Archives du blog
Libellés
lundi 2 mars 2015
ဗန်ဂိုးရဲ့ အရုပ်အရိပ်အရောင်များ ** ဗန်ဂိုးရဲ့နောက်ဆုံးခြေရာများ
ဗန်ဂိုးရဲ့နောက်ဆုံးခြေရာများ (Auvers-sur-Oise)
(ပါရီ နေ့ချင်းပြန်ခရီးစဉ် အမှတ်နှစ်)
ရိုးရိုးရှင်းရှင်း Auvers-sur-Oise မြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်                       (ဓါတ်ပုံ မရငတ)
ဗင်းဆင့်ဗန်ဂိုး သူ့ဘဝ နောက်ဆုံးရက်များမှာ နေထိုင်ရင်း ပန်းချီကားပေါင်းများစွာ ရေးဆွဲသွားခဲ့တဲ့ Auvers-sur-Oise မြို့လေးဟာ ပါရီမြို့အနောက်မြောက်ဘက် ၃၃ ကီလိုမီတာ အကွာမှာတည်ရှိပြီး L’Oise မြစ်ကမ်းပေါ်မှ Auvers မြို့လို့ အမည်ရပါတယ်၊ Auvers ဆိုတဲ့မြို့အမည်နဲ့ ပြင်သစ်ပြည်မှာ ခြောက်မြို့ ရှိတယ်လို့ဆိုပါတယ်၊ ဗင်းဆင့်ဗန်ဂိုးနေခဲ့တဲ့ Auvers မြို့လေးကတော့ L'Oise မြစ်ကမ်း နဘေးမှာ တည်ရှိလို့ Auvers-sur-Oise မြို့လို့ခေါ်တွင်တာပါ၊ ဒီမြို့ကလေးကို ပါရီမြို့ကနေ ကားနဲ့ သွားရင်တော့ နာရီဝက်ခန့်သာ ကြာမှာပါ၊ ရထားနဲ့သွားရင် သွားလို့ရတဲ့ လမ်းကြောင်း သုံးလေးမျိုး ရှိပါတယ်၊ Auvers မြို့ကလေးဟာ ပါရီမေထရိုပိုလီတန်ရဲ့ ဇုံ ၅ မှာတည်ရှိပြီး ပါရီ Gare du Nord ဘူတာကြီးကနေ Pontoise သို့ဦးတည်သွားတဲ့ Transilien Ligne H ရထားကို စီးသွားပြီး ဂိတ်ဆုံး ဘူတာ Pontoise မှာဖြစ်ဖြစ် ဒုတိယ နောက်ဆုံးဘူတာ Saint-Ouen-l'Aumône ဘူတာမှာ ဖြစ်ဖြစ် Pontoise-Creil ရထားကိုပြောင်းစီးရပါမယ်၊ ဒုတိယနောက်ဆုံး Saint-Ouen-l'Aumône ဘူတာက ပြောင်းစီးမယ် ဆိုခဲ့ရင်တော့ လေးဘူတာမြောက်က ပန်းချီဆရာကြီး ဗန်ဂိုးရဲ့နောက်ဆုံးခြေရာများ ရှိရာ Auvers-sur-Oise ဘူတာဆီသို့ ရောက်ပါပြီ၊ ရထားစီးချိန် စုစုပေါင်း တနာရီကျော် ကြာမြင့်မှာ ဖြစ်ပြီး မောင်ရင်ငတေရဲ့ စိတ်ကြိုက်လမ်းကြောင်း ရွေးချယ်မှုသာဖြစ်ပြီး တခြား လမ်းကြောင်းတွေ ကိုလည်း ရွေးချယ်သွားရောက်နိုင်ကြောင်းပါ၊ ပါရီမြို့ပေါ်မှာ ရထားစီးကျင့်မရှိကြသေးသော သူများ အတွက် ဘယ်လမ်းကသွားသွား နည်းနည်းတော့ခက်မှာပါ၊ မောင်ရင်ငတေတို့တောင်မှ ဘယ်လမ်းကသွားရင် ပိုမြန်ပိုမှန်မလလို့ စဉ်းစားပြီးမှ သွားခဲ့ရတာပါ၊ ကိုယ်ပိုင်ကားရှိသူများအတွက် ကတော့ ရှင်းပါတယ်၊ လမ်းရှင်းကားရှင်းရင် နာရီဝက်ကျော်ကျော် မောင်းသွားရင် ရောက်ပါပြီ၊
