Archives du blog
Libellés
lundi 30 mars 2015
ရှေးဟောင်းခံတပ် ရဲတိုက်ကြီးများ
ရှေးဟောင်းခံတပ် ရဲတိုက်ကြီးများ
ပြင်သစ်ပြည်မှာ နန်းတော်ဟောင်းများ ရဲတိုက်ဟောင်းများနဲ့ အိမ်ကြီး အိမ်ကောင်း အဟောင်းပေါင်း မြောက်များစွာရှိပါတယ်၊ တချို့ကတော့ ပြတိုက်များအဖြစ် အသွင်ပြောင်းထားပြီး 
ယနေ့တိုင်အောင် အကောင်းပကတိအတိုင်း ကျန်ရှိနေအောင် ထိမ်းသိမ်းထားပါတယ်၊ အဲဒီမှာ ပါရီမြို့မှ နာမည်ကျော် ပြတိုက်များ အဖြစ်သို့ အသွင်ပြောင်းလဲ ထားကြတဲ့ Le musée du Louvre တို့ Le château de Versailles တို့လို အခန်းပေါင်းများပြားစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ နန်းတော်ဟောင်းကြီးများ ရှိနေသလို ခံတပ်သဖွယ် တောတွေတောင်တွေအကြားမှာ တည်ဆောက်ထားတဲ့ ရဲတိုက်များလည်း များစွာရှိပါတယ်၊ တချို့ကတော့ အကောင်းပကတိအတိုင်း ကျန်ရှိနေသေးတာကို တွေ့ရှိနေရသလို တချို့ကလည်း တဝက်ကောင်း တဝက်ပျက်ပါ၊ အဲဒီလို နေရာဒေသတွေကို မောင်ရင်ငတေ အနေနဲ့ ကိုယ်တိုင်ရောက်ရှိနိုင်ဖို့ရာ မလွယ်ကူလှပါဘူး၊ ဒီလိုမျိုးနေရာတွေကို ရောက်ရှိဖို့က ကိုယ်ကိုယ်တိုင် ကားနဲ့သော်လည်းကောင်း လိုက်ပို့တဲ့သူရှိမှသော်လည်းကောင်း ရောက်နိုင်မှာ ဖြစ်ပါတယ်၊ ဒီလိုမြို့ 
အဲဒီလိုနေရာတွေကို သွားဖို့ရာက လိုင်းကားတွေ ရထားတွေနဲ့ သွားဖို့ရောက်ဖို့ကတော့ တကယ်ကို မလွယ်လှပါဘူး၊ တကူးတကသွားနိုင်မှသာ ရောက်နိုင်ပါတယ်၊ အဲဒါကြောင့် တနေ့နေ့မှာ အခွင့်ကြုံ ခဲ့ပါက သွားဖို့ရည်ရွယ်ပြီး စုဆောင်းထားတာတွေကို တင်ပြလိုက်ပါတယ်၊ မရောက်ဖူးတဲ့နေရာတွေ များပါတယ်၊ တချို့ကလည်း ရောက်ဖူးခဲ့ပေမယ့် ပုံကောင်းကောင်း မှတ်တမ်းမတင်နိုင်ခဲ့လို့ တချို့ ပုံတွေကို အင်တာနက်က ပြန်လည်ရှာဖွေထားတာဖြစ်ပြီး တချို့သောပုံတွေကတော့ အသိမိတ်ဆွေ များမှတဆင့် တောင်းယူသုံးစွဲထားတာ ဖြစ်ပါတယ်၊
Château လို့ ပြင်သစ်လို ခေါ်ဝေါ်ကြတဲ့ အဆောက်အဦကြီးတွေဟာ ပုံစံနဲ့ နေရာအနေအထားပေါ် မူတည်ပြီး ကွဲပြားခြားနားလှပါတယ်၊ တချို့တွေက တောထဲတောင်ထဲမှာ တည်ရှိကြပြီး တချို့တွေ ကတော့ လူနေအိမ်ခြေတွေနဲ့ နီးတဲ့ မြို့ပြရပ်ကွက်တွေနားမှာ တည်ရှိကြတာပါ၊ Château ကြီးသွား ခဲ့ရင် ဘုရင်တွေနေတဲ့ နန်းတော်လို့ ခေါ်ကြပြီး ဘုရင့်သားသမီးတွေ ဘုရင့်မိဖုရားတွေ မူးမတ်တွေ နေထိုင်ကြတဲ့ နေအိမ်ပုံစံ Château ခပ်သေးသေးခပ်လတ်လတ်တွေလည်း အများအပြားရှိပါတယ်၊
