lundi 23 février 2015

** ငါဘာကောင်လဲ ငါမသိပါ ** *

အတွေးစတစ
ငါဘာကောင်လဲ ငါမသိပါ




မနေ့က အင်တာနက်သတင်း စာမျက်နှာတခုမှာ ရွှေပြည်တော်ကြီးရဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း 
အကြောင်း ဖတ်ရှုလိုက်ရပါတယ်၊ လောလောလတ်လတ် သိပ် မကြာသေးခင်က ကောက်ယူခဲ့တဲ့ 
အဲဒီ သန်းခေါင်စာရင်းမှာ မူလက ခန့်မှန်းပြောဆိုနေကြတဲ့ လူဦးရေ စုစုပေါင်း သန်း ၆၀ ခန့် ဆိုတာ 
ထက် ကိုးသန်းခန့် ကွာဟပြီး ၅၁.၄၂ သန်းသာ ကောက်ယူရရှိခဲ့ပါတယ်တဲ့၊ 

အခု ကောက်ယူရရှိခဲ့တာက ပဏာမလို့ ပြောဆိုသော်လည်း အတည်စာရင်း ထွက်လာခဲ့ရင်လည်း 
သိပ်ပိုလာနိုင်ဘွယ်ရာ မရှိပါဘူး၊ အဲဒီ ပျောက်ဆုံးသွားတဲ့ ကိုးသန်းထဲက တယောက်ကတော့
မောင်ရင်ငတေ ဖြစ်မှာပါ၊



အဲဒီမှာ တခြားသော ရွှေဗမာလူမျိုးတွေ ဘယ်လို ခံစားကြသလဲ ဆိုတာတော့ မသိပါဘူး၊  
မောင်ရင်ငတေကတော့ တယောက်တည်း စဉ်းစားခန်း ဝင်မိပါတယ်၊ စဉ်းစားရုံ စဉ်းစားတာပါ၊

စဉ်းစားမနေနဲ့ ထလုပ်ပါလားလို့တော့ လာမပြောကြပါနဲ့၊ မလုပ်တတ်ပါဘူး၊ စဉ်းသာစားတတ်တာပါ၊

လူမျိုးတို့ ဘာသာတို့ နိုင်ငံသားတို့ အကြောင်းတွေကို မောင်ရင်ငတေရဲ့ တယောက်တည်း အနေနဲ့ 
ဘာမှသိပ်မပြောချင်ပါဘူး၊ လူတယောက် နေရာတနေရာ ဒေသတခုမှာ မိဘနှစ်ပါးကနေ မွေးဖွား 
လာတယ်၊ နောက်တော့ အဲဒီလူဟာ သူ့အသက်ရှင်သန်ရေးအတွက် ရေကြည်ရာ မြက်နုရာသွားပြီး 
ရှာဖွေနေထိုင်စားသောက်တယ်၊ သူ့ရဲ့ဘဝသက်တမ်း ကုန်ဆုံးတဲ့အခါမှာ သူရောက်နေရာ နေရာမှာ 
ခေါင်းချသေဆုံးတယ်ပေါ့၊ ဒါပါဘဲ၊ ရှင်းရှင်းလေးပါ၊ ရှုတ်နေတာက အဲဒီ လူသားတွေ ကိုယ်တိုင်ပါ၊

မိသားစုတစုမှာ တယောက်က မန္တလေးမှာနေတယ်၊ တယောက်က ရန်ကုန်မှာနေ၊ တယောက်က 
ပြင်သစ်မှာ တယောက်က အမေရိကမှာ နေကြတယ်၊ ဘာဖြစ်သေးသလဲ၊ ဥရောပနေနေ အာဖရိက
ရောက်နေနေ ဘာဖြစ်လဲ ရေကြည်ရာမြက်နု လိုက်ရှာစားကြတာလေ၊

မြေကြီးပေါ်မှ တကယ်မရှိတဲ့ နိုင်ငံတခုချင်းစီ တခုချင်းစီရဲ့ နယ်နမိတ်ဆိုတာတွေကို မြေပုံတွေပေါ် 
ရေးကြဆွဲကြ ပြင်ကြဖျက်ကြ အပိုအလုပ်တွေ ရှုတ်နေကြသလိုပါ၊ အဲဒီ အပိုဆာဒါး အလုပ်တွေနဲ့ 
ဒုတ်တပြက် ဓါးတပြက်တွေ ဖြစ်ခဲ့ကြ မခေါ်နိုင် မပြောနိုင်တွေ ဖြစ်ခဲ့ကြတာ ဟိုးကမ္ဘာအသင်္ချေကပါ၊

