Archives du blog
Libellés
mardi 31 mars 2015
ပါရီပုံရိပ်များ ** ကမ္ဘာတလွှားအီဖယ်များ (နှစ်)
ပါရီပုံရိပ်များ **  ကမ္ဘာတလွှားအီဖယ်များ (နှစ်)
 126e anniversaire de l'ouverture de la tour Eiffel  
၃၁ ရက် မတ်လ ၁၈၈၉ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ နာမည်ကျော် အီဖယ်မျှော်စင်ကြီးရဲ့ ၁၂၆ နှစ် ပြည့် ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရ မတ်လ ၃၁ ရက်နေ့  ၂၀၁၅ ခုနှစ် . . .... . . . . . .. . . . .... . ...
၁၂၄ နှစ်အရွယ် နုပျိုနေဆဲ ပါရီအီဖယ်ရဲ့ သြဂတ်စ်ညတညအလှ (၂၀၁၃)       (ဓါတ်ပုံ မရငတ)
ကမ္ဘာတလွှားမှာရှိတဲ့ အီဖယ်မျှော်စင်ပုံစံတူ မူပွားတွေရှိရာဒေသတွေအကြောင်းကို အရင်တပတ်က ရေးဖြစ်ခဲ့ပါတယ်၊ အဲဒီပထမပိုင်းမှာ (တစ်) အမေရိကန်နဲ့ ကနေဒါနယ်စပ် Michigan မှာရှိတဲ့ Paris မြို့လေးက မျှော်စင်အသေးလေး၊ (နှစ်) ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ရှိ København Zoo tårn မျှော်စင်၊ (သုံး) တရုတ်ပြည် ဟောင်ကောင်မြို့အနီး Shenzhen မြို့က ပါရီနဲ့ပုံစံတူမျှော်စင်၊ (လေး) တရုတ်ပြည် ရှန်ဟဲမြို့နဲ့ ကီလိုမီတာ ၂၀၀ အကွာမှာရှိတဲ့ Hangzhou မြို့ ပါရီရပ်ကွက်က မျှော်စင်၊ (ငါး) အင်္ဂလန်နိုင်ငံ Blackpool မြို့က Blackpool Tower စတဲ့ ပါရီအီဖယ် ဆောက်လုပ်ပြီးကာလ နောက်ပိုင်းမှာ ပုံစံတူလိုက်ပြီး ဆောက်ခဲ့ကြတာတွေကို ရေးခဲ့ပါတယ်၊ စုစုပေါင်း အီဖယ် ပုံစံတူတွေ အခုပေါင်း သုံးဆယ်ကျော်ရှိတယ်လို့ ဆိုပါတယ်၊ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ  တရုတ်ပြည်ကဲ့သို့ ဖွင့်ဖြိုးတိုးတက်လာတဲ့ ဒေသတွေမှာ ကမ္ဘာ့အထင်ကရ အဆောက်အဦ ပုံစံတူတွေကို အားကျမခံ အပြိုင်းအရိုင်း သူထက်ငါ တည်ဆောက်လာကြတာက မြို့ပြဖွင့်ဖြိုးရေးနဲ့အတူ ကပ်ပါလာတဲ့ ရောဂါ တမျိုးလို ဖြစ်နေတာပါ၊ သက်ဆိုင်ရာ တာဝန်ကျ မြို့တော်ဝန် ဖြစ်လာတဲ့ သူတွေကလည်း လုပ်စရာ ရှာမရတော့ ကြံဖန်လုပ်ကြရသလိုတောင် ဖြစ်နေပါပြီ၊ အီဖယ်မျှော်စင်ကို တုပပြီး ဘာကြောင့်များ အခုလို မူပွားတွေ တည်ဆောက်ကြလဲဆိုတာကို ထိုတည်ဆောက်ကြသူများ ဘယ်လိုရှင်းပြကြမလဲ
