dimanche 1 mars 2015

** မောင်ရင်ငတေနေတဲ့ မြို့အကြောင်း ** *

ပါရီပုံရိပ်များ
** မောင်ရင်ငတေနေတဲ့ မြို့အကြောင်း ** *


အီဖယ်ရယ်ပါရီရယ်                  (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေရဲ့ လက်ရှိရောက်ရှိနေထိုင်တဲ့ မြို့ကိုတော့ မြန်မာလူမျိုးတိုင်းလိုလို သိကြပါတယ်၊ ကြွားတယ်လို့တော့ မထင်လိုက်ကြပါနဲ့ မောင်ရင်ငတေနေတာ ပဲရစ်မြို့လို့ခေါ်ပါတယ်၊ 

ဒီမြို့မှာရှိတဲ့ အီဖယ်လ်မျှော်စင်ကြီးနဲ့အတူ ပဲရစ်မြို့သို့မဟုတ် ပြင်သစ်အခေါ် ပါရီမြို့တော်ကို ကမ္ဘာအရပ်ရပ်ရှိ လူတွေအားလုံး သိကြသလို ရောက်ဖူးချင်ကြမှာပါ၊

 မောင်ရင်ငတေကတော့ ဘယ်လိုဘဝတွေက ရှေးရေစက်ကြောင့်လည်းတော့ မသိပါဘူး၊ ယောင်လည်လည် ရောက်ခဲ့ပြီးနောက် ခွာလို့မရတော့ ပါဘူး၊ 

ဘာမသိညာမသိ ပြင်သစ်လို ဘွန်ရှုးဆိုတဲ့ နှုတ်ခွန်းဆက် စကားတခွန်းနဲ့ မြန်မာပြည်က အိမ်ခန်းအပေါင်ခံ ထားခဲ့ပြီး ရောက်လာခဲ့တဲ့ မောင်ရင်ငတေ တယောက်တော့ ပါရီမြို့ရဲ့ လမ်းကြို လမ်းကြားတွေမှာ စတင်ရောက်ရှိကတည်းက အခုထိတိုင်အောင် လျှောက်နေခဲ့လျှောက်နေဆဲပေါ့၊ 

ဒီမြို့မှာ ပါရီမှာ တွေ့ရှိရတာ အများဆုံးကတော့ ကမ္ဘာလှည့်ခရီးသည်တွေရယ် ကမ္ဘာအရပ်ရပ်ကနေ ရောက်ရှိလာတဲ့ မောင်ရင်ငတေတို့လို ဒုက္ခသည်တွေရယ်ပေါ့၊ 

ပင်သစ်နိုင်ငံသား ဖြစ်သွားခဲ့ကြတဲ့ ကိုလိုနီအဟောင်း အာဖရိကန် လူမည်းတွေနဲ့ တူနီးရှန်း အယ်ဂျီးရီးယန်း မော်ရိုကန် လူမျိုးတွေကို တွေ့ရများမှာ ဖြစ်သလို မောင်ရင်ငတေတို့ရဲ့ အိမ်နီးချင်းမိတ်ဆွေ ဆွေမျိုးပေါက်ဖော်ကြီးတွေလည်း အမြောက်အများ တွေ့ရှိရမှာ ဖြစ်ပါတယ်၊ 

လာအို ခမာနဲ့ ဗီယက်နမ်တွေလည်း ပေါများလှပါတယ်၊ သီရိလင်္ကာရဲ့ နာမည်ကျော် တမီလ်တိုက်ဂါး အဟောင်းတွေလည်း များမှများတဲ့ မြို့တမြို့ပါဘဲ၊


နှစ်တရာကျော်က လူနေအိမ်ဟောင်းများ                                                  (ဓါတ်ပုံ မရငတ)