ပါရီဆင်ခြေဖုန်းသွား ရထားလိုင်း Transilien Ligne H                                (Photo Google)
Auvers-sur-Oise သို့ မော်တော်ကားလမ်း ၃၂ ဒဿမ ၈ ကီလိုမီတာ              (Photo Google)
အိုဗဲလ်မြို့ကလေးဆီသို့ ဗန်ဂိုးမရောက်ရှိခင် ကာလကတည်းက (Post) Impressionnistes ပန်းချီ ဆရာကြီးများ ဖြစ်ကြတဲ့ Camille Corot (၁၇၉၆-၁၈၇၅) Charles-François Daubigny (၁၈၁၇-၁၈၇၈) Paul Cézanne (၁၈၃၉-၁၉၀၆) Camille Pissarro (၁၈၃၀-၁၉၀၃) စသူတို့တွေ ရောက်ရှိ နေထိုင်သွားခဲ့ကြတဲ့မြို့ပါ၊ သူတို့ဟာ ဗန်ဂိုးထက်အသက်ကြီးရင့်ကြသူများ ဖြစ်ကြပြီး ပြင်သစ်ပန်းချီ လောကမှာတော့ သူတို့နည်းသူတို့ဟန်နဲ့ နာမည်ကြီးခဲ့ကြသူများ ဖြစ်ကြပါသော်လည်း ကမ္ဘာပေါ်မှာ ဗန်ဂိုးလောက် လူသိများသူများ မဟုတ်ကြပါဘူး၊ ဗန်ဂိုးကိုအိုဗဲလ်မြို့ဆီသို့ ခေါ်ယူလိုက်သူကတော့ ပန်းချီအနုပညာကို ဝါသနာကြီးမားသူ ပန်းချီပညာရှင်များနှင့် ခင်မင်ရင်းနှီးသူ ပန်းချီကားချပ်များကို စုဆောင်းသိမ်းဆည်းသူ ဗန်ဂိုးအပါအဝင် ဒိုဘီညီ ပီဆာရို ရေနွား ဆေဇန်းနဲ့ အခြားပန်းချီ ပညာရှင် များကို ဆေးကုသပေးခဲ့ဖူးသူ ဆရာဝန်ကြီးဖြစ်သူ ပန်းချီဆရာ Paul-Ferdinand Gachet (၁၈၂၈-၁၉၀၉) ဖြစ်ပါတယ်၊ ဒေါက်တာဂါရှေးဟာ ဗန်ဂိုး ခံစားနေရတဲ့ စိတ်ဝေဒနာကို ကုသပေးဖို့ ခေါ်ယူ လိုက်ခြင်း ဖြစ်ပါသော်လည်း ဗန်ဂိုးဟာ အိုဗဲလ်မြို့ကလေးမှာ ပန်းချီကားများကိုသာ အပြင်းအထန် ရေးဆွဲနေရင်း အိုဗဲလ်မြို့မှာ သုံးလလောက်သာ ဆက်လက်ရှင်သန် နေထိုင်ခဲ့ရပါတယ်၊
Le Jardin de Daubigny                                                                  (ဓါတ်ပုံ မရငတ)
အိုဗဲလ်ဘူတာကနေ ထွက်လိုက်တာနဲ့ မောင်ရင်ငတေ တွေ့မြင် သတိပြုမိလိုက်တာကတော့ ဗန်ဂိုး နောက်ဆုံး ရေးဆွဲသွားခဲ့တဲ့  အိုဗဲလ်မြို့ဝန်းကျင်က ရှုခင်းပုံ ပန်ချီကား ပုံစံပွားများကို နံပတ်စဉ်တပ် စိုက်ထူထားတာကိုပါ၊ ပထမဦးစွာတွေ့ရှိရမှာကတော့ ဒိုဘီညီရဲ့ပန်းဥယျာဉ် ပန်းချီကားပါ၊ ဘူတာက ထွက်လိုက်တာနဲ့ ဘယ်ဘက်အခြမ်း ဗန်ဂိုးနေထိုင်သွားရာ မြို့လယ်သို့ သွားတဲ့လမ်းမှာ တွေ့ရမှာပါ၊ ဒီပန်းချီကားကို ဗန်ဂိုးဟာ သူမသေဆုံးမီ ရက်ပိုင်းအလို ၁၈၉၀ ခုနှစ် ဂျူလိုင်လဆန်းပိုင်းမှာ ရေးဆွဲ ခဲ့တယ်လို့ ယူဆကြပါတယ်၊ နောက်ထပ် ဆယ်မိနစ်ကျော် ဆက်လက်ပြီး လျှောက်သွားခဲ့ရင်တော့ အိုဗဲလ်မြို့လယ်လို့ ဆိုရမယ့် မြို့တော်ဝန် ရုံးစိုက်ရာ Hôtel de ville မြို့တော်ခန်းမ တည်နေရာကို ရောက်ပါပြီ၊ အဲဒီနေရာမှာ ဗန်ဂိုးရဲ့ ဘဝသက်တမ်း နောက်ဆုံးရက်များ (ရက်ပေါင်း ၇၀ ကျော်ခန့် တချို့ကလည်း သုံးလခန့်လို့ ဆိုကြပါတယ်) ဖြတ်သန်းခဲ့တာပါ၊ ရက်ပေါင်း ၇၀ ကျော်အတွင်းမှာဘဲ ပန်းချီကားချပ်ပေါင်း ၇၀ ကျော် ရေးဆွဲသွားခဲ့တယ်လို့ အဆိုရှိပါတယ်၊
ဗန်ဂိုးရေးဆွဲခဲ့တဲ့  မြို့တော်ခန်းမပန်းချီကား La mairie d'Auvers sur Oise (Le 14 juillet 1890) (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေ အနှစ်သက်ခဲ့ဆုံး ပန်းချီကား နောက်တချပ်ကတော့ ဗန်ဂိုး နောက်ဆုံး နေထိုင်ခဲ့ရာ အိမ်ခန်းလေးရဲ့ မျက်နှာချင်းဆိုင်ရှိ မြို့တော်ခန်းမ ရင်ပြင်ရှေ့မှာ စိုက်ထူထားတဲ့ အဆောက်အဦးရဲ့ ပုံစံတူ ပန်းချီကားပါ၊ အဲဒီ မြို့တော်ခန်းမပုံ ပန်းချီကားက ထူးထူးခြားခြား ဘာမှ မဟုတ်လှပါပေမယ့် ဗန်ဂိုး တယောက် သူ့နောက်ဆုံးအချိန်မှာ သူ့ရဲ့မျက်စိရှေ့မှာ တွေ့သမျှကို ရေးဆွဲနေရင်း သူငယ်စဉ် မွေးစ ခလေးဘဝ သူ့အိမ်ရှေ့မှာ နေ့တဒူဝ တွေ့မြင်နေခဲ့ရတဲ့ ပုံစံ ခပ်ဆင်ဆင် မြို့တော်ခန်းမကိုများ ပြန်မြင်ယောင်ရင်းနဲ့ ရေးဆွဲခဲ့လေသလား ဆိုတာကို တွေးမိရတာပါ၊ ဘာဖြစ်လို့များ မောင်ရင်ငတေ တွေးမိရသလဲဆိုတော့ ဒီနေရာမှာ ထူးထူးခြားခြား တိုက်ဆိုင်မှုတခုအဖြစ် တွေ့ရှိမှတ်သားမိရတာက ဗန်ဂိုးမွေးဖွားခဲ့ရာ Zundert မြို့ကလေးက အိမ်ရှေ့မှာကလည်း မြို့တော်ခန်းမ တည်ရှိနေတာပါဘဲ၊ မောင်ရင်ငတေကိုယ်တိုင်လည်း ကိုယ်မွေးဖွားခဲ့ရာ နေထိုင်ခဲ့ရာ နေရာတွေရဲ့ အဝေးရပ်တနေရာမှာ နေနေရတာဆိုတော့ကာ ကိုယ်ဖြတ်သန်းခဲ့ဖူးတာလေးတွေကို ရောက်လေရာအရပ်မှာ ခပ်ဆင်ဆင် တူနေတာများ တွေ့မိရရင် လွမ်းမောနေမိရမြဲ မဟုတ်ပါလား၊ ဗန်ဂိုးက ဒီပန်းချီကားကို 14 juillet 1890 ရက်နေ့မှာကျရောက်တဲ့ နှစ်တရာပြည့် Bastille Day ဘာစတီးထောင် ပျက်တဲ့နေ့ သို့မဟုတ် Fête de la Fédération သို့မဟုတ် Fête nationale française အမျိုးသားနေ့အထိမ်းအမှတ်ဆိုပြီး ရေးဆွဲခဲ့တာဖြစ်တယ်လို့လည်း ဆိုကြပါတယ်၊