ဆိုတာ မောင်ရင်ငတေ သေချာမသိနိုင်ပေမဲ့ မောင်ရင်ငတေရဲ့ ကိုယ်တွေ့အရရယ် လေ့လာကြည့်မိ သလောက်ရယ် ပြောချင်ပါတယ်၊ မောင်ရင်ငတေ ပါရီမြို့တော်ကို ခြေချခဲ့ပြီးနောက် အီဖယ်မျှော်စင် အောက်သို့သွားမယ်ဆိုခဲ့ရင် မငြင်းစတမ်း လိုက်ဖြစ်ခဲ့ပါတယ်၊ အလည်လာရောက်သူတွေကိုလည်း ကြိမ်ဖန်များစွာ လိုက်ပို့ခဲ့ဖူးပါတယ်၊ အဲလိုမျိုး ပထမဦးဆုံး အကြိမ် အီဖယ်ရဲ့အောက် ရောက်ဖူးခဲ့တဲ့ အခါကရော ဒီကနေ့အထိ ရောက်ခဲ့တဲ့ အကြိမ်တိုင်းမှာ အီဖယ်အောက် မြက်ခင်းပြင်ကနေ အမြဲလို မော့ကြည့်ဖြစ်ပါတယ်၊ ကောင်းကင်အဆုံး ထိုးထွက်နေသယောင် ထင်မြင်ရတဲ့ နီညိုရောင် သံမဏိ ချောင်းတွေနဲ့ ရာဇမတ်ကွက်လို့ ခေါ်ရမလား မှန်ကူကွက်လို့ ခေါ်ရမလား ယက်ဖောက်ထားတဲ့ အဲဒီ မျှော်စင်ကြီးရဲ့ လှပခံညားမှုဟာ ဘယ် အဆောက်အဦးနဲ့မှ မတူပါဘူး၊ နောက်တချက်က ကမ္ဘာ့မှာ ရှေးအကျဆုံး မျှော်စင်တခုဖြစ်ပြီး အမြင့်ဆုံးမျှော်စင် စာရင်းထဲမှာလည်း ပါဝင်ပါတယ်၊ နောက်ပြီး တချိန်တည်း တပြိုင်နက်တည်းမှာ လူလေးထောင်ကျော် တက်ရောက်နိုင်တဲ့ ဒီလိုမျှော်စင်ကြီးမျိုးက တခြားသော အရပ်ဒေသများမှာ ရှိမယ် မထင်ပါဘူး၊ အဲဒီလို လှပခံ့ညားမှု ဗိသုကာပညာ မြင့်မားမှု ခိုင်ခံ့မှု ရှေးဟောင်းတန်ဖိုး ကြီးမားမှုတွေနဲ့ ပြည့်စုံနေတာပါ၊ အဲဒါကြောင့်လည်း နာမည် ကျော်ကြား လူကြိုက်များနေတာ ဖြစ်မယ် ထင်မိကြောင်းပါ ခင်ဗျာ၊
ညမီးရောင်နဲ့ ပရာဟာအီဖယ် Petřín Tower            (ဓါတ်ပုံ မရငတ)
ဒုတိယပိုင်းအနေနဲ့ အရင်တလောတုန်းက ချက်နိုင်ငံပရာဟာမြို့အကြောင်း ရေးခဲ့စဉ်က ထည့်သွင်း ရေးခဲ့တဲ့ ချက်အီဖယ်ကို ပြန်ပွားပြီးရေးလိုက်ပါတယ်၊ ကမ္ဘာအရပ်ရပ်မှာ ပါရီက အီဖယ်မျှော်စင်ပုံစံနဲ့ ခပ်ဆင်ဆင်တူအောင် တည်ဆောက်ခဲ့ကြတဲ့ မူပွားမျှော်စင် စုစုပေါင်း သုံးဆယ်ကျော်ရှိတဲ့ အထဲက တခု ဖြစ်တဲ့ Petřínská rozhledna ခေါ် Petřín Tower ကို ၁၈၈၉ ခုနှစ် ပါရီအီဖယ်ဖွင့်ပွဲမှာ လာပြီး  လေ့လာကြည့်ရှုသွားခဲ့တဲ့ ချက်တိုးရစ်ကလပ် တခုကနေ ဦးစီးဦးဆောင်ပြုပြီး ၁၈၉၁ ခုနှစ်မှာ စတင် ဆောက်လုပ်ခဲ့ကြတာပါ၊ အမြင့် ၆၃ မီတာခွဲရှိတဲ့ ဒီမျှော်စင်ကို တည်ဆောက်ချိန် လေးလကျော်သာ ကြာမြင့်ခဲ့ပါတယ်၊ အဲဒီ ပရာဟာအီဖယ် တည်ရှိရာ Petřín hill တောင်က ပင်လယ်ရေမျက်နှာထက် အမြင့်မီတာ ၃၂၄ မီတာ မြင့်တယ်လို့ ဆိုကြတဲ့အတွက် ပါရီအီဖယ်ရဲ့ အမြင့်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ထူးထူးခြားခြား သွားတူ နေပါတယ်၊
တိုကျိုအီဖယ် Tokyo Tower
တိုကျိုသားတွေ သူတို့မြို့ကိုသူတို့ ဂုဏ်ယူကြတဲ့ အထဲမှာ တိုကျိုအီဖယ်လည်း ပါပါတယ်တဲ့၊ တချို့ တိုကျိုသူ တိုကျိုသားတွေကတော့ လက်ခံချင်မှ လက်ခံနိုင်မှာပါ၊ ပါရီအီဖယ် တည်ဆောက်ခဲ့ပြီးလို့ နောက်ထပ်နှစ်ပေါင်း ၇၀ ခန့်အကြာ ၁၉၅၈ မှာမှ တိုကျိုအီဖယ်ကို တည်ဆောက်ခဲ့တာပါ၊ အမြင့်ပေ ၁၀၉၃ ပေရှိပြီး ပါရီအီဖယ်ထက် ပေနှစ်ဆယ်ကျော် ပိုမို မြင့်မားပါတယ်၊ တည်ဆောက်ထားတဲ့ ပုံစံ ကတော့ အတော်ဆင်တူတာတွေ့ရှိရပြီး မီတာ ၂၅၀ အမြင့် ဒုတိယထပ်ထိ တက်ရောက်လေ့လာလို့ ရပါတယ်၊ တနှစ်ကို တက်ရောက်လေ့လာသူ သုံးသန်းခန့်ရှိပြီး စုစုပေါင်း လူဦးရေ သန်း ၁၅၀ ကျော် ရောက်ရှိလေ့လာပြီးခဲ့ပါပြီ၊ ပါရီအီဖယ်ကိုတော့ ၂၀၁၂ ခုနှစ်က ခရီးသွားဧည့်သည်ပေါင်း ၈ သန်းခန့်
လာရောက် လေ့လာခဲ့ပါတယ်၊ ထူးခြားတာကတော့ ဦးဆောင်တည်ဆောက်သူ ဗိသုကာပညာရှင် မြေငလျှင်ဒဏ်ခံ အဆောက်အဦ ဒီဇိုင်းပညာရှင်ကြီး အင်ဂျင်နီယာ Tachū Naitō (၁၈၈၆-၁၉၇၀) က အမေရိကန်ပြန် တဦးပါ၊ ပြင်သစ်ပြည်ကို ရောက်ဖူးခဲ့တယ်လို့ မှတ်တမ်းများမှာ မတွေ့ရှိရပါဘူး၊
အင်ဂျင်နီယာ Tachū Naitō အဓိက အားသန်တဲ့ မြေငလျှင်လှုပ်ခြင်းက ပါရီမြို့မှာ တခါဖူးမျှ မလှုပ် ဖူးဘူးတော့ကာ သူ့အနေနဲ့ ပါရီရဲ့ အီဖယ်ကို လေ့လာဖို့ စိတ်ဝင်စားခဲ့ဟန် မတူပါဘူး၊
Adolf Hitler in Paris June 23, 1940, accompanied by Albert Speer, Hitler’s chief architect, left, and Arno Breker, Hitler’s favorite sculptor, right.
