lundi 30 mars 2015

ပန်းချီဆရာ ဗန်ဂိုး ၁၆၂ နှစ်ပြည့်



ဗန်ဂိုးရဲ့ အရုပ်အရိပ်အရောင်များ
ပန်းချီဆရာ ဗန်ဂိုး ၁၆၂ နှစ်ပြည့်

** ဒီကနေ့ မတ်လ ၃၀ ရက်နေ့ ပန်းချီဆရာ ဗန်ဂိုး ၁၆၂ နှစ်ပြည့် မွေးနေ့ အမှတ်တရ **********
မနှစ်က ၂၀၁၄ ခုနှစ်က ပန်းချီဆရာ ဗန်ဂိုး ၁၆၁ နှစ် ပြည့်အတွက် http://newsightsmm.com/2014/03/29/%E1%80%90%E1%80%AD%E1
ရှုခင်းသစ်အွန်လိုင်းမှာ ရေးထားခဲ့တာကို အခု ဒီနှစ် ၂၀၁၅ ခုနှစ်မှာ ထပ်မံပြီးတော့ ၁၆၂ နှစ်ပြည့် ပန်းချီဆရာ ဗန်ဂိုး အမှတ်တရ အဖြစ် . .. . .. .. .. . .. . . .. . (မရငတ)




ဗန်ဂိုး မွေးဖွားခဲ့ရာ နယ်သာလန်နိုင်ငံ အနောက်စွန်း Zundert မြို့လေးက ဗန်ဂိုးဇာတိအိမ်
နောက် သုံးလေးရက်ဆိုရင် Postimpressionnisme ပန်းချီဆရာကြီး Vincent Willem van Gogh ဗန်ဂိုးကိုမွေးဖွားခဲ့တာ နှစ်ပေါင်း ၁၆၁ နှစ် ပြည့်ပါတော့မယ်၊ ဗန်ဂိုးကို ၁၈၅၃ ခုနှစ် မတ်လ ၃၀ ရက် နေ့မှာ မွေးဖွားခဲ့တာပါ၊ မွေးဖွားခဲ့ရာ နေရာကတော့ နယ်သာလန်ပြည်က Groot-Zundert မြို့လေး မှာပါ၊ ဗန်ဂိုးကို မွေးဖွားခဲ့တာက ၁၆၁ နှစ်ရှိခဲ့ပြီ ဖြစ်သလို ဗန်ဂိုး သေဆုံးခဲ့တာကလည်း ၁၈၉၀ ခုနှစ် ဂျူလိုင်လ ၂၉ ရက် ဆိုတော့ နှစ်ပေါင်း ၁၂၄ နှစ်တိုင် ရှိခဲ့ပါပြီ၊ အဲဒီအချိန်ကာလက ပြင်သစ်နိုင်ငံမှာ ပေါ်ပေါက်လာခဲ့ကြတဲ့ ပြင်သစ်လူမျိုး ပန်းချီဆရာတွေ ပြင်သစ်လူမျိုးမဟုတ်ကြတဲ့ ပန်းချီဆရာတွေ တော်တော်များများဟာ သူတို့အတိုင်းအတာနဲ့ သူတို့နည်းသူတို့ဟန်နဲ့ ထင်ပေါ်ကျော်ကြားခဲ့ကြသူ အောင်မြင်တဲ့ ပန်းချီကားများကို ရေးဆွဲနိုင်ခဲ့ကြသူများသာ ဖြစ်ကြပါတယ်၊ အဲသလိုပန်းချီဆရာကြီး မြောက်များစွာထဲမှာမှ ပန်းချီဆရာကြီး ဗန်းဂိုးဟာ နှစ်ကာလတွေ ကြာလာခဲ့တာနဲ့ အမျှ ပို၍ပို၍သာ နာမည်ကြီးလာတာကို တွေ့ရှိရပါတယ်၊ အဲဒီလိုမျိုး ဗန်ဂိုးက ဘာကြောင့်နာမည် ပိုပြီးကြီးလာရသလဲ ဆိုတာ မောင်ရင်ငတေရဲ့ မဖြစ်ညစ်ကျယ် ပန်းချီအမြင်လေးနဲ့ စဉ်းစားကြည့်မိရတာအခါခါပါ၊ ဗန်ဂိုး ဆိုတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ အရာဝတ္ထုတခုအပေါ် မြင်တဲ့အမြင်တွေရဲ့ ထူးခြားမှုတွေကြောင့် သူရေးဆွဲခဲ့တဲ့ အရုပ်တွေအရိပ်တွေအရောင်တွေက ထူးခြားနေတာလို့ ထင်မြင်မိရပါတယ်၊ အဲဒီလို ထူးခြားမှုတမျိုး ရှိနေခဲ့လို့လည်း ဒီကနေ့ခေတ်မှာ တခြားတခြားသော နာမည်ကျော်ပန်းချီဆရာကြီးများထက် ဗန်ဂိုး အမည်ဟာ အများတကာထက် ခေါင်းတလုံးပိုမိုမြင့်မား ကျော်ကြားနေတာကတော့ အသေအချာပါ၊


စဲန်းမြစ်ကမ်းမှ လှမ်းမြင်ရတဲ့ မြူဇေးဒေါရ်ဇေ (Musée d'Orsay)              (ဓါတ်ပုံ မရငတ)
အဲဒါနဲ့ လွန်ခဲ့တဲ့ တနင်္ဂနွေ တနေ့က အဖော်ကောင်းလည်းကြုံ အခမဲ့လည်း ဝင်ကြည့်ခွင့်ရတဲ့နေ့မှာ မောင်ရင်ငတေလည်း ပါရီမြို့မှာရှိတဲ့ Musée d'Orsay ဆိုတဲ့ ပြတိုက်ကို ရောက်ခဲ့ပါတယ်၊ အဲဒီ ပြတိုက်ကြီးက ပါရီမြို့မှာ နာမည်ကြီးတဲ့ ထင်ရှားတဲ့ ပြတိုက်ကြီး တခုပါဘဲ၊ ၁၉၆၀ ခုနှစ်များဆီက အဲဒီပြတိုက် အဆောက်အဦးကြီးက ဘူတာရုံကြီးတခု ဖြစ်ခဲ့တာကြောင့် အဆောက်အဦ ဖွဲ့စည်း ထားပုံက ခန်းမကျယ်ကြီးနဲ့ ထူးခြားတဲ့ ပုံစံအသွင်သဏ္ဌန်ကို ဆောင်နေသလို ပြသထားတဲ့ ပန်းပု ရုပ်တွေနဲ့ ပန်းချီကားတွေကို ဖန်တီးခဲ့ကြတဲ့သူတွေရဲ့ အမည်နာမတွေကလည်း ထင်ရှားကြသူတွေ များလှပါတယ်၊ ဒါပေမယ့် ဒီကနေ့ မောင်ရင်ငတေတို့ရဲ့ ရွှေပြည်တော်ကြီးဆီက ရွှေဗမာလူမျိုးများ အပါအဝင် ကမ္ဘာအရပ်ရပ်က လူမျိုးပေါင်းနှစ်ရာကျော်ရှိ လူငယ် လူရွယ် လူကြီး အရွယ်သုံးပါးမရွေး အတော်များများကတော့ အဲဒီပြတိုက်မှာပြသထားတဲ့ ပန်းချီကားများကို ဖန်တီးခဲ့ကြပါသော အခြား အခြားသော ပန်းချီကျော်များကို မသိရှိသူများ ရှိနိုင်ပေမယ့်လည်း ဗန်ဂိုး ပန်းချီရေးဆွဲတယ် ဗန်ဂိုး ဆိုတဲ့သူက ပန်းချီဆရာ ဆိုတာကိုတော့ သိရှိပြီးကြသူတွေ များပါတယ်၊

မောင်ရင်ငတေရဲ့ ပန်းချီကားတွေကို ကိုယ်ပိုင်အမြင်နဲ့ ဝေဖန်တင်ပြမယ် ဆိုရရင်တော့ ဘယ်ပန်းချီ သီအိုရီတွေနဲ့မှ ကိုက်ညီနိုင်မယ် မထင်မိပါဘူး၊ ပန်းချီကားတချပ်ကို နှလုံးသားကနေ ခံစားကြည့်လို့ ရတဲ့ ပန်းချီဆရာ တွေထဲမှာတော့ မောင်ရင်ငတေ အတွက်က ဗန်ဂိုးဟာ ထိပ်ဆုံးတန်း မှာပါ၊ ဗန်ဂိုး အကြောင်း ပိုမိုပြီး သိလာလေ ဗန်ဂိုးပန်းချီကားတွေကို ပိုမို ခံစားလို့ ရလာလေပါ၊ မောင်ရင်ငတေရဲ့ ညီမငယ်တဦး ဖြစ်သူကတော့ ဗန်ဂိုးရဲ့ ဘဝနောက်ဆုံးနေခဲ့ရာ ရွာကလေးကို ရောက်ခဲ့ဖူးပြီးနောက် ဗန်ဂိုးအကြောင်းကို ပိုသိလာခဲ့ပြီး ဗန်ဂိုးရဲ့ ပန်းချီကားချပ်တွေကို ပိုမိုခံစားကြည့်မိ လာခဲ့ရကြောင်း ပြောဆိုခဲ့ဖူးပါတယ်၊

