mardi 24 mars 2015

ပါရီပုံရိပ်များ ** Concorde ကွန်းကော့ဒ် အမည်ရ Obélisque de Louxor ကျောက်တိုင်




L’obélisque de la Concorde                                                        (ဓါတ်ပုံ မရငတ)

အော် ပြင်သစ် ပြင်သစ် . … …. .. အီဂျစ်က ကျောက်တိုင်လည်း မနေရ၊
ဆွဲနှုတ်လာတာပါလား ….

ဒီကနေ့ Concord ကွန်ကော့ဒ် အမည်ရ Obélisque de Louxor ကျောက်တိုင်ပါ၊
မူလက အီဂျစ်ပြည် Temple de Louxor မှာ စိုက်ထူထားတာကို ပြင်သစ်ဘုရင် Louis-Philippe Ier ပထမ လူဝီ ဖိလစ် (၁၇၇၃-၁၈၅၀) က ၁၈၃၁ ခုနှစ်လယ်မှာ တကူးတက ခက်ခက်ခဲခဲ သွားသယ် လာတာပါ၊ သင်္ဘောတင် သယ်ယူဖို့ ဘယ်လောက်ထိတောင် ခက်ခဲခဲ့ရပါသလဲ ဆိုရင် ၁၈၃၃ ခုနှစ် အလယ်မှာမှ ပြင်သစ်မြေကို ရောက်လာခဲ့ပြီး ပါရီမြို့က အခုလက်ရှိနေရာမှာ အောင်မြင်စွာ စိုက်ထူ နိုင်ခဲ့တာကတော့ ၁၈၃၆ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ မှာပါ၊
ဒီ စီမံကိန်းကို စတင်ခဲ့တာကတော့ ၁၈၂၈ ခုနှစ်ကတည်းကဖြစ်ပြီး အီဂျစ်ဘုရင် Mohammed Ali
ကနေ ပြင်သစ်ဘုရင်ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့တယ်လို့လည်း ဆိုကြသလို ဖရန့်ငွေ ၅ သိန်း ပေးပြီး ဝယ်တယ်လို့လည်း ဆိုကြပါတယ်၊
အဲဒီ ကျောက်တိုင်ကြီးကို သယ်ယူနိုင်ဖို့ နိုင်းမြစ်နဲ့ စဲန်းမြစ်တွင်း သွားနိုင်တဲ့ Le Louxor သင်္ဘောကို အထူး တည်ဆောက်ခဲ့ရပါတယ်၊
ပြင်သစ်ရဲ့ မြေထဲပင်လယ် Toulon ဆိပ်ကမ်းကနေ နိုင်းမြစ်ကမ်း နဘေးက အီဂျစ် ရှေးဟောင်း မြို့ တမြို့ ဖြစ်တဲ့  Louxor မြို့မှာ ဒီကွန်းကော့ဒ် ကျောက်တိုင်ကြီးကိုတင်ပြီး နိုင်းပင်လယ်ဝက Rachid ခေါ် Rosette, ထို့နောက် Alexandrie မှတဆင့် ဆွဲသင်္ဘော Le Sphinx နဲ့ ဆွဲလာခဲ့ပြီး ဂရိပိုင် ကျွန်းဖြစ်တဲ့ Rhódos, အဲဒီနောက် မြေထဲပင်လယ်ကြီးကို ကန့်လန့်ဖြတ် ဖြတ်ပြီး ဂျီဘရော်တာ က နေတဆင့် ပေါ်တူဂီ စပိန်နဲ့ ပြင်သစ်ပြည်တို့ရဲ့ အနောက်ခြမ်းကို အတ္တလန်တိတ် သမုဒ္ဒရာကနေ ပတ်လာခဲ့ပြီးနောက် အင်္ဂလိပ်ရေလက်ကြားကို ဖြတ်သန်းခဲ့ရပါတယ်၊ မြောက်ပင်လယ်ထိပ်ဝနားက ဆိပ်ကမ်းမြို့ Cherbourg-Octeville ကိုရောက်တော့ ၁၂ ရက် သြဂုတ်လ ၁၈၃၃ ခုနှစ် ရောက်ပါပြီ၊
အဲဒီကနေ စဲန်းမြစ်ကြောင်းအတိုင်း တောင်ဘက်ကို ဆန်တက်ခဲ့တာ ပါရီမြို့ကို ဒီဇင်ဘာ ၂၃ ရက်မှ ရောက်ပါတယ်၊ ၁၈၃၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ တူလွန်ကနေ စတင်ထွက်ခွာ လာခဲ့တဲ့ Le Louxor ကျောက်တိုင်တင် သင်္ဘောကြီးရဲ့ ခရီးစဉ်က စုစုပေါင်း ရက် ကိုးရာကျော်လောက် ကြာမြင့်ခဲ့တာပါ၊
ကီလိုမီတာ တသောင်းနှစ်ထောင်ကျော် ရှည်လျှားပါတဲ့ မာရသွန် ကျောက်တိုင်သယ်ပွဲကြီးပါ၊


Luxor Temple with its original obelisks, the one on the right was moved to Paris.
ဒီကျောက်တိုင်ကြီးက ခရစ်တော် မပေါ်မီ ဘီစီ ၁၃ ရာစုက ကျောက်တိုင် အဟောင်းကြီး တခုပါ၊
၂၃ မီတာ အရှည်ရှိပြီး တန်ချိန် ၂၃၀ လေးပါတဲ့ ဒီလိုစုတ်တီးစုတ်ပြတ် ကျောက်တိုင်ဟောင်းကြီးကို ဘာသဘောနဲ့များ သယ်လာပါသလဲ …. ဆိုတာကိုတော့ အဲဒီ ပထမလူဝီဖိလစ် ဆိုသူကို မေးကြည့် လိုက်ချင်ပါသေးတယ်၊ 