အဲသလို လိုအပ်ချက်ကြောင့် ပေါ်လာရတယ်ဆိုတာတွေ နယ်နမိတ်တို့ စည်းကမ်းတို့ စည်းမျဉ်းတို့ 
ဥပဒေတို့ဟာ တကယ်တမ်းမှာကော သာမန် လူသားတွေ အတွက် လိုအပ်ပါသလား၊ အကျိုးကော 
တကယ်ရှိတာလား၊ မောင်ရင်ငတေ စဉ်းစားမိရတာကတော့ အကျိုးမထူးတာတွေက ပိုများနေလား 
လို့ပါ၊ အလုပ်ပိုတွေ လုပ်နေကြသလားလို့ပါ၊

အဲလိုမျိုး စဉ်းစားခန်း ဝင်ရတယ် ဆိုတာကလည်း မောင်ရင်ငတေ ကိုယ်တိုင်က ကိုယ်မွေးဖွားခဲ့ရာ 
မြေကြီးကနေ ခပ်ဝေးဝေး တနေရာကို လွင့်နေရတယ် မဟုတ်ပါလား၊ အဲဒီလို လွင့်ခဲ့ရတာကလည်း 
တရက် တလမဟုတ် တနှစ်မဟုတ် ဆယ်နှစ်မက ကြာခဲ့ပါပြီ၊ 

ရောက်ရာအရပ်မှာ တည်ဆဲဥပဒေတွေကိုတော့ ကြောက်တတ်တဲ့ မောင်ရင်ငတေတယောက် အမြဲ 
လိုက်နာခဲ့ပါတယ်၊ သူတို့ရဲ့ သတ်မှတ် ထားပါတယ် ဆိုတဲ့ ဥပဒေတွေအရ ဘောင်ထဲမှာသာ ဒီမှာ 
နေဆိုနေ ဒီမှာ ထိုင်ဆိုထိုင် ပေးတာယူ ကျွေးတာစား ရောင့်ရဲခြင်းများစွာနဲ့ နေလာခဲ့တာပါ၊ 

ဒီထက်ပိုပြီးလည်း ရုံးပြင်ကနားတွေ သွားရမှာ အလွန်ကြောက်တဲ့ မောင်ရင်ငတေတယောက်တော့ 
ဘာအပို စာရွက်စာတမ်း ကိစ္စတွေကိုမှ ဆက်မလုပ်ဖြစ်ခဲ့ပါဘူး၊ အဲလို တနှစ်ပြီးလို့ တနှစ်သာကြာ
သွားခဲ့တယ်၊ နောက်ဆုံးမှ ပြန်ကြည့်လိုက်တော့ ကိုယ်တယောက်တည်း တောမရောက် တောင်
မရောက်နဲ့ ကျန်နေသလိုပါ၊

အလုပ်ကိစ္စရှိလို့ မေးခွန်းတွေမေး ဖောင်တွေ ပုံစံတွေ ဖြည့်ခိုင်းရင် လူမျိုး နေရှင်နယ်လတီ အကွက်
တွေမှာ ဘာဖြည့်လို့ ဖြည့်ရမယ် မသိတော့တဲ့ အူကြောင်ကြောင် ဘဝပါဗျာ၊ 

တော်ပါသေးတာ တခုကတော့  ဒီမှာက ဖောင်ဖြည့်ရင် ဘယ်ဘာသာလဲ ဆိုတဲ့အကွက် မပါလို့လေ၊ 
ပါများသာ ပါခဲ့ရင် မောင်ရင်ငတေ ဘာဖြည့်ရမှန်း မသိ ဖြစ်ရအုံးမယ်၊ ဘာသာစုံကို ချစ်တာကိုး၊ 

အဲလိုဖြစ်အောင် ဘာဖြစ်လို့ နေသလဲလို့ မေးခွန်းတွေ မေးခံရတော့ နေချင်လို့သာ နေပါတယ်ဆိုတဲ့ 
အဖြေကိုသာ မောင်ရင်ငတေ ပေးနိုင်ပါတယ်၊