ပါရီအီဖယ်ကို စိတ်ဝင်စားခဲ့သူ တဦးကတော့ နာဇီဂျာမဏီရဲ့ အဓိပတိကြီးဖြစ်သူ ဟစ်တလာပါ၊
ပါရီမြို့ တည်ရာနေရာက သဘာဝရဲ့ဘေးဒဏ်တွေ ရန်သူမျိုးငါးပါးရဲ့ ရန်တွေက တော်တော်ကြီးကို ကင်းဝေးရာနေရာဖြစ်ပါတယ်၊ မောင်ရင်ငတေ ကြားဖူးသလောက်တော့ ပါရီမြို့တဝိုက်မှာ လေဘေး ရေဘေးမီးဘေးမင်းဘေး ကင်းဝေးတဲ့အပြင် မြေငလျှင်ရဲ့ ဘေးရန်ကိုလည်း ကြီးကြီးမားမား မခံစား ဖူးပါဘူး၊ ကမ္ဘာကျော် နာဇီ ဟစ်တလာ (၁၈၈၉-၁၉၄၅) ခေတ်ကောင်းစဉ်ကတောင်မှ ပါရီအီဖယ်ကို မဖျက်စီးခဲ့တဲ့ အပြင် ပါရီအီဖယ်ကို ရောက်ရှိလေ့လာစဉ်က သူရဲ့ စစ်ဗိုလ်ချုပ်ကြီးတွေအပြင် ဂျာမန် ဗိသုကာပညာရှင်များလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်၊ အကယ်၍များသာ ဟစ်တလာရဲ့ ပါဝါတွေ အာဏာတွေ ဆက်လက် ရှိနေခဲ့မယ်ဆိုရင် ဂျာမဏီပြည်မှာ ဟစ်တလာအီဖယ် မျှော်စင်ရယ်လို့များ ဖြစ်ပေါ် လာလေမလား ဒါမှမဟုတ် ပါရီအီဖယ်ကြီးကို ဘာလင်မြို့သို့ ပြောင်းရွှေ့ သယ်ယူသွားလေ မလား ဆိုတာကတော့ စစ်နိုင်သူတွေ လုပ်ခဲ့တဲ့ လုပ်ရပ်တွေက သက်သေပြခဲ့တာ ရှိနေပါတယ်၊
ဘာလင်အီဖယ် Berliner Funkturm
ဟစ်တလာရဲ့ ဂျာမဏီမှာ ဟစ်တလာခေတ် မရောက်ခင်ကပင် ဘာလင်မြို့မှာ မျှော်စင်တခု တည်ရှိ ပြီးပါပြီ၊ ၁၅၀ မီတာမြင့်တဲ့ Berliner Funkturm မျှော်စင်ကို ၁၉၂၆ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပြီး
ပါရီအီဖယ်နဲ့ ထပ်တူညီပုံစံ မဟုတ်ပေမဲ့ အခြေခံ နည်းစနစ်ကတော့ အတူတူပါဘဲ၊ မျှော်စင်ထိပ်ဖျား ဒုတိယထပ် ၁၂၅ မီတာ အမြင့်ထိ အများပြည်သူတွေ တက်ရောက်လေ့လာနိုင်ပါတယ်၊ ဂျာမဏီက ဘိုင်ယန်ပြည်နယ်မှာ ဘာလင်အီဖယ်ထက် ပိုမြင့်တဲ့ သစ်သား မျှော်စင်ကြီးတခု ရှိခဲ့ဖူးပါသေးတယ်၊ ၁၆၃ မီတာမြင့် အဲဒီသစ်သား Ismaning Radio Tower ခေါ် Bavarian Eiffel Tower မျှော်စင်ကြီး ကို ၁၉၃၂ မှာ ဆောက်လုပ်ခဲ့ပြီး ၁၉၈၃ ခုမှာ ဖျက်စီးပစ်ခဲ့လို့ အခုတော့ ကျောက်ဖိနပ် တိုင်တွေသာ ကျန်ခဲ့ပါတော့တယ်၊ အဲလို အဲဒီခေတ်က တည်ဆောက်ခဲ့ကြတဲ့ မျှော်စင်မြင့်မြင့်တွေဟာ ရေဒီယိုနဲ့ ကြေးနန်းဆက်သွယ်ရေးအတွက် အဓိကရည်ရွယ်ပြီးဆောက်လုပ်ခဲ့ကြတာ ဖြစ်ကြပါတယ်၊ ဒီကနေ့