ကမ္ဘာပေါ်မှာ ရှိသမျှသော လူမျိုးပေါင်းစုံ ရောက်ရှိနေထိုင်ရာ မြို့ကြီးတမြို့ဖြစ်ပါတယ်၊ မတွေ့ဘူးတဲ့ လူမျိုးတောင် မရှိတော့ဘူးနဲ့တူပါတယ်၊ မောင်ရင်ငတေတို့ ရွှေလူမျိုးကတော့ ဂုဏ်ယူရမှာလားမသိ အနည်းငယ်ဘဲရှိပါတယ်၊ ဒီမြို့မှာ အခြေချ နေထိုင်သူ အများဆုံး တရာကျော်နှစ်ရာထက် မပိုပါဘူး၊ ဒါတောင်မှ လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်က မြန်မာပြည်ရဲ့အဓိက ကမ္ဘာသိခေါင်းဆောင်ကြီးကို ကြိုဆို ကြတဲ့ ပွဲကြီးတုန်းကတော့ မောင်ရင်ငတေတို့ ရောက်ရှိနေထိုင်ခဲ့တဲ့ ၁၃ နှစ်တာ ကာလအတွင်းမှာ တခါဖူးကိုမျှ မမြင်မတွေ့ဘူးတဲ့ မြန်မာလူကြီးလူကောင်း စစ်စစ်တွေ ကြွရောက်ချီးမြင့်ကြကြောင်း ကြားသိလိုက်ရတာပါ ခင်ဗျာ၊ မောင်ရင်ငတေကတော့ အဲဒီလိုမျိုး ပွဲလမ်းသဘင်တွေကို ဝေးဝေးက ရှောင်ကြင်သူမို့ မတွေ့လိုက်ရပါဘူးဗျာ၊ သူတို့တတွေရောပါပါမှ ရွှေပြည်တော်သား နှစ်ရာလောက်ရှိတာပါ၊
ရွှေအဖွဲ့အစည်းကတော့ များများ မရှိပါဘူး၊ လူနှစ်ရာ အဖွဲ့ကနှစ်ရာ မရှိပါဘူး၊ ဖွဲ့ပြီးရင်လည်း ကွဲတတ်ကြလွန်းလို့ မောင်ရင်ငတေတို့က အဖွဲ့ကို မဖွဲ့ချင်တော့တာပါ၊ မောင်ရင်ငတေတို့ မိတ်ဆွေ တချို့နဲ့တော့ သောက်သုံးသူများသမဂ္ဂတို့ စားသုံးသူများသမဂ္ဂတို့ လယ်ယာပြန်စားရေးသမဂ္ဂတို့လို တရားမဝင် အသင်းလေးတွေတော့ ရှိပါတယ်၊ တပတ်တခါလောက် ချိန်းပြီးတော့ စားကြသောက်ကြ အတင်း ဖလှယ်ကြပေါ့ဗျာ၊ အဲလိုမျိုး မောင်ရင်ငတေတို့ရဲ့ အဖွဲ့ထဲကို မဝင်ချင်ကြသော တသီးပုဂ္ဂလ ပုဂ္ဂိုလ်ကြီးများ လူကြီးမင်းများလည်း ရှိကြသပေါ့ဗျာ၊ 


ပါရီ ရှော့ပင်စန်တာ လမ်းမကြီး Boulevard Haussmann               (ဓါတ်ပုံ မရငတ)
ဒီ ပါရီ ရွှေမြို့တော်ကြီးဟာ ထူးခြားလှတာကတော့ မြို့တော်ကြီးကသာ မြို့ဟောင်း အဆောက်အဦး အဟောင်းတွေနဲ့သာ ပြည့်နှက်လို့ နေပေမဲ့ လူတွေကတော့ ခေတ္တခဏ လာရောက်လည်ပတ်ကြတဲ့ သူတွေရယ် အမြဲတမ်း နေထိုင်ခွင့်ရမလားလို့ လာကြတဲ့ သူတွေရယ်နဲ့ လူသစ်မျက်နှာသစ်တွေသာ အများစုကို တွေ့ကြရမှာ ဖြစ်ပါတယ်၊ ပါရီမြို့လယ်မှာ နှစ်ထပ်လမ်းတွေ သုံးထပ်လမ်းတွေ ဂုံးကျော် တံတားကြီးတွေ မိုးမျှော်တိုက်ကြီးတွေကို တွေ့ရှိရမှာမဟုတ်ပါဘူး၊ ၉၀ ရာနှုန်းသော အဆောက်အဦ များဟာ လွန်ခဲ့သော နှစ်ပေါင်း တရာ နှစ်ရာ သုံးရာကျော်က ဆောက်လုပ်ခဲ့တဲ့ အဟောင်းတွေသာ ဖြစ်ပါတယ်၊ နာမည်ကြီး ရဲတိုက်ဟောင်းကြီးများ နန်းတော်ဟောင်းကြီးများရဲ့ မူရင်း အစိတ်အပိုင်း တချို့ဆိုရင် နှစ်ထောင်ဂဏန်း ရှိနေပြီပေါ့ ဗျာ၊
 