ယနေ့တွေ့မြင်ရတဲ့ ဗန်ဂိုးပန်းချီကားထဲက မြို့တော်ခန်းမ La mairie d'Auvers sur Oise (ဓါတ်ပုံ မရငတ)
ဗန်ဂိုး အသက် ၃၇ နှစ်အရွယ် ၁၈၉၀ နှစ်မှာ ပြင်သစ်နိုင်ငံ Auvers-sur-Oise မြို့လေးမှာ ချို့တဲ့စွာ နေထိုင်ခဲ့ရင်း နောက်ဆုံးတော့ သူ့ကိုယ်ကိုသူ လုပ်ကြံသတ်သေသွားတယ်လို့ ယူဆကြပါတယ်၊ ပန်းချီဆရာကြီး ဗန်ဂိုးဟာ သူ့ဘဝရဲ့ နောက်ဆုံးငါးနှစ် ကာလကို ပြင်သစ်နိုင်ငံမှာ ဖြတ်သန်း သွားခဲ့ တာပါ၊ ပါရီမြို့ပေါ်မှာနဲ့ ပြင်သစ်ပြည်တောင်ပိုင်းမှာ ဆေးသွားကုရင်း နေထိုင်ခဲ့ပြီး ပန်းချီဆရာကြီးရဲ့ ဘဝ နောက်ဆုံး သုံးလကိုတော့ အဲဒီ Auvers-sur-Oise မြို့ကလေးက မြို့တော်ခန်းမ အရှေ့ရှိ Auberge Ravoux စားသောက်ဆိုင်ရဲ့ အပေါ်ထပ်က အခန်းလွတ် တခန်းမှာ (အခန်းအမှတ် ၅ လို့ ပြောကြပါတယ်) ခေတ္တတည်းခိုနေထိုင် ဆေးကုသရင်း ပန်းချီကားများကို ရေးဆွဲနေရင်း ကွယ်လွန်ခဲ့ပါတယ်၊ အဲဒီ ဗန်ဂိုး မွေးရပ်မြို့နဲ့ ဗန်ဂိုးကွယ်လွန်ခဲ့ရာမြို့ မြို့နှစ်မြို့ရဲ့ မြို့တော်ခန်းမရှေ့မှာ ဗန်ဂိုးနေခဲ့တာဖြစ်ပြီး မြို့တော်ခန်းမ နှစ်ခုကလည်း ပုံစံခပ်တူတူ ဖြစ်နေတာက ထူးခြားတိုက်ဆိုင်မှုတခုလို့ မောင်ရင်ငတေ ဆိုလိုတာပါ၊
နယ်သာလန် Zundert မြို့လေးမှ မြို့တော်ခန်းမ                                    (ဓါတ်ပုံ မရငတ) ဗင်းဆင့် ဝီလျှံ ဗန်ဂိုးကို နယ်သာလန်ရဲ့ ဘယ်လ်ဂျီယံ နယ်စပ်စည်း အနားက Zundert မြို့လေးက အဲဒီမြို့တော်ခန်းမ မျက်နှာချင်းဆိုင်မှာ ၁၈၅၃ ခုနှစ်က မွေးဖွားခဲ့တာပါ၊ ဒီမြို့တော်ခန်းမ ပုံတူပန်းချီ ကိုတော့ ဗန်ဂိုး ဆွဲခဲ့လား မဆွဲခဲ့လားနဲ့ ထွက်ခွာလာပြီး တခေါက်တခါမှ ပြန်ရောက်ခဲ့ပါသေးရဲ့လား ဆိုတာ မသိပါဘူး၊ မောင်ရင်ငတေကတော့ အဲဒီ နေရာတွေကို အရောက်သွားခဲ့ပြီး နောက်မှာတော့ ဗန်းဂိုးရဲ့ အနုပညာ ဖန်တီးမှုများကို သေချာ နားမလည်သော်ညားလည်း ဗန်ဂိုးအကြောင်းကို