Musée d’Orsay ပြတိုက်မှာပြသထားတဲ့ ပန်းချီကားချပ်တွေ တော်တော်များများကို မောင်ရင်ငတေ သေသေချာချာ နားမလည်ပေမယ့် ဒီတခါတော့ တော်တော် ဂရုတစိုက် လေ့လာမိပါတယ်၊ အဲဒီ ကားချပ်တွေထဲမှာ ဗန်ဂိုး ပြင်သစ်ပြည်တောင်ပိုင်းက Arles မြို့လေးမှာနေထိုင်ခဲ့ရင်း ရေးဆွဲခဲ့တဲ့ ပန်းချီကားချပ်တချို့နဲ့ မကွယ်လွန်မီ နောက်ဆုံးနေထိုင်ခဲ့ရာ Auvers-sur-Oise မြို့မှာရေးဆွဲခဲ့တဲ့ ပန်းချီကားတချို့ ပြသထားတာကို တွေ့ရှိရပြီး ဗန်ဂိုးရဲ့ ပန်းချီ စုတ်ချက် ခပ်ကြမ်းကြမ်းတွေဟာ မောင်ရင်ငတေကို ဆွဲငင်လှပါတယ်၊ ဗန်ဂိုးရဲ့ ပန်းချီကားများဟာ ပန်းချီပညာကို သေချာ ဂဃနဏ နားမလည်သူများကိုတောင်မှ ဆွဲဆောင်အား ကောင်းလှတာမျိုးပါ၊ တခြားသော ပန်းချီဆရာများရဲ့ ပန်းချီကားများထက် ဆွဲဆောင်မှုမှာ ပိုတာကို တွေ့မြင်ရပါတယ်၊ လာရောက်လေ့လာ ကြည့်ရှုကြ သော ပန်းချီပရိသတ်များဟာ ဗန်ဂိုးရဲ့ ပန်းချီကားများကိုသာ တဝဲလည်လည်နဲ့ ထပ်မံပြီး ပြန်လည် ကြည့်ရှုနေကြတာကို သတိထားမိရကြောင်းပါ၊


အထက်က ပုံကတော့ လက်ဆောင်ပေးဖို့ ဝယ်ယူထားတဲ့ ၁၅ ယူရိုတန် ဗန်ဂိုးရဲ့ ပန်းချီကား  Nuit étoilée sur le Rhône (Starry Night over the Rhone) (September 1888)     ပုံတူပါ၊      (ဓါတ်ပုံ မရငတ)
အောက်က ပုံနှစ်ပုံကတော့ Nuit étoilée sur le Rhône ပန်းချီကားများကို အင်တာနက် ပေါ်မှာ တင်ထားတဲ့ ပုံတွေပါ၊ မူရင်း ဗန်ဂိုးရဲ့ ပန်းချီကားနဲ့ အရောင်တွေ ဘယ်ပုံက အတူဆုံးပါလဲ ဆိုတာကိုတော့ မောင်ရင်ငတေ မသိပါဘူး၊ Musée d’Orsay ပြတိုက်ထဲမှ ပြထားတဲ့ ပန်းချီကားချပ်ကိုလည်း တရားဝင် ဓါတ်ပုံရိုက်ခွင့် မပြုတာကြောင့် ပါလာတဲ့ တယ်လီဖုန်းကင်မရာနဲ့ ခိုးရိုက်ပြန်တော့လည်း တုန်မှုန်ဝါး ဖြစ်သွားလို့ ဒီနေရာမှာ မတင်နိုင်တော့ပါဘူး ခင်ဗျာ၊

ဒီပန်းချီကားချပ်ကို အသေးစိတ် ကြည်ချင်ရင်တော့ ဒီနေရာမှာ ကြည့်နိုင်ပါတယ်၊
https://www.google.com/culturalinstitute/asset-viewer/starry-night/uQE3XORhSK37Dw?projectId=art-project&hl=fr