ပိုက်ဆံပေးဖို့ တန်းစီတိုးနေသူများ                        (ဓါတ်ပုံ မရငတ)
၁၂ ရာစုမတိုင်ခင်ကတည်းကနေ ယနေ့ခေတ်ထိ ဥရောပရဲ့ အဓိက အချက်အချာ ကျတဲ့မြို့ ဖြစ်ခဲ့ပြီး နှစ်ပေါင်း လေးငါးခြောက်ရာ သက်တမ်းရှိတဲ့ နာမည်ကြီး ရှေးဟောင်း အဆောက်အဦးများ သာမက လူနေတိုက်ခန်း အဟောင်းပေါင်း မြောက်များစွာကလည်း ပါရီမြို့လုံးနှံ့ လက်ညိုးထိုးမလွဲ ဒီကနေ့ထိ တိုင်အောင် ရှိနေသလို မမျှော်လင့်တဲ့ အဖျက်အဆီးများသာ မရှိခဲ့ပါက နောက်နှစ်ပေါင်းများစွာ ဆက်လက်ပြီး တည်ရှိလို့သွားမှာ သေချာပါတယ်၊ အဟောင်းတွေနဲ့တည်ရှိနေတဲ့ အဟောင်းတွေကို ခပ်တည်တည်ပြစားနေတဲ့ ဥရောပရှေးဟောင်းမြို့တော်ကြီးပေါ့၊ အများစုသော နန်းတော်အဟောင်း ရဲတိုက်အဟောင်း အိမ်ကြီးအိမ်ကောင်း အဟောင်းများဟာ ရှေးရှေးကတော့ ပဒေသရာဇ် မြေရှင် ငွေရှင် နယ်စားပယ်စားများ တဦးချင်း ပိုင်ဆိုင်ခဲ့ကြတာဖြစ်ပြီး ယနေ့မှာတော့ နိုင်ငံတော်က ပိုင်ဆိုင် တာမျိုးတွေရှိသလို တချို့လည်း နိုင်ငံတော်က ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ပြီးတော့ စီမံခန့်ခွဲမှု ထိမ်းသိမ်းမှုတချို့ကို ပြုလုပ်ပေးပါတယ်၊ အဲဒီလိုမျိုး အဆောက်အဦးတွေ ပစ္စည်းတွေကို ပြတိုက်များ အဖြစ်သို့ အသွင်ပြောင်းလဲထားပြီး ဝင်ကြေး ၁၀ ယူရိုဝန်းကျင်ခန့် ပေးဝင်ရသော်လည်း ကမ္ဘာလှည့် ခရီးသည်တွေ တန်းစီတိုးနေတာကို အမြဲလိုလို မြင်ကြ တွေ့ကြရမှာ ဖြစ်ပါတယ်၊



 
ပါရီရယ် စဲန်းမြစ်ရယ် ကမ္ဘာလှည့်ရယ်                (ဓါတ်ပုံ မရငတ)
တခါက ဖတ်ဖူးလိုက်တဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က ကွန်မန့်တခုမှာ ပါရီမြို့ကို လာလည်ခဲ့ဖူးတဲ့ လန်ဒန်သူ နှစ်ဦးရဲ့ အပြန်အလှန် မှတ်ချက်မှာ ရေးထားတာကတော့ လန်ဒန်မြို့ကြီး ဘယ်လောက် ကြီးကျယ် ကြီးကျယ် ပါရီမြို့နဲ့ ယှဉ်လိုက်ရင်တော့ လက်သုတ်ပုဝါနဲ့ လက်နှီးစုတ်လို ကွာခြားလှပါပေတယ်တဲ့ ခင်ဗျား၊ လန်ဒန်သူများရဲ့ မှတ်ချက်ပါ၊ မောင်ရင်ငတေ့ ကိုယ်ပိုင်မှတ်ချက် မဟုတ်ကြောင်းပါခင်ဗျား၊