ပိုမိုပြီး စိတ်ဝင်စားပြီး ရောက်တတ်ရာရာတွေထဲမှာ အတိုအစအဖြစ် ရေးချင်စရာတွေချည်း ဖြစ်ခဲ့ရတာပါ၊ သူနေခဲ့သမျှ နေရာတွေကို နောက်ထပ်ရောက်ဖြစ်ခဲ့ရင်လည်း ရေးချင်စရာတွေက ပေါ်လာအုံးမှာပါ၊ ဘာသာစကား ပေါင်းများစွာ တင်ပြပုံနည်းမျိုး စုံလင်စွာနဲ့ ပညာရှင်များရော မောင်ရင်ငတေတို့လို ပညာမရှင်များရော ရေးသားတင်ပြ ထားတာတွေကို ဒီကနေ့ခေတ် ကွန်ပြူတာ အင်တာနက်ပေါ်မှာ ဗန်ဂိုးအကြောင်းကို အလွယ်နဲ့ ရှာဖွေတွေ့ရှိနိုင်ပါတယ်၊ မောင်ရင်ငတေကျွမ်းကျင်တဲ့ ဗမာစာနဲ့တော့ ဝမ်းနည်းဖွယ် ကောင်းလှအောင် အတွေ့ရ နည်းပါးနေတာမို့ တတ်သမျှ ရေးသားနေရတာပါ၊ နောင် များဆိုရင်တော့ ပညာရှင်ကြီးများရဲ့ ရေးသားမှုတွေလည်း တွေ့ရှိလာနိုင်ဖို့ ဆုတောင်းမိရပါတယ်၊
ဗန်ဂိုးနောက်ဆုံးနေထိုင်ခဲ့ရာ Auberge Ravoux စားသောက်ဆိုင်                 (ဓါတ်ပုံ မရငတ)
၁၈၇၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အခုထိတိုင်အောင် တည်ရှိနေဆဲ အဲဒီ စားသောက်ဆိုင်လေးဟာ ဗန်ဂိုး နေထိုင်ခဲ့တဲ့ နောက်ဆုံးနေရာ ဖြစ်ခဲ့တာကို အကြောင်းပြုပြီးတော့ ပြင်သစ်ပြည်ရဲ့ သမိုင်းဝင် အဆောက်အဦး စာရင်းထဲမှာ ၁၉၈၅ ခုနှစ်ကစတင်ပြီး ပါဝင်လာခဲ့တာပါ၊ ဗန်ဂိုးဟာ သူရဲ့သက်တမ်း ၃၇ နှစ် ကာလအတွင်းမှာ ရွှေ့ပြောင်းနေထိုင်ခဲ့ရာ နယ်သာလန် ဘယ်လ်ဂျီယံ အင်္ဂလန်နဲ့ ပြင်သစ် လေးနိုင်ငံမှာ နေရာလိပ်စာပေါင်း ၃၀ ကျော်ရှိခဲ့တဲ့အထဲက အဲဒီ စားသောက်ဆိုင် အပေါ်ဆုံးထပ်က အခန်းက တခုတည်းသော ဧည့်ပရိသတ်တွေ ဝင်ရောက်လည်ပတ် ကြည့်ရှုလို့ရတဲ့ နေရာပါ၊ ၁၉၉၃ ခုနှစ်နောက်ပိုင်း မှတ်တမ်းများအရ ဒီနေရာကို ရောက်ရှိလေ့လာခဲ့သူဦးရေ တသန်းကျော်သာရှိခဲ့ပြီး အိမ်ရှေ့လမ်းမက ဖြတ်သန်း ဓါတ်ပုံရိုက်သွားခဲ့သူ အရေအတွက်ကတော့ ဘယ်လောက်ရှိလိမ့်မယ် မသိနိုင်ပါဘူး၊ အိုဗဲလ်မြို့ကိုတော့ တနှစ်ကို ဧည့်သည် နှစ်သန်းကျော် ရောက်လာလေ့ ရှိပါတယ်တဲ့၊ အဲဒီ ဗန်ဂိုးထိုင်စားခဲ့ဖူးတဲ့ စားသောက်ဆိုင်က ခရီးသွားရာသီချိန်မှာ စားသုံးသူတွေနဲ့ စည်ကားလေ့ ရှိပြီး မောင်ရင်ငတေတို့ကတော့ ထုံးတမ်းစဉ်လာအတိုင်း မြို့တော်ခန်းမရှေ့ ပက်လက်ဖောင်းမှာ ထိုင်ရင်း ကြိုတင်စီစဉ်လာတဲ့ ဘီယာဗူး ရေဗူး ဖွင့်သောက် အာလူးကြော်လေးဝါးလို့ ဗန်ဂိုးနေခဲ့ရာ ခေါင်မိုးထပ်က ကဲလားတံခါးလေးများ ဗြန်းဆို ပွင့်လို့လာလေမလား ကြည့်ရင်းတွေးရင်းပေါ့၊ လူရှင်း ကားရှင်းတဲ့ အချိန်ကာလဖြစ်လို့ ပလက်ဖောင်း ထိုင်ပြီး ငေးလို့ရတာပါ၊ ဒီလို အေးအေးဆေးဆေးနဲ့ ငေးရတဲ့ အရသာကလည်း ပါရီမြို့လို နေရာတွေမှာ ရခဲတယ် မဟုတ်ပါလား၊
La chambre de Van Gogh à l'Auberge Ravoux                              (Photo by email)
ဗင်းဆင့်ဗန်ဂိုးရဲ့ နောက်ဆုံးနေ့ရက်များမှာ နေထိုင်သွားခဲ့သော တနေ့ကို ၃ ဖရန့် ခွဲ (ယူရို ငါးမူး) ပေးရတဲ့ ၇ မီတာစကွဲယားသာ ကျယ်တဲ့ လှေခါးခွင်ထိပ်က အခန်းကျဉ်းလေးပါ၊ ယခုအခါမှာတော့ မူလအတိုင်း ထိန်းသိမ်းထားရှိပြီး ပြတိုက်လုပ်ထားပါတယ်၊ ဓါတ်ပုံရိုက်ခွင့် မပေးပေမယ့် အီးမေးလ် ကနေတဆင့် ပို့ပေးလို့ အများအတွက် ရှယ်လိုက်နိုင်ပါတယ်၊ ဒီအခန်းလေးကို ကြည့်ရှုလေ့လာဖို့ကို ဒီကနေ့ အခါမှာတော့ လူတယောက် ခြောက်ယူရိုပေးမှ ကြည့်ရှု့ခွင့်ရနိုင်ပါတယ်၊ ဗန်းဂိုးညီ သီအိုရဲ့ ထောက်ပံ့မှုနဲ့ ငှားနေခဲ့တဲ့ အဲဒီ ခေါင်မိုးအထပ်ကို ဗန်ဂိုး အသက်ထင်ရှား ရှိစဉ်ကအတိုင်း မပြုမပြင် ထိမ်းသိမ်း စောင့်ရှောက် ထားတာပါ၊ ဗန်ဂိုးသေဆုံးပြီး နောက်ပိုင်းမှာတော့ ဒီအခန်းကို ဘယ်သူမှ ဆက်လက်ငှားရမ်းခဲ့ခြင်း မရှိတော့ပါဘူးလို့ ဆိုပါတယ်၊ အခန်း စုစုပေါင်း ၇ ခန်းရှိပြီး အခြားအခန်း တွေကို ငှားနေသူများကလည်း ဗန်ဂိုးလို ပန်းချီအနုပညာသမား အများစုပါဘဲ၊ အဲဒီလှေကားဦးထိပ် အခန်းလေးမှာ ဗန်ဂိုးနေထိုင်ခဲ့စဉ်က ပန်းချီရေးဆွဲခွင့် မရှိခဲ့လို့များလားတော့ မသိပါဘူး၊ အခုလည်း နံရံကျဉ်းကျဉ်းမှာ ဘာပန်းချီကား တချပ်တလေမှ ချိတ်ဆွဲပြသ ထားခြင်းကို မတွေ့ရှိရပါဘူး၊ ဗန်ဂိုးနဲ့ ပတ်သက်တဲ့ အခန်းနှစ်ခုကို လိုက်လံပြတဲ့ အခါမှာ ပန်းချီနဲ့ ပတ်သက်တာဆိုလို့  ဘာတခုမှ မရှိပေ သော်လည်း ပထမထပ် အရောင်းပြခန်းကနေ အပေါ်ထပ်ခိုးကို တက်ရာ လှေခါးကိုက လွန်ခဲ့တဲ့နှစ် တရာကျော်ကာလကို ပြန်ရောက်သွားသလိုပါ၊ အမှန်တကယ် ဗန်ဂိုးခေတ်ကအတိုင်း ဟုတ်နိုင်မယ် မထင်မိရပေမယ့် အတော်တော့တူအောင် ဖန်တီးထားတာကို ချီးကျူးရမှာပါ၊ ရုပ်ရှင်ဆက်တင်ထက် သာတဲ့ အနေအထားကို တွေ့ရှိလိုက်ရတာပါ၊ မောင်ရင်ငတေ အပိုပြောတယ် ထင်ရင်တော့ ရှန်ဂန် ဗီဇာရှိသူများ ရောက်အောင် သွားလို့သာ ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်၊ ဘာဆိုဘာ တခုမှ ထူးခြားတာမရှိတဲ့ အခန်းနှစ်ခန်းရယ် ဗန်ဂိုးအကြောင်း ဗွီဒီယို ဆလိုက်ထိုးပြသတဲ့ အခန်းရယ်ကို လိုက်လံရှင်းလင်း ပြသတာကို ခြောက်ယူရို ပေးရတာပါ၊ ဒါပေမယ့်လည်း မောင်ရင်ငတေကတော့ ဘာမှမရှိတာကို ကြည့်လို့မဝနိုင်ပါဘဲ ပြန်ဆင်းလာပြန်တော့လည်း ဒီလို ထူးခြားတဲ့ လူတယောက် အကြောင်းကို တဝဲလည်လည်နဲ့ စဉ်းစားနေမိရတာ အခုထိတိုင် အမျှင်မပြတ်နိုင်အောင်ပါ၊
L'église d'Auvers sur Oise – 1890                                                 (ဓါတ်ပုံ မရငတ)
အိုဗဲလ်ရဲ့ ဝန်းကျင်တဝိုက်မှာ နောက်ထပ် သတိထားမိရတဲ့ ပန်းချီကားကတော့ ဘုရားကျောင်းပုံတူ ပန်းချီကားပါ၊ ဘုရားကျောင်းရဲ့ မျက်နှာစာမှာတော့ ပန်းချီကားထဲကလို ဂျုံခင်းတွေစိုက်ပျိုးထားတာ မတွေ့ရှိရတော့ပေမယ့် ဘုရားကျောင်းလွန်ပြီး ဆယ်မိနစ်ခန့် ဆက်လျှောက်သွားတဲ့ အခါမှာ လူနေ အိမ်ခြေတွေ မရှိတော့ဘဲ ဂျုံခင်းတွေ စိုက်ခင်းတွေ ပျိုးခင်းတွေကြားက ဖြတ်လျှောက်သွားခဲ့ရတာပါ၊  အဲဒီကနေ လှမ်းလို့ တွေ့မြင်ရမှာကတော့ ဒီကနေ့ ဗန်ဂိုးနေထိုင်ရာ နေရာပါ၊ အလွန်သာယာလှပတဲ့ ဝန်းကျင်တခုပါ၊ မောင်ရင်ငတေ ရောက်ရှိသွားခဲ့တဲ့ နေ့ကလည်း ရာသီဥတုက သာသာယာယာနဲ့ မိုးကောင်းကင် ကလည်းကြည်လင် နေကလည်း မပူတပူဆိုတော့ အချိန်တွေလည်း ကုန်လို့ကုန်မှန်း မသိနိုင်ပါဘူး၊  ပန်းချီဆရာ ဗန်ဂိုးရဲ့ နောက်ဆုံး အိမ်လိပ်စာ တည်ရှိရာ နေရာကလည်း  ပန်းချီကား တချပ်လိုပါ၊ အဲဒါကြောင့်လည်း ဗန်ဂိုး အပါအဝင် ဗန်ဂိုးထက် ရှေးပိုကျသူ ပန်းချီဆရာများ ခေတ်က စလို့ ဒီကနေ့ခေတ်ထိတိုင်အောင် ဒီနေရာကို ပန်းချီဆရာများ အပါအဝင် ခံစားတတ်သူများ ရောက် ရောက်လာကြတာ ဖြစ်လိမ့်မယ်ထင်ပါတယ်၊ ဗန်ဂိုးဟာ ကိုယ့်ကိုယ်ကို သတ်သေခဲ့တာလား သူများ သတ်လို့ဘဲ သေခဲ့တာလား ဆိုတာကို ငြင်းကြခုံကြ သက်သေပြဖို့ စာအုပ်တွေ စာတမ်းတွေ ရေးကြ တာအများကြီးပါ၊ ဘယ်လိုဘဲဖြစ်ဖြစ် ဗန်ဂိုးဟာ သူ့ဘဝတလျှောက် အထူးသဖြင့် ပန်းချီကားတွေကို ရေးဆွဲခဲ့တဲ့ ဆယ်နှစ်တာကာလအတွင်းမှာ လုပ်သွားခဲ့တာတွေက ငွေကြေးအတွက် မပါဝင်ခဲ့သလို သူ စိတ်ကူးတည့်ရာ အေးချမ်းရာတွေကိုသာ စူးစူးနစ်နစ် ရှာဖွေလုပ်ကိုင်ခဲ့သူ တဦးသာဖြစ်ပြီး အခု သူလဲလျောင်းအိပ်စက်ရာ နေရာကလည်း အလွန်တရာ အေးချမ်းလှတဲ့ နေရာတခု ဆိုတာကတော့ အသေအချာပါ၊
ဗန်ဂိုးရဲ့ နောက်ဆုံးအိမ်ဆီသို့                                                              (ဓါတ်ပုံ မရငတ)
ဒီနေရာမှာ မောင်ရင်ငတေ ထည့်ရေးချင်တာက မကြာခင် ရက်ပိုင်းကမှ မောင်ရင်ငတေနဲ့ ပါရီမှာ ခေတ္တခဏ တွေ့ဆုံခွင့်ရခဲ့တဲ့ ဒဂုံတက္ကသိုလ်က ပါမောက္ခ ကဗျာဆရာကြီး ဆရာ ဆန်းထွန်းသောင် အင်မတန်မှ နှစ်သက်လှပါတယ်လို့ ဆိုတဲ့ (Le Petit Prince: Il faut chercher avec le cœur) မင်းသားလေးရဲ့ “အသည်းနှလုံး ခံစားမှုများနဲ့သာ အရာရာကို ရှာဖွေပါ၊ စကားလိုသာ ဗန်ဂိုး တယောက်လည်း အရာရာ များစွာ အတွက် အသည်းနှလုံးကို များစွာ အရင်းပြုပြီး ရှာဖွေသွားခဲ့ တယ်လို့သာ မောင်ရင်ငတေ ကွန့်ညွန့်ခံစား မိလိုက်ရပါတယ်၊
၂၀၁၅ ခုနှစ် ဂျူလိုင်လ ၂၉ ရက်နေ့မှာ ကျရောက်မယ့် ဗန်ဂိုးကွယ်လွန်ခဲ့ခြင်း ၁၂၅ နှစ်ပြည့်ပွဲကို ကျင့်ပကြဖို့ အခုကတည်းက ဗန်ဂိုးချစ်သူများနဲ့ အိုဗဲလ်မြို့သူမြို့သားများ ပြင်ဆင်နေကြကြောင်း တင်ပြရင်း ဗန်းဂိုးရဲ့ နောက်ဆုံး ခြေရာလက်ရာများ ရှိရာသို့ မောင်ရင်ငတေ ရောက်ရှိသွားခဲ့တာကို နိဂုံးချုပ် တခန်းရပ်နား လိုက်ရပါတယ် ခင်ဗျား၊
ဗန်ဂိုးရဲ့ နောက်ဆုံးအိမ်                                                                   (ဓါတ်ပုံ မရငတ)
အေးအေးချမ်းချမ်းနဲ့ တိတ်တိတ်ဆိတ်ဆိတ် လည်ချင်ပတ်ချင် လေ့လာချင်သူများအတွက် အလွန် တရာ ကောင်းမွန် သင့်မြတ်လှတဲ့ စနေ တနင်္ဂနွေ ရုံးပိတ်ရက် ကျောင်းပိတ်ရက် “ ပါရီ နေ့ချင်းပြန် ခရီးစဉ် အမှတ်နှစ် ” အဖြစ် ရေးသားတင်ပြ လိုက်ရပါတယ်၊
မောင်ရင်ငတေ ၀၇၀၄၂၀၁၄
http://moemaka.com/archives/36804       ဧပြီ ၈၊ ၂၀၁၄
Aucun commentaire:
Enregistrer un commentaire
** * တခါကနေ့ရက်များ (၃) ** *
Google+ Badge
Google+ Followers