အမှန်တကယ် သယ်ဖို့က ကျောက်တိုင်ကြီး နှစ်တိုင်စလုံးကိုပါ၊ ဒါပေမယ့် ဒုတိယ ကျောက်တိုင်ကြီး ကိုတော့ ဆွဲနှုတ်သယ်ယူဖို့ကို အားမတန်လို့ မာန်လျှော့ခဲ့ကြဟန်တူပါတယ်၊ တန်ချိန် ၂၃၀ လေးတဲ့ (အတိအကျ ဆိုသူတွေက ၂၂၇ တန် ပါတဲ့) ပထမ ကျောက်တိုင်ကြီးကိုသာ ပါရီသို့ ရောက်အောင် သယ်ယူနိုင်ခဲ့တာပါ၊

သယ်ဆောင်ခ ဖရန့်ငွေ တသန်းကျော် ကုန်ကျခဲ့တဲ့ ကျောက်တိုင်ကြီးပါ၊
အခုတော့ ဒီကျောက်တိုင်ကြီးကို လာကြည့်ကြတဲ့ သန်းပေါင်းများစွာသောလူတွေကြောင့် အရင်းက
ကျေရုံမျှမက အမြတ်များများ ထွက်နေပြီ ဆိုတာကတော့ ဘယ် ဗေဒင်ဆရာမှ မေးစရာ မလိုပါဘူး၊


ကျောက်တိုင်ထူပွဲ                                                  François Dubois (1790-1871)
ဘာ ဖြစ်ဖြစ်ပေါ့လေ၊
ဒီကျောက်တိုင်ကြီး ဒီနေရာကို ရောက်လာတာ နောက်နှစ်ဆိုရင် နှစ်ပေါင်း တရာ့ရှစ်ဆယ် ပြည့်ပါ တော့မယ်၊
နှစ်တရာပြည့် ၁၉၃၆ ခုနှစ်က စပြီး အဲဒီ ကွန်းကော့ဒ် ကျောက်တိုင်ကြီးကို သမိုင်းဝင် အမွေအနှစ် စာရင်းထဲမှာ ထည့်သွင်းလို့ စောင့်ရှောက်လာတာဖြစ်လို့ အီဂျစ်တွေက ပြန်လိုချင်ပါတယ် ဆိုခဲ့ရင် ထိမ်းသိမ်း စောင့်ရှောက်ခ ဘယ်နှစ်ယူရိုများ ကျသင့်မယ် ဆိုတာကတော့ အတော် စိတ်ဝင်စားစရာ ကောင်းလှပါတယ်၊
အကယ်၍များ အဲဒီအချိန်က ရတနာပုံ မင်းနေပြည်က ဘိုးတော်တို့ ဘကြီးတော်မင်းတို့ ပုဂံမင်းတို့ အီဂျစ်ပြည်ကို အကြောင်းတွေတိုက်ဆိုင်လို့ စစ်တိုက်ခိုက်ခဲ့ရလို့ …. စစ်များ အောင်နိုင်ခဲ့မယ် ဆိုရင် (ဆိုရင်ပေါ့လေ) အဲဒီ ကွန်းကော့ဒ် ကျောက်တိုင်ကြီးကို အရှေ့မြောက် ကျုံးဒေါင့်မှာများ စိုက်ထူလို့ ထားများထားခဲ့ လေ မ လားးးးးးး လို့ .. ... .... . . . .. . မရဲတရဲ အတွေးပွားမိရကြောင်းပါ၊




ကျောက်တိုင်သယ်တဲ့ ရွက်လှေကြီး Le Louxor (Dessin de Joanis)



ကျောက်တိုင်သယ် မာရသွန်ခရီးကြမ်း        (Photo Google MN)


စက်သီးတွေ သစ်သားပြားတွေ သံကြိုးတွေ ပစ္စည်းကရိယာ အစုံအလင်နဲ့ လှေထိုးသားပေါင်း ၁၃၆ ယောက် ပါဝင်တဲ့ လှေကြီးပေါ်မှာ ကျောက်တိုင်ကြီးကို တင်ဆောင်လာပြီး  နိုင်းမြစ် မြေထဲပင်လယ် Mar de Alborán အယ်လ်ဘိုရန် ပင်လယ် ဂျီဘရော်တာ ရေလက်ကြား Golfo de Cádiz ကာဒေ့ဇ် ပင်လယ်ကွေ့ အတ္တလန်တိတ်သမုဒ္ဒရာ Golfe de Gascogne လို့ ခေါ်တဲ့ ဘားစကေးပင်လယ်အော် အင်္ဂလိပ်ရေလက်ကြား မြောက်ပင်လယ်ထိပ်ဝနားက စဲန်းမြစ် တို့ကနေ လှိုင်းတွေလှေတွေကြားက ဖြတ်သန်းခဲ့ရတာပါ၊ ဒီကနေ့ မောင်ရင်ငတေတို့ခေတ်မှာ အဲခရီးကို ကားတွေရထားတွေနဲ့ သွားမယ် ဆိုခဲ့ရင် နာရီပေါင်း ၂၀၀ လောက် အချိန်ပေးနိုင်ရမှာပါ၊ လမ်းခရီးမှာ နားနေရမယ့် အချိန်တွေ ထည့် တွက်ထားတာ မဟုတ်ပါဘူး ခင်ဗျာ၊ အဲဒီခရီးကို သွားနိုင်ဖို့ကိုတော့ အိပ်မက်မက်မိရကြောင်းပါ၊


 မောင်ရင်တေ ၂၃၀၃၂၀၁၅

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...