ခေတ်မှာတော့ ဆက်သွယ်ရေးအတွက် သာမက ကမ္ဘာလှည့်ခရီးသွား ကဏ္ဍအတွက်ပါ ရည်ရွယ်ပြီး မြို့ကြီးတိုင်းမှာလိုလို သူ့ထက်သူ မြင့်သထက် မြင့်မားပြီး အမြင့်တကာ့ အမြင့်မားဆုံး ဖြစ်အောင် အပြိုင်အဆိုင် ဆောက်လုပ်နေကြဆဲပါ၊ ဒီနေရာမှာတော့ ပါရီအီဖယ်ပုံစံကို အခြေခံထားတဲ့ မျှော်စင်
တွေကိုသာ  ရေးသားရခြင်း ဖြစ်လို့ အမြင့်မားဆုံး မျှော်စင်ကြီးတွေအကြောင်း မပါရှိပါဘူး၊
ပါရီလာဗီးဂါ့စ်အီဖယ် Paris Las Vegas est un complexe hôtel-casino à Las Vegas.
အမေရိကရဲ့ လောင်းကစားမြို့တော် လာဗီးဂါ့စ်မြို့မှာလည်း အီဖယ်တခု ရှိပါတယ်၊ အဲဒီနေရာကို အမည်ပေး ထားတာကိုက ပါရီလာဗီးဂါ့စ် ပါ၊ အဲဒီ လာဗီးဂါ့စ် အီဖယ်က ပါရီမြို့မှာ ရှိကြတဲ့ Louvre နန်းတော်ရယ် Opéra Garnier ကဇာတ်ရုံကြီးရယ်ကို ခွပြီး တည်ဆောက် ထားတာပါ၊ အချိုးအစား ကတော့ မူရင်းရဲ့ထက်ဝက် အချိုးပါ၊ နဘေးနားမှာ သုံးချိုးနှစ်ချိုးအရွယ် Arc de Triomphe မုဒ်ဦးနဲ့
La place de la Concorde ကျောက်တိုင် တို့ကိုလည်း ဆောက်ထားပါသေးတယ်၊ ၁၇၈၃ ခုနှစ်က ပြင်သစ်လူမျိုး Les frères Montgolfier ညီအကိုနှစ်ဦး စတင်တီထွင်ခဲ့လို့ L'aérostat des frères Montgolfier ဆိုပြီး အမည်တွင်တဲ့ မိုးပျံ လေဗူဘောင်းကြီးကိုလည်း အဲဒီမှာ တွေ့ရှိနိုင်ပါသေးတယ်၊ ပါရီမြို့ အသေးစားလေးပုံစံ ဖန်တီးထားတာပါ၊ လာဗီးဂါ့စ်အီဖယ်က ၁၆၅ မီတာ မြင့်ပြီး ခြေထောက် သုံချောင်းက ကာစီနိုခန်းမအဆောက်ဦးကြီးပေါ်မှာ ရှိနေပြီး ခြေတချောင်းကသာ အဆောက်ဦးရှေ့ မြေကြီးပေါ်မှာ ထောက်ပြီး တည်ဆောက်ထားတဲ့ ပုံစံပါ၊ ပါရီ လာဗီးဂါ့စ်အီဖယ်ဟော်တယ် ကာစီနို ပျော်ပွဲစားကြတဲ့ နေရာကြီးကို ၁၉၉၉ ခုနှစ်ကမှ စတင် ဖွင့်လှစ်ခဲ့ကြပြီး တနှစ်တနှစ်ကို လာရောက် လည်ပတ်ကြသူပေါင်း ၁၀ သန်းကျော် ရှိပါတယ်တဲ့၊ ဒီနေရာတည်ရာက ပင်လယ်ကမ်းစပ်မြို့ဖြစ်တဲ့ နာမည်ကျော် လော့အိန်ဂျယ်လိစ်နဲ့ မိုင်ပေါင်း ၂၆၀ ကျော်မှာရှိပြီး ကုန်းခေါင်ခေါင်အရပ်မှာ ရှိတာပါ၊ လာဗီးဂါ့စ်အီဖယ် တည်ရှိရာ နီဗားဒါးပြည်နယ် Las Vegas Strip ဒေသမှာ ကမ္ဘာ့အိပ်ခန်းအများဆုံး စာရင်းဝင် ဟော်တယ်ကြီး ၁၅ လုံးရှိပြီး အိပ်ခန်းပေါင်း ခြောက်သောင်းခွဲလောက် ရှိပါတယ်၊
လာဗီးဂါ့စ်အီဖယ်လမ်းမကြီး
ကြယ်ငါးပွင့်ဟော်တယ်တွေ စားသောက်ဆိုင်တွေ ရှော့ပင်စန်တာတွေ လောင်းကစားခန်းမကြီးတွေ
ပျော်ရွင်စရာ သုံးဖြုန်းစရာ အစုံအလင်ရှိတဲ့ လာဗီးဂါ့စ် လမ်းမကြီးတွေတလျှောက် လမ်းသလားရင်း ပါလာတဲ့ ငွေစလေးတွေကို ပွတ်ကြည့်ရင်း ပါရီ လာဗီးဂါ့စ် အီဖယ် မျှော်စင်ကြီးကို နောက်ခံထားပြီး မောင်ရင်ငတေလည်း ဓါတ်ပုံလေးတပုံလောက် ရိုက်ကူးခွင့် ကြုံချင်ပါသေးတယ်၊ ဒါပေမဲ့ အမေရိက ပြည်ဝင်ခွင့်ဗီဇာ ဆိုတာကလည်း မောင်ရင်ငတေရဲ့ မူလပထမ လက်ဟောင်း အနီရောင် ခရီးသွား လက်မှတ်နဲ့ရော အခုလက်ရှိ ကိုင်ဆောင်ထားတဲ့ နိုင်ငံမဲ့ လူသားတယောက်ရဲ့ ခရီးသွားလက်မှတ် ကလေးနဲ့ရော မိုးနဲ့မြေပမာ အလှမ်းကွာဝေး လွန်းလှပါတယ်၊ နောင်များမှာတော့ မောင်ရင်ငတေကို စရိတ်စက အကုန်ခံ တာဝန်ယူ စပွန်စာ ပေးနိုင်မယ့် အဖွဲ့အစည်း ဆိုတာမျိုးတွေ ရှိများ ရှိလာခဲ့ရင် သော်လည်းကောင်း မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းများ ပိုင်ဆိုင်မှုတွေ ရှိလာခဲ့ရင် သော်လည်းကောင်း တခါတခေါက်လောက်တော့ ဗီဇာတောင်းပြီး လာရောက် လည်ပတ်ပါအုံးမယ် … …. ……. . …. . ဟော်တယ်ကာစီနို ပါရီလာဗီးဂါ့စ်ရေ၊
ပါရီတက္ကဆပ်အီဖယ် Paris, Texas, Eiffel Tower with Big Cowboy Hat