မောင်ရင်ငတေနေတဲ့ ပါရီမြို့စွန်ကရပ်ကွက်   (ဓါတ်ပုံ မရငတ)  
အခုလက်ရှိ မောင်ရင်ငတေ နေထိုင်နေတဲ့ ပါရီမြို့စွန် ဆင်ခြေဖုံးရပ်ကွက်တခုက နှစ်ထပ်နှစ်ခန်းတွဲ တိုက်ကလေးတောင်မှ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပေမယ့် ဆက်လက်ရပ်တည် နေဆဲပါ၊ ချဲ့ထွင်လာတဲ့ မြို့ပြ နယ်နမိတ်အရတော့ သူ့ရဲ့နဘေးမှာ အထပ်မြင့်တိုက်တွေ ဝန်းရံလို့တော့ နေပါပြီ၊ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တွေ မလွှမ်းမိုးတဲ့ နေရာဖြစ်လို့ ဆက်လက်ပြီး ရပ်တည်ချင်သပ ဆိုရင်ဖြင့် ရပ်တည်ခွင့်က ဆက်လက်ပြီးတော့ တည်ရှိနေမှာပါ၊ ငွေကြေးဝါးလား ကြီးတွေကတော့ မရှိဘူးလား မဟုတ်ပါ ရှိတာပါဘဲ၊ ဒါပေမဲ့လည်း ဥပဒေရဲ့ အထက်မှာတော့ ဘယ်လို အလွယ်တကူ ရပ်တည်လို့ ရနိုင်ပါ့မလဲဗျာ၊ ဒီနေရာတွေကိုလည်း လုပ်ငန်းရှင်ကြီးတွေက ရယူလိုချင်ပေမယ့် အိမ်အခန်း ပိုင်ရှင် တဦးတလေက သဘောမတူရင်ဖြင့် ဘယ်လိုမှ မသိမ်းပိုက်နိုင်ကြောင်းပါ ခင်ဗျာ၊ အဲဒီလိုမျိုး အခန်း လေးတွေတောင်မှ မောင်ရင်ငတေတို့ ငှားလို့ရဖို့မလွယ်ကူပါဘူး၊ စတုရန်းမီတာ ၂၀ ကျော်ဝန်းကျင် လောက် ကျယ်တဲ့ အခန်းလေးတွေကို တလငှားခ ယူရို ၅၀၀ အနည်းဆုံး ပေးရပါတယ်၊ ဒါတောင်မှ အခွန်တွေ အခတွေ မပါသေးဘူးနော်၊ စာရွက်စာတမ်း တထပ်ကြီး ပြည့်စုံရင်တောင်မှ အိမ်ငှားတဲ့ ဧဂျင်စီတွေက မယုံကြည်လို့ လွယ်လွယ်ကူကူ မငှားရမ်းပါဘူး၊ သတ်မှတ်ထားတဲ့ ဥပဒေမှာလည်း အိမ်ငှားတဦးရဲ့ တလဝင်ငွေဟာ အိမ်ငှားခရဲ့ သုံးဆရှိရမှာ ဖြစ်ပါတယ်၊ ဒါပေမဲ့ တကယ်တမ်းမှာက အခြေခံ လူတန်းစား အလုပ်သမား တဦးရဲ့ တရားဝင် သတ်မှတ်ထားတဲ့ လခကတော့ ယူရို ၁၂၀၀ ခန့်သာ ရတာဖြစ်လို့ ယူရို ၅၀၀ တန် အခန်းတခု ငှားရမ်းဖို့ငွေ မလုံလောက်ပါဘူး ခင်ဗျား၊ ဘယ်လို ပညာရှင်တွေ ဘယ်လို တွက်ချက်ပြီး သတ်မှတ်ထားတဲ့ ဥပဒေလည်းလို့ မောင်ရင်ငတေ စဉ်းစားပြီး ချာလပတ်လည် သွားရပါတယ်၊ 