ဤနိုင်ငံကို ချစ်ပါသည်၊ ဤဒေသကို ချစ်ပါသည်၊ အသက်နဲ့လဲ ကာကွယ် စောင့်ရှောက်ပါမည် လို့ 
မောင်ရင်ငတေ မပြောနိုင်ဘူးလေ၊ မောင်ရင်ငတေက နေရာတိုင်းကို ဒေသတိုင်းကို ချစ်တာလေ၊

တောရောက်ရောက် တောင်ရောက်ရောက် ဆီးနှင်းတွေဖုံးဖုံး ဖုန်ထူထူ နေပူပူ ခြင်ကိုက်ကိုက် မြစ် 
ပင်လယ် တောင်ကုန်း အကုန် ချစ်တာလေ၊ အဲလိုနဲ့ ဒီလိုဘဲ နေလာခဲ့တာ ကြာပါပြီ၊

ဒီလိုကြာခဲ့ပြီ ဆိုပေမယ့်လည်း မေ့လို့ မရနိုင်တာကတော့ ကိုယ်စားနေကျ အစာနဲ့ ကိုယ်ပြောနေကျ 
စကားပါ၊ အဝတ်အစား ဆိုတာမျိုးကတော့ ပြောင်းဝတ်လိုက်လို့ လွယ်လှပါတယ်၊ ချမ်းရင် စောင်ခြုံ 
အိုက်ရင် ရေချိုး (ရေချိုး ဆိုမှတော့ ဘာမှ ဝတ်စရာ မလိုတာလေ) လွယ်လွယ်လေးပါ၊ 

ဘောင်းဘီ ဝတ်မလား ခေါင်းပေါင်း ပေါင်းမလား၊ တာယာဖိနပ် စီးမလား တောစီးဖိနပ် စီးမလား၊ 
ခုဝတ် ခုချွတ် လွယ်လွယ်ကလေးပါ နော်၊

စားရတဲ့ အစာကတော့ သူတို့တတွေ စားတဲ့ ပေါင်မုန့်တို့ ဒိန်ခဲတို့ကတော့ ဘယ်လောက်စားစား 
ဗိုက်ထဲမှာ တခုခု လိုနေသလိုမျိုးပါ၊ ဒီတော့ ကိုယ်စားနေကျ အစာ ငါးပိတို့ ငံပြာရည်တို့နဲ့သာ စားချင်
တာတွေကို ကြံဖန်လုပ်စား ဖြစ်ပါတယ်၊

စကားပြောတော့ကော ကိုယ် ပြောနေကျ စကားသာ ပြောရ ရေးရတာ အားရပါးရ ရှိပါတယ်၊ 
ဘာသာခြား စကားတွေကလည်း သင်တိုင်းတတ်တာမှ မဟုတ်တာ၊ မကြိုးစားတာလည်း ပါပါတယ်၊ 
ဒီတော့ ကိုယ်တတ်တဲ့ စကားနဲ့ ကိုယ်ပြောချင်ရာကို ပယ်ပယ်နယ်နယ် အခုထိပြောတုန်း သေအထိ 
တိုင်အောင်သာ ပြောရတော့မှာပါ၊

အဲတော့ ဒီစကားသာ ပြောတတ် ဒီအစားသာ စားတတ်တဲ့ 
မောင်ရင်ငတေကို 

ဝှတ်အစ်ယူအာ နေရှင်နယ်လတီ 
ဝှတ်အစ်ယူအာ နေရှင်နယ်လတီ 
ဝှတ်အစ်ယူအာ နေရှင်နယ်လတီ 

လို့ 

လာမမေးကြရင် ကောင်းမယ်ဗျာ၊ ဖြေစရာ မရှိလို့ပါ၊

မောင်ရင်ငတေ ၃၀၀၈၂၀၁၄           http://gita.cc/archives/39583

Aucun commentaire:

Enregistrer un commentaire

** * တခါကနေ့ရက်များ (၂) * **

နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်များ (၂)                                  မောင်ရင်ငတေ ၁၉၀၇၂၀၁၇ နှစ်ဆယ်ကျော်အလွမ်း တခါကနေ့ရက်...