ကမ္ဘာပေါ်မှာ ပါရီအမည်ရမြို့ပေါင်း ၃၀ ကျော်ရှိတာမှာ ဒုတိယအကြီးဆုံး ပါရီမြို့လို့ သတ်မှတ်ထား ကြတဲ့ ပါရီမြို့ဆိုတာက အမေရိကန်နိုင်ငံ တက္ကဆပ် ပြည်နယ်မှာ ရှိပါတယ်၊ အမေရိကန်ပြည်မှာကို ပါရီ မြို့ပေါင်း ၂၀ ကျော် ရှိနေတာပါ၊ အဲဒီ Paris,Texas မြို့မှာလည်း ၆၅ ပေ မြင့် တက္ကဆပ်အီဖယ် မျှော်စင်တခု ရှိပါတယ်၊ ၁၉၉၃ ခုနှစ်က သံထည်တွေနဲ့ အသစ်ထပ်မံတည်ဆောက်ခဲ့တာဖြစ်ပြီး ဟိုး အရင်ကတော့ သစ်သားထည် မျှော်စင်တခုပါတဲ့၊ ဒီမျှော်စင်ရဲ့ ထူးခြားချက်တခုကတော့ အနီရောင် နွားကျောင်းသား ဦးထုပ်တလုံးကို တက္ကဆပ်ပြည်နယ် ကိုယ်စားပြု ဆောင်း၍ ပေးထားခြင်းပါ၊ အဲဒီ အီဖယ်နဲ့ အချိုးအစား တူညီတဲ့ မျှော်စင်တခုကတော့ Tennessee ပြည်နယ်က ပါရီမြို့မှာ ၁၉၉၃ ခု နှစ်မှာဘဲ တပြိုင်နက်တည်း တည်ဆောက်ခဲ့တာပါ၊ နောက်တခုကတော့ Ohio ပြည်နယ် Mason မြို့မှာ ရှိတဲ့ ၁၉၇၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ Kings Island အပန်းဖြေ ဥယျာဉ်ကြီးထဲမှာ ရှိတာပါ၊ မူရင်း ပါရီအီဖယ်ရဲ့ သုံးချိုးတချိုးအရွယ် အမြင့်ပေ ၃၃၂ ပေရှိတဲ့ အိုဟိုင်းအိုးအီဖယ် မျှော်စင်ကိုပါ ဥယျာဉ် နဲ့အတူ ထည့်သွင်း တည်ဆောက်ခဲ့တာပါ၊ နောက်ထပ်တခုကတော့ ၁၉၇၅ ခုနှစ်မှာ ဖွင့်ခဲ့တဲ့ Kings Dominion အပန်းဖြေ ဥယျာဉ်ကြီးထဲမှာရှိပြီး ၃၃၂ ပေ အမြင့်တူ အချိုးအစား တူပါတယ်၊ ဝါရှင်တန် ဒီစီမြို့ရဲ့ တောင်ဘက် ၇၅ မိုင် အကွာခန့်မှာရှိတဲ့ ဗာဂျီးနီးယားပြည်နယ် Doswell မြို့မှာ ရှိပါတယ်၊
တရုတ်အီဖယ် Long Ta, Dragon Tower
နောက်ဆုံး အနေနဲ့ ရေးချင်တာကတော့ တရုတ်ပြည် Heilongjiang ပြည်နယ် Harbin မြို့မှာ ရှိတဲ့ Dragon Tower လို့ ခေါ်ဆိုကြတဲ့မျှော်စင်ပါ၊ ပါရီအီဖယ်ထက် အနည်းငယ်ခန့် ပိုမြင့်ပြီး ၃၃၆ မီတာ ရှိပါတယ်၊ ဒီမျှော်စင်က ပါရီအီဖယ်နဲ့ပုံစံတူ စာရင်းထဲမှာထိပ်ဆုံးကပါဝင်နေပြီး ဆိုက်တူဂိုက်တူပေမဲ့ မောင်ရင်ငတေတဦးချင်းအနေနဲ့ ပြောရရင်တော့ ပါရီအီဖယ်နဲ့ လုံးဝနီးပါး ပုံစံတူညီမှုမရှိတဲ့ မျှော်စင် တခုသာ ဖြစ်တာကြောင့် တည်ဆောက်ပုံနည်းစနစ်အရ တူညီကောင်း တူညီနိုင်နေပေမဲ့ ပါရီအီဖယ် စာရင်းမှာတော့ မထည့်သွင်းချင်ပါဘူး၊ ဒီ သံမျှော်စင်ကြီးကို ၂၀၀၀ ပြည့်နှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး တရုတ်ပြည်မကြီးရဲ့ အရှေ့မြောက်ဒေါင့်အစွန်း ကိုးရီးယားကျွန်းဆွယ် အပေါ်နားက Harbin မြို့မှာ ရှိပါတယ်၊ အခြားသော အလားတူ ပါရီအီဖယ်ရဲ့ တည်ဆောက်မှု နည်းပညာကိုသာ အခြေပြု ထားကြပြီး ပုံစံအနေအထားကတော့ ပါရီအီဖယ်ပုံ လုံးလုံးမပေါက်တဲ့ မျှော်စင်အကြီးအသေးများစွာ ရှိကြပါသေးတယ်၊ အဲဒီမှာမှ ပါရီအီဖယ် မူပွားစာရင်းမှာ ပါဝင်နေတဲ့ မျှော်စင်များကတော့ အောက်ပါ စာရင်းအတိုင်း ဖြစ်ပါတယ်၊ ဒီစာရင်းမှာ မပါဝင်ဘဲ အခြားသော ဒေသများ မြို့များမှာ ပုံစံတူ အီဖယ် မျှော်စင် အသေးစာလေးများ မြောက်များစွာ ရှိနေနိုင်ပါသေးတယ်၊
Nagoya TV Tower Nagoya, Japan, 1954.180 m (591 ft) 1:2 scale
Tour métallique de Fourvière Lyon, France, 1892. 85.9 m. 1:4 scale
Torre del Reformador Guatemala City, Guatemala. 1935 75 m (246 ft) 1:5 scale
Turnul Eiffel Slobozia, Romania.1:6 scale
Parizh, Russia, 2005. 1:6 scales
AWA Tower Sydney, Australia 46 m (151 ft) 1:6 scale
Bordeaux Tower Fayetteville, North Carolina. 45 m (148 ft) 1:6 scale
Gomez-Palacio Eiffel Tower, Durango, Mexico. 2007 1:6 scale
Golden Sands Eiffel Tower Varna, Bulgaria. 32.4 m (106 ft)) 1:10 scale
Eiffel Tower Parque Europa, Torrejon, Spain. 30.4 m (100 ft) 1:10 scale
Eiffel Tower EPCOT theme park, Lake Buena Vista, Florida. 23 m (76 ft) 1:14 scale
Filiatra Eiffel Tower Filiatra, Messinia, Greece.18 m. 1:18 scale
ပါရီ လေဘာတီ အီဖယ်
(တချို့သော ပုံများကို အင်တာနက်ဂူဂဲလ်မှ ရယူပါတယ်) (Photos Google)
                                                                    မောင်ရင်ငတေ   ၀၇၀၉၂၀၁၃
Aucun commentaire:
Enregistrer un commentaire
** * တခါကနေ့ရက်များ (၃) ** *
Google+ Badge
Google+ Followers