တောထဲတောင်ထဲမှာတော့ ခံတပ်ပုံစံ Château တွေကို တည်ဆောက်လေ့ ရှိကြသလို တချို့သော ခံတပ်ရဲတိုက် Château ကြီးတွေကတော့ ဒီကနေ့ ခေတ်ထိတိုင်အောင် တောင်ထဲတောင်ထဲမှာသာ တည်ရှိနေကြဆဲဖြစ်ပြီး တပိုင်းတစ ပျက်စီးနေကြပြီး ကျန်နေတာလေးတွေကို ထိမ်းသိမ်းလို့ရသမျှ ထိမ်းသိမ်း နေကြတာကို တွေ့ရပါတယ်၊ ရွှေချတဲ့ယဉ်ကျေးမှု ထုံးသုတ်နှမ်းဖြူးတဲ့ယဉ်ကျေးမှု မရှိတဲ့ နေရာတွေမို့လားတော့ မသိပါဘူး၊ တပြောင်ပြောင် တလက်လက် တွေ့ရတာမျိုးတော့ နည်းပါးလှပါ တယ်၊ ဒီနေရာမှာ မောင်ရင်ငတေ အဓိကထား ရေးမှာက သွားရေးခက်လှတဲ့ တောထဲတောင်ထဲက
ခံတပ်ရဲတိုက်ကြီးများ အကြောင်းပါ၊ 
Château du Fleckenstein
၁၂ ရာစု အလယ်က တည်ဆောက်ခဲ့တယ်လို့ ဆိုကြတဲ့ လှေသင်္ဘောကြီးတစီးပုံစံ ဒီရဲတိုက်ကြီးက ပြင်သစ်နိုင်ငံနဲ့ ဂျာမဏီပြည် နယ်စပ် Alsace ပြည်နယ်ထဲက Lembach မြို့လေးအနီးမှာ ရှိပါတယ်၊ အဲလ်ဇာ့စ်ပြည်နယ်ရဲ့ လူအသွားအလာ ဒုတိယအများဆုံး တောတွင်းရဲတိုက်တခုပါ၊ Fleckenstein မိသားစုရဲ့ အနွယ်တော်တွေက ပိုင်ဆိုင်လာခဲ့တာ အေဒီ ၁၁၆၅ ခုကနေ ၁၇၂၀ ခုနှစ်တိုင်အောင်ပါ၊
ဒီ သဲကျောက်ရဲတိုက်ကြီးကို ခေတ်အဆက်ဆက် ပြုပြင်တည်ဆောက်လာခဲ့ကြတာ အခုခါမှာတော့ အကောင်းပကတိ မကျန်ရှိတော့ပေမဲ့ ဘေးပတ်ပတ်လည်က သာယာလှပတဲ့ တောင်တန်းတွေရယ် သစ်ပင်တွေရယ်ကြောင့်ရယ် ဒီရဲတိုက်ရဲ့ ထူးခြားတဲ့ လှေကြီးတစင်း ပုံစံကြောင့်ရယ် လာရောက်သူ များပြားတာပါတဲ့၊ ပါရီမြို့ရဲ့ အရှေ့ဘက်စူးစူး ကီလိုမီတာ ၄၅၀ လောက်မှာတည်ရှိပြီး ဂျာမဏီပြည် ဖရန့်ဖွတ်မြို့ကနေတော့ ကီလိုမီတာ ၁၆၀ ခန့်ကွာဝေးပါတယ်၊ ဒီတောတွင်းရဲတိုက် Fleckenstein နဲ့ အနီးဆုံး ပြင်သစ်မြို့က Lembach မြို့ဖြစ်ပြီး ကီလိုမီတာ ဝေးပါတယ်၊ မော်တော်ကားလမ်းနဲ့ သာသွားနိုင်ပြီး အနီးဆုံး မီးရထားဘူတာရုံက ၁၀ ကီလိုမီတာကျော်မှာမှ ရှိပါတယ်၊ အဲဒီရဲတိုက်ရှိရာ ဒေသက အခုအခါမှာ ပြင်သစ်ပြည်နဲ့ ဂျာမဏီနယ်ရဲ့ အစပ်မှာ တည်ရှိနေတာ ဖြစ်သလို ဒီ ဒေသရဲ့ သမိုင်းကြောင်းကတော့ ဂျာမန်လူမျိုးတွေနဲ့ကော ပြင်သစ်လူမျိုးတွေနဲ့ပါ ဆက်စပ်ပတ်သက်နေတာ ဖြစ်တာကြောင့် သမိုင်းဝင်နေရာအဆောက်အဦးတွေ များပြားစွာရှိပါတယ်၊ အဲလ်ဇာ့စ်ပြည်နယ်သား တွေရဲ့ ဓလေ့ထုံးစံအစဉ်အလာ ဘာသာစကားလည်း အခုတိုင်သီးသန့်ရှိနေဆဲပါ၊ အဲလိုနေရာမျိုးမှာ သွားနေမယ်ဆိုရင်တော့ ယူရိုတသိန်းခွဲနှစ်သိန်းပေးရင် ခြံဝန်းကျယ်ကြီးနဲ့ ၂၀၀စတုရန်းမီတာကျယ် အိပ်ခန်းကိုးခန်းပါ နှစ်ထပ်ရှေးဟောင်း တိုက်ခံအိမ်တအိမ် ဝယ်နိုင်ပါတယ်၊ ပါရီမြို့ပေါ်မှဆိုရင်တော့ ခပ်ညံ့ညံ့တိုက်ခန်း ခပ်ကျဉ်းကျဉ်းသာ ရနိုင်မှာပါ၊
Aucun commentaire:
Enregistrer un commentaire
** * တခါကနေ့ရက်များ (၃) ** *
Google+ Badge
Google+ Followers