ဗန်ဂိုးရဲ့ နာမည်ကျော် Starry Night ကဲ့သို့သော မူရင်း ပန်းချီကားများရဲ့ တန်ဖိုးကတော့ ယူရိုငွေ သန်းရာဂဏန်းမျှ ပေါက်ဈေးရှိနေပြီး အမှတ်တရ သိမ်းဆည်းထားချင်သူများ အတွက်ကတော့ ပုံတူ
တခုကို ဆယ့်လေးငါးယူရိုကနေ ယူရိုရာဂဏန်းအထိ ကော်ပီကူးယူ ရောင်းချနေတာကို ဗန်ဂိုးရဲ့ ပန်းချီကားများ ပြသရာ ပြတိုက်များအပြင် ပြင်သစ်နိုင်ငံ အနှံ့အပြားမှာ တွေ့ရှိနေရပါတယ်၊ ဗန်ဂိုးကို အမွေ ဆက်ခံခွင့်ရတဲ့ သူများကတော့ ဒီလိုမျိုး ပန်းချီကား ပုံတူတွေ ရောင်းချရငွေတွေကို ဘယ်လို အကျိုးခံစားခွင့် ရကြသလဲ ဆိုတာက မောင်ရင်ငတေလည်း မသိနိုင်ပါဘူး၊ မောင်ရင်ငတေကတော့
ဗန်ဂိုးရဲ့ ပန်ချီကား Nuit étoilée sur le Rhône ဆိုတဲ့ ပုံတူကားတချပ်ကို ပန်းချီကို မြတ်နိုးလှတဲ့ ရွှေပြည်တော်က မိတ်ဆွေတဦးကို ပေးချင်လို့ ၁၅ ယူရိုနဲ့  ဝယ်ယူအားပေးခဲ့ပါတယ်၊ အဲဒီပန်းချီကား မူရင်းကတော့ အခု Musée d’Orsay မှာ ပြသထားတာကို တွေ့ရပါတယ်၊


HIER WERD OP 30 MRT 1853 VINCENT VAN GOGH GEBOREN   (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေရဲ့ ဗန်ဂိုးပန်းချီကားများကို မြင်တွေ့မိရတဲ့ ရှုဒေါင့်အမြင် တချို့တလေကို ဖော်ပြရင်း ပန်းချီဆရာ ဗန်ဂိုး ၁၆၁ နှစ်ပြည့် အမှတ်တရနဲ့အတူ ရှုခင်းသစ် အွန်လိုင်းစာမျက်နှာသစ်ကို ကြိုဆို ရေးသား လိုက်ရပါတယ် ခင်ဗျား၊
ဗန်ဂိုး ငယ်စဉ်က ကျင်လည်ကျက်စားခဲ့ရာ နေရာတဝိုက်မှ Groot-Zundert မြို့မှ အမှတ်တရများ အပါအဝင် ဗန်ဂိုးနဲ့ ပတ်သက်တာတွေကို မှတ်တမ်းတင် ရိုက်ကူးခဲ့မိသော ဓါတ်ပုံတချို့ကိုလည်း ပြန်လည် ဝေမျှ လိုက်ရကြောင်းပါ၊

ဗန်ဂိုးရဲ့ ပန်းချီကားချပ်တွေကို ပိုမို ခံစားတတ်လာမိရတာထက် ဗန်ဂိုးကနေ သူ့ရဲ့ညီ သီအိုဆီကို ရေးသားခဲ့တဲ့ ဗန်ဂိုးရဲ့ ခံစားမှုစာစုများက သူမရဲ့ ရင်ကို ပိုမို ခံစားတတ်စေခဲ့ကြောင်း ဗန်ဂိုးရဲ့ဘဝနောက်ဆုံးနေခဲ့ရာ ရွာကလေးက ပြန်လာခဲ့တဲ့ မောင်ရင်ငတေ ရဲ့ ညီမငယ်တဦး ဖြစ်သူက ထပ်လောင်းပြောကြားကြောင်းပါ၊ (မရငတ)
 http://newsightsmm.com/2014/03/29/       မောင်ရင်ငတေ ၂၇၀၃၂၀၁၄





ဗန်ဂိုး ငယ်စဉ် လှုပ်ရှားခဲ့ရာ အမှတ်တရ နေရာများ   (ဓါတ်ပုံ မရငတ)


ပါရီမြို့က Musée d’Orsay ပန်းချီပန်းပုပြတိုက်   (ဓါတ်ပုံ မရငတ)

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...