အတိုချုံးရေးထားတဲ့ မောင်ရင်ငတေရဲ့ မြို့အကြောင်းလေးပါ၊


ပါရီမြို့က နာမည်ကျော်လမ်းမကြီး Avenue des Champs-Élysées အမည်နဲ့ ပါရီမြို့ရဲ့လှပပုံလေး တွေကို ဖွဲ့ဆိုထားတဲ့ နယူးယောက်မြို့သား ပြင်သစ်နွယ်ဖွား ဂျူးလူမျိုးဖြစ်သူ ၁၉၇၀ ခုနှစ်များဆီက နာမည် ကျော်ကြားခဲ့တဲ့ အဆိုတော်ကြီး Joe Dassin (၁၉၃၈-၁၉၈၀) ရဲ့သီချင်း အိုရှောင်ဇေလီဇေ Aux Champs-Elysees” ကို မိတ်ဆက်ပေးလိုက်ရင်း မောင်ရင်ငတေရဲ့ မြို့အကြောင်းကို ဒီနေရာ ကနေ တခန်းရပ်နား လိုက်ပါတော့မယ် ခင်ဗျား၊


 အိုး….. ရှောင်ဇေလီဇေ Aux Champs-Elysees


အိုး ... ရှောင်ဇေလီဇေ ….. Aux Champs-Elysées              (ဓါတ်ပုံ မရငတ)
Je m'baladais sur l'avenue le cœur ouvert à l'inconnu
 J'avais envie de dire bonjour à n'importe qui
 N'importe qui et ce fut toi, je t'ai dit n'importe quoi
 Il suffisait de te parler, pour t'apprivoiser
Aux Champs-Elysées, aux Champs-Elysées
 Au soleil, sous la pluie, à midi ou à minuit
 Il y a tout ce que vous voulez aux Champs-Elysées
 Tu m'as dit "J'ai rendez-vous dans un sous-sol avec des fous
 Qui vivent la guitare à la main, du soir au matin"
 Alors je t'ai accompagnée, on a chanté, on a dansé
 Et l'on n'a même pas pensé à s'embrasser
 Hier soir deux inconnus et ce matin sur l'avenue
 Deux amoureux tout étourdi par la longue nuit
 Et de l'Étoile à la Concorde, un orchestre à mille cordes
 Tous les oiseaux du point du jour chantent l'amour.


အိုး ရှောင်ဇေလီဇေ ….. Aux Champs-Elysées           (ဓါတ်ပုံ မရငတ)
The Champs-Elysées
I trotted on the avenue the heart open to the unknown
I wanted to say hello to anyone
 Anyone and that was you, I told you anything
It was enough to tell you to make you mine
The Champs-Elysées, the Champs-Elysées
The sun, in the rain, at midday or midnight
There is everything you want at Champs-Elysées
You told me "I have an appointment in a basement with crazy
Living guitar in hand, from dusk to dawn "
Then I accompanied you, we sang, we danced
And we did not even think of kissing
Yesterday evening two unknowns and this morning on the avenue
 Two lovers dazed by the long night
And the Star of Concord, form an orchestra with thousand cords
All the birds at day sing of love.


ကမ္ဘာလှည့်များနဲ့ အမြဲစည်နေတဲ့ Palais Royal-Musée du Louvre                 (ဓါတ်ပုံ မရငတ)


ပါရီအမြင့်ဆုံးတောင်ကုန်းပေါ်ကဘုရားကျောင်း La Basilique du Sacré Cœur de Montmartre   (ဓါတ်ပုံ မရငတ)

မိုးမခ အွန်လိုင်း http://moemaka.com/archives/28061 အောက်တိုဘာ ၁၂၊ ၂၀၁၂  နေ့မှာ ဖော်ပြခဲ့တဲ့ မောင်ရင်ငတေရဲ့ ပထမဆုံးသော ရောက်တတ်ရာရာ အတိုအစများမှ မောင်ရင်ငတေနေတဲ့ မြို့အကြောင်းကို အနည်းငယ် ပြန်လည် ဖြည့်စွက် ပြင်ဆင် ရေးသားပြီး ပုံအသစ်တွေနဲ့အတူ http://newsightsmm.com/2014/06/02/%e1%80%b1%e1%80 
ရှုခင်းသစ် စာမျက်နှာအသစ် အတွက် ပေးပို့လိုက်တဲ့ စာစုပါ၊ 

ကျေးဇူးတင်ပါတယ်၊  မောင်ရင်ငတေ ၁၄၀၄၂၀၁၄ တန်ခူးလပြည့်နေ့ ၁၃၇၆

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...