလေကြောင်းဆီသို့ ရောက်မလာမီ  တချိန်တုန်းက အဲဒီ လေယာဉ်က G-BUEA ဆိုပြီး လန်ဒန်မြို့မှာ အခြေစိုက်တဲ့ Citiflyer Express လေကြောင်းလိုင်းမှာ သူ့ရဲ့ပျံသန်းမှုဘဝကို ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့ပါတယ်၊ အဲဒီကမှတဆင့် ၂၀၀၃ ခုနှစ်မှာ ဖျက်သိမ်းခဲ့တဲ့ အယ်ဂျီးရီးယား Khalifa Airways ကို ၂၀၀၀ ပြည့်နှစ်မှာ  F-OHRN အမည် မှတ်ပုံတင် ရောက်ရှိပြီး သုံးနှစ်ကြာ ပြေးဆွဲခဲ့ပါသေးတယ်၊ ၂၀၀၄ ခုနှစ်မှာ F-OHRN လေယာဉ်ဟာ မန္တလေးလေကြောင်းကို အငှားဘဝနဲ့ ရောက်လာခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ XY-AIJ အမည်ပေါက် မှတ်ပုံတင်ခဲ့ကာ အခုထိ အသုံးပြုနေဆဲပါ၊




ရွှေပြည်ရဲ့ အသစ်စက်စက် APEX Airline      (Photo Google)
ရွှေပြည်တော်ရဲ့ နောက်ဆုံးပေါ် လေကြောင်းလိုင်းကတော့ တနင်္သာရီတိုင်းမှာ အခြေစိုက်တဲ့ APEX Airline ဖြစ်မယ် ထင်ပါတယ်၊ ၂၀၁၂ ခုနှစ်မှာ မှတ်ပုံတင်ခွင့်ရခဲ့တဲ့ အဲဒီ လေကြောင်းလိုင်းအသစ် ချက်ချွတ်ကလေးက ပြင်သစ် အေတီအာရဲ့ ၁၂၂၉ စင်းမြောက် နောက်ဆုံးထုတ် လေယာဉ်အသစ် စက်စက် တစင်းဖြစ်တဲ့ ATR 72-600 (F-WKVH/F-WWED) XY-AJV လေယာဉ်ကို ဝယ်ယူခဲ့တာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လလယ်က ရောက်ရှိလာပြီ ဖြစ်ပါတယ်တဲ့၊ ဘာတွေကို ဘယ်လို လုပ်ပြနိုင်မယ် ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်၊ အခုနှစ် ၂၀၁၅ မတ်လကစပြီး ပြည်တွင်းခရီးစဉ်တွေ တနင်္သာရီဒေသကို အခြေခံပြီး စတင်ပြေးဆွဲနေပြီ ဖြစ်ပါတယ်တဲ့၊ 
              

(ဒီနေရာမှာ တခုကြားဖြတ်ပြီး ရေးချင်တာက လေယာဉ်တွေရဲ့ ကိုယ်ပိုင်နံပတ်လို့ ပြောလို့ရမယ့်
F-OHRN တို့ F-WKVH, F-WWED တို့ XY-AIJ တို့ XY-AJV ဆိုတာကိုပါ . ……..)
မူလစက်ရုံမှာ လေယဉ်တစင်းကို စတင်ထုတ်လုပ်တည်ဆောက်စဉ်မှာ ထုတ်လုပ်ရာ စက်ရုံတည်ရာ နိုင်ငံရဲ့အတိုကောက် ပြင်သစ်ဆိုရင် (F) ဂရိတ်ဗြိတိန်ဆိုရင် (G) အမေရိကန်ဆိုရင် (N) ဆိုပြီး ရှေ့ ထိပ်စီးမှာ ပေးထားလေ့ ရှိပါတယ်၊ တည်ဆောက်ပြီး နောက်ပိုင်း ဝယ်ယူသုံးစွဲတဲ့ လေကြောင်းလိုင်း တည်ရှိရာ နိုင်ငံအပေါ်မှာ မူတည်ပြီး XY-AIJ, XY-AJV ဘာညာဆိုပြီး လေယာဉ်ရဲ့ ကိုယ်ပိုင်အမှတ် တွေကို ပြောင်းလဲ သတ်မှတ်တာပါ၊

မောင်ရင်ငတေ ၂၄၀၄၂၀